အသားမာများသည် အရေပြားကို ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်း နှင့် ဖိအားဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ် သည်။ ခန္ဓာကိုယ်နေရာအနှံ့တွင် ဖြစ်နိုင်သော်လည်း ခြေထောက်၊ လက်နှင့် ခြေမ စသည့် နေရာများတွင် ပို၍ အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- သက်တောင့်သက်သာမရှိသော ဖိနပ်များ စီးခြင်း
အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်သည်၊ တင်းကြပ်လွန်းသော ဖိနပ်စီးခြင်း နှင့် ဒေါက်မြင့်ဖိနပ် စီးခြင်းတို့သည် ပွတ်တိုက်မှုနှင့် ဖိအားများသောကြောင့် အသားမာဖြစ်စေသည် - အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း၊ ပြေးခြင်း နှင့် လမ်းလျှောက်ခြင်း
- ခြေဗလာနှင့်သွားလာခြင်း
- ခြေအိတ်မပါဘဲဖိနပ်စီးခြင်း
- သင့်လျော်မှုမရှိသောကိုယ်ဟန်အနေအထားဖြင့် လမ်းလျှောက်ခြင်း
- ခြေဖဝါးတည်ဆောက်မှုပုံသဏ္ဌာန်မမှန်ခြင်း
- ကိုယ်ကာယ၊အားကစားလှုပ်ရှားသူများ
ခြေဖဝါး၊ လက်နှင့် လက်ချောင်းများကို ထပ်ခါတလဲလဲ အသုံးပြုရသော လှုပ်ရှားမှုများကြောင့် ပွတ်တိုက်မှုနှင့် ဖိအားများပြီး အသားမာဖြစ်စေသည်။
ရောဂါလက္ခဏာများ
- ထူထပ်ကြမ်းတမ်းသောအရေပြား
- မာသောအဖုအထစ်
- အရေပြားနာကျင်ခြင်း
- အရေကြည်ဖုဖြစ်ခြင်း
- ခြောက်သွေ့သောအရေပြား စသည်ဖြင့် တွေ့ရသည်။
Corns သည် သေးငယ်၍ အဝိုင်းသဏ္ဌာန် ရှိပြီး မြင့်တက်နေသည့် မာကျောသောအရေပြားရှိသဖြင့် ဖိကြည့်ပါက နာကျင်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။
ပိုထူ၍မာကျောသော အရွယ်အစားပိုကြီးသည့် အရေပြားအကွက်အနေဖြင့် တွေ့ရသော အသားမာကို Callus ဟုခေါ် သည်။ ခြေဖနောင့်၊ ခြေဖဝါး၊ လက်ဖဝါး နှင့် ဒူးခေါင်းစသောနေရာများတွင် ပို၍တွေ့ရတတ်ပြီး ပုံမှန်အားဖြင့် နာကျင်မှုမရှိပါ။
နောက်ဆက်တွဲပြဿနာများ
အသားမာများသည် နာကျင်ခြင်း နှင့် ပိုးဝင်ခြင်းများ ဖြစ်ပေါ် ပါက ပဋိဇီဝ ပိုးသတ်ဆေးများဖြင့် ကုသခြင်း၊ အချို့အခြေအနေ များတွင် ခွဲစိတ်ကုသခြင်း များလိုအပ်နိုင်သည်။ ဆီးချိုရောဂါရှိသူများနှင့် သွေးစီးဆင်းမှု အားနည်းသော အခြေအနေများတွင်လည်း အသားမာများ ပို၍ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ် ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်၊ အလုပ်အကိုင်၊ လမ်းလျှောက်၍ဖြစ်စေ၊ မတ်တတ်ရပ်၍ဖြစ်စေ အလုပ်လုပ်ရသော ကြာချိန်များကိုမေးမြန်းခြင်းနှင့် အရေပြားအားစမ်းသပ်စစ်ဆေးခြင်း၊ လမ်းလျှောက်သည့်ပုံစံ နှင့်ခြေဖဝါးပုံစံ တို့ကိုကြည့်ရှုစစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ ယေဘုယျအားဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းများမလိုပါ။
