Common skin infections in children (ကလေး အရေပြားအနာများ)

Common skin infections in children (ကလေး အရေပြားအနာများ)

ကလေးများတွင် အတွေ့ရများသော အရေပြားအနာများသည် ဘက်တီးရီးယားပိုးများကြောင့် အဖြစ်များသည်။ အရေပြားတွင် သေးငယ်သောအနီဖုများ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများဖြစ်ခြင်းမှ သွေးဆိပ်တက်သည်အထိ ဖြစ်နိုင်သောကြောင့် စောစီးစွာသိရှိ၍ ကုသမှုခံယူပါက နောက်ဆက်တွဲ ပြဿနာများ နည်းပါးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Staphylococcus နှင့် Streptococcus ဘက်တီးရီးယားပိုးများကြောင့် အများဆုံးဖြစ်လေ့ရှိသည်။ ကိုယ်ခံအားနည်းနေသောကလေးများ (ဥပမာ _ ဆီးချိုရောဂါရှိသူများ၊ စတီးရွိုက်ဆေး ကြာရှည်စွာသောက်ထားသူများ၊ AIDS ‌ရောဂါရှိသူများ၊ ကိုယ်အင်္ဂါ အစားထိုးကုသထားသူများ)၊ ကင်ဆာရောဂါရှိသော ကလေးများ၊ အာဟာရချို့တဲ့သော ကလေးများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသော ကလေးများတွင် အဖြစ်များသည်။ အနာများမှထွက်သော သားငန်ရည်၊ ပြည်တို့ကို ထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်သည်။ ဝဲယားနာရှိသော က​လေးများတွင် မသန့်ရှင်းသောလက်ဖြင့် ကုတ်ရာမှ ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်နိုင်သည်။

ရောဂါလက္ခဏာများ

အရေပြားတွင် ပိုးဝင်သောပုံစံအမျိုးမျိုး တွေ့ရသည်။

  1. မွှေးကျွတ်နာ (Boils)
    အတွေ့ရအများဆုံး အရေပြားအနာပုံစံဖြစ်ပြီး မွှေးညှင်းပေါက်များ၊ အဆီအိတ်များ ပိုးဝင်ရာမှ ဖြစ်ပေါ်သည်။ ပိုးဝင်သောအရေပြားသည် နီရဲခြင်း၊ ရောင်ရမ်းခြင်းများဖြစ်ပြီး အရေပြားပေါက်ထွက်သွားလျှင် ပြည်များ ထွက်လာသည်။ ချိုင်းအောက်၊ ပေါင်ခြံနှင့် တင်ပါးတို့တွင်အဖြစ်များသည်။

    Common skin infections in children image1
  2. အနာစက် (Impetigo)
    နာသော အနီဖုငယ်လေးများစဖြစ်ပြီး ပြည်ဖုများအဖြစ် ပြောင်းလဲတတ်သည်။ ခန္ဓာကိုယ် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ကူးစက်တတ်သည်။ နှုတ်ခမ်းနှင့် နှာခေါင်းပတ်ဝန်းကျင်တွင် အဖြစ်များသည်။ ခြေ၊ လက်များတွင်လည်း ဖြစ်လေ့ရှိသည်။

    CSIIC IMG2
  3. အရေပြားရောင်ရမ်းခြင်း (Cellulitis)
    အရေပြား အတွင်းပိုင်းအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ပိုးဝင်သော အရေပြားမျက်နှာပြင်သည် နီရဲ၍ ရောင်ရမ်း နာကျင်တတ်သည်။ ထိုနေရာအနီးရှိ ပြန်ရည်ကျိတ်များ ကြီးခြင်း၊ ‌ရောင်ခြင်း၊ နာခြင်းနှင့် အဖျားတက်ခြင်းများ ဖြစ်နိုင်သည်။ ထိခိုက်ထားသော အရေပြားတွင် ပို၍ဖြစ်လွယ်သည်။