ကုသခြင်း
ကုသမှုသည် ရောဂါလက္ခဏာပေါ် မူတည်သည်။ ၎င်းတို့မှာ
- အသားမာရှိသောနေရာကို ပျော့ပျောင်း လာစေရန် ရေနွေးစိမ်ခြင်း (၅-၁၀ မိနစ်ခန့်)
- သန့်ရှင်းသောတံစဥ်းကို အဆင်သင့် ထားရှိပြီး ပျော့ပျောင်းနေသော အသားမာကို ညှင်သာစွာ တိုက်ပေးခြင်း (အရေပြားပေါ် ရှိ ဆဲလ်သေများ ကုန်သည်အထိတိုက်ပေးရန်၊ သွေးထွက်နိုင်သည်ကို သတိထားရန်)
- အသားမာရှိသော နေရာကို ပျော့ပျောင်းစေရန် အစိုဓာတ်ပါသော ခရင်မ် (သို့မဟုတ်) ယူရီးယား၊ အမိုးနီယမ်လက်တိပ်ပါသော ခရင်မ်များလိမ်းခြင်း
- အသားမာကပ်ခွာများကို အသုံးပြုခြင်း
- သင့်လျော်သောအရွယ်အစား၊ ပုံသဏ္ဌာန်ရှိသည့် ဖိနပ်ကို ဝတ်ဆင်ခြင်း
- ခြေသည်းများကိုစနစ်တကျ ညှပ်ပေးခြင်း
- အသားမာသည် နာကျင်ရောင်ရမ်းခြင်း ဖြစ်ပေါ်ပါက ရေခဲကပ်ခြင်း [(၁၀-၂၀) မိနစ်ထပ် မပိုရ]
- ဆီးချိုရောဂါရှိပါက အသားမာများကို ဆရာဝန်နှင့် ပြသခြင်း
- အသားမာများကို ချွန်ထက်သောကိရိယာများဖြင့် ဖယ်ရှားမှုကို ရှောင်ကြဥ်ခြင်း
- အထက်ပါနည်းလမ်းများဖြင့် ပျောက်ကင်းမှု၊ သက်သာမှုမရှိခြင်း၊ ခြေဖဝါးနှင့် ခြေချောင်းများ တည်ဆောက်ပုံမမှန်ခြင်း၊ အသားမာ နာကျင်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းနှင့် လမ်းလျှောက်ရန်ခက်ခဲခြင်း တို့ကြောင့် ခွဲစိတ်ကုသရခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
- မိမိနှင့်သင့်လျော်သောအရွယ်အစား၊ ပုံသဏ္ဌာန်ရှိသည့် ဖိနပ်ကို ဝတ်ဆင်ခြင်း
- ဖိနပ်စီးပါက ခြေအိတ်အသုံးပြုခြင်း
- ဖိနပ်စီးရာတွင် ဖိနပ်အတွင်းခံဖော့ကို ခံ၍စီးခြင်း ( padded insole)
- လက်အိတ်ဝတ်ဆင်၍ အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်း
- ခြေထောက်များကို နေ့စဥ် သန့်ရှင်းရန် ဂရုစိုက်ခြင်း
- ဆရာဝန် ညွှန်ကြားသည့် ဆေးများကိုသာ အသုံးပြုခြင်း စသည့် အချက်များဖြင့် ကာကွယ်နိုင်သည်။
References:
- Corns and calluses – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 21, 2024, from https://www.mayoclinic.org/diseases-conditions/corns-and-calluses/symptoms-causes/syc-20355946
- Corns and Calluses. (2024). Cleveland Clinic. Retrieved June 21, 2024, from https://my.clevelandclinic.org/health/diseases/16896-corns-and-calluses
- Website, N. (2023). Corns and calluses. nhs.uk. Retrieved June 21, 2024, from https://www.nhs.uk/conditions/corns-and-calluses/
- DermNet. (2023). Corn and callus. DermNet®. Retrieved June 21, 2024, from https://dermnetnz.org/topics/corn-callus
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.