    Common skin infections in children image3
  4. မီးလောင်ဒဏ်ရာကဲ့သို့သော အနာများ (Staphylococc‌al Scalded Skin Syndrome)
    Staphylococc‌us ဘက်တီးရီးယားပိုးမှထွက်သော အဆိပ် (toxin) တစ်မျိုးကြောင့် ဖြစ်သည်။ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ပို၍အဖြစ်များပြီး ဖျားခြင်း၊ အဖုအပိမ့်များနှင့် အရည်ကြည်ဖုများထွက်ခြင်း စသည်တို့ တွေ့ရသည်။ အရည်ကြည်ဖု ပေါက်သွားသောအခါ အ‌ရေပြား အပေါ်ဆုံးအလွှာသည် မီးလောင်ဒဏ်ရာကဲ့သို့ နီမြန်းစွတ်စိုနေတတ်သည်။ ထိုအချိန်သည် ခန္ဓာကိုယ်တွင် ရေဓါတ်ဆုံးရှုံးခြင်း၊ အခြားပိုးများဝင်ရောက်နိုင်ခြင်းကြောင့် အန္တရာယ်အရှိဆုံးအချိန်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

သွေးထဲတွင် Staphylococc‌us ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် အချို့ကလေးများတွင် နောက်ဆက်တွဲပြဿနာအနေဖြင့် အဖျားတက်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်းနှင့် သွေးပေါင်ကျခြင်းစသော သွေးလန့်ခြင်း (Shock) လက္ခဏာများ တွေ့ရတတ်သည်။ အဆိုပါဘက်တီးရီးယားပိုးသည် သွေးထဲမှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများ (ဥပမာ_ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အရိုး၊ အဆစ်၊ ကြွက်သားများ)သို့ ရောက်ရှိနိုင်သည်။

အခြားနောက်ဆက်တွဲ ပြဿနာများအနေဖြင့် လေးဘက်နာရောဂါ (Rheumatic Fever) နှင့် လတ်တလော ကျောက်ကပ်ရောင်ရောဂါ (Acute Glomerulonephritis) တို့ ဖြစ်နိုင်ခြေလည်း ရှိသည်။ အများအားဖြင့် Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်ရသည်။ အဆိုပါရောဂါတို့သည် တိုက်ရိုက်ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ ကိုယ်ခံအားစနစ်၏ ပုံမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးအရေပြားအနာများသည် စောစီးစွာ ပြသကုသသင့်သောရောဂါများဖြစ်သည်။ အထူးသဖြင့် အရေပြားရောင်ရမ်းခြင်း (cellulitis)နှင့် မီးလောင်ဒဏ်ရာကဲ့သို့သော အနာများ (staphylococcal scalded skin syndrome) လက္ခဏာများဖြစ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆွေးနွေးတိုင်ပင်ပြသရန် လိုသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါ ရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ ပိုးဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ ပြည်ကို ပိုးမွေးခြင်း၊ သွေးပိုးမွေးခြင်း စသည်တို့လည်း စစ်ဆေးနိုင်သည်။

ကုသခြင်း

အရေပြားအခြေအနေပေါ် မူတည်၍ ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး တို့ဖြင့် ကုသနိုင်သည်။ တစ်ခါတစ်ရံ ပြည်များကို စုပ်ထုတ်၍ သို့မဟုတ် ခွဲစိတ်၍လည်း ကုသနိုင်သည်။ ဖျားနာခြင်း၊ နာကျင်ခြင်း ရှိပါက ပါရာစီတမောတိုက်နိုင်သည်။ အရေပြားအနာများကို ဆေးရွက်များအုပ်ခြင်း၊ မသန့်ရှင်းသောဆေးများ လိမ်းခြင်း မပြုလုပ်ရပါ။

ကာကွယ်ခြင်း

အထက်ပါ အရေပြားရောဂါများကို လျှော့ချရန် လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးရန်၊ အရေပြားအနာများဖြစ်ပါက ပတ်တီးအသန့်ဖြင့် အုပ်ထားရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရန် လိုအပ်သည်။

References:

  1. Staph infections – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/staph-infections/symptoms-causes/syc-20356221#overview
  2. Staph Infection. (2024). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/diseases/21165-staph-infection-staphylococcus-infection

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.