ပီလောပီနံသည် ဆန်၊ ဂျုံ၊ ပြောင်းများနည်းတူ ကစီဓာတ်နှင့်အာဟာရဓာတ်ပေးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ပီလောပီနံကို ဆန်အစားထိုးသီးနှံအဖြစ်လည်းကောင်း၊ အမြစ်ဥတခုလုံးကို ချက်ပြုတ်ကြော်ချက်၍ ဟင်းအဖြစ်လည်းကောင်း၊ အခြောက်လှမ်း၊ အမှုန့်ကြိတ်ကာ မုန့်အဖြစ် လည်းကောင်း၊ ဟင်းချို၊ ဖျော်ရည်စသော သရေစာအဖြစ်လည်းကောင်း စားသုံးသည်။ သို့သော် ပီလောပီနံတွင် ဆိုင်ရာနိုက်ဓာတ်ပေါင်းများ (cyanide) ပါဝင်နေခြင်းကြောင့် ကောင်းစွာပြင်ဆင်ခြင်းမရှိဘဲ စားသုံးမိပါက အဆိပ်သင့်ခြင်းဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပီလောပီနံတွင် ပါဝင်သော ဆိုင်ရာနိုက်ဓာတ်ပေါင်းများ (cyanide)သည် အဆိပ်သင့်ခြင်း၏ အခြေခံဖြစ်သည်။ အကြမ်းအားဖြင့် ပီလောပီနံကို ချိုသောအမျိုးအစားနှင့် ခါးသောအမျိုးအစားဟူ၍ ခွဲခြားနိုင်သည်။ ပိုခါးလေ၊ ဆိုင်ရာနိုက်အဆိပ်ဓာတ်ပိုများလေဟု ယေဘုယျသတ်မှတ်နိုင်သည်။ ဆိုင်ရာနိုက်ဓာတ်ပေါင်းပမာဏပေါ် မူတည်၍ အဆိပ်ပြင်းထန်မှု ကွာခြားနိုင်သည်။ ဆိုင်ရာနိုက်ဓာတ်ပေါင်းအပြင် ပီလောပီနံဥတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ သတ္တုဓာတ်များ (ဥပမာ_ပြဒါး) စသော ဘေးပတ်ဝန်းကျင်မှ ဓာတ်ပစ္စည်းများကိုလည်း စုပ်ယူထားနိုင်သောကြောင့် အဆိပ်သင့်ခြင်းကို ပိုမိုဆိုးဝါးနိုင်သည်။
ရောဂါလက္ခဏာများ
ကောင်းစွာသန့်စင်ပြင်ဆင်ထားခြင်းမရှိသော ပီလောပီနံနှင့် ပြုလုပ်သည့် အစားအစာများ စားသုံးမိပါက နာရီအနည်းငယ်အတွင်း
- ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း
- မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
- သွေးပေါင်ကျခြင်း
- အသက်ရှူမမှန်ခြင်း၊ ပြာခြင်း
- ပြင်းထန်လျှင် အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။
ပမာဏအနည်းငယ်ကို ရေရှည်စားသုံးမိလျှင်လည်း လတ်တလော ပြင်းထန်သည့် လက္ခဏာများမပြဘဲ နောက်ပိုင်းတွင် အာရုံကြောရောဂါနှင့် ဟော်မုန်းရောဂါများ ဖြစ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ကုသခြင်း
ပီလောပီနံ (ဆိုင်ရာနိုက်)အဆိပ်သင့်ခြင်းတွင် အချိန်မှီကုသခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ဆေးရုံတွင် ရောဂါလက္ခဏာပေါ် မူတည်၍ လိုအပ်သောကုသမှုများခံယူရမည်။ အဆိပ်သင့်ခြင်း ပြင်းထန်လျှင် ဆိုင်ရာနိုက်အဆိပ်ဖြေဆေးထိုးခြင်း၊ အသက်ရှူစက်တင်ခြင်းများ လိုအပ်နိုင်သည်။ ထိရောက်သော ကုသမှုကို အချိန်မှီရရှိပါက နောက်ဆက်တွဲပြဿနာများနည်းပါးသည်။
ကာကွယ်ခြင်း
ဆိုင်ရာနိုက်ဓာတ်သည် အလွန်အငွေ့ပျံလွယ်သည်။ ရေအေး (သို့မဟုတ်) ရေနွေးတွင် ကောင်းစွာပျော်ဝင်သည်။ အချိုဓာတ်နှင့် ပေါင်းမိလျှင် အဆိပ်အာနိသင်ပြယ်သည်။ ကောင်းစွာအခြောက်ခံ၊ အမှုန့်ကြိတ်၍ သုံးစွဲလျှင် အဆိပ်ဓာတ်ကို ဘေးဥပဒ်မဖြစ်နိုင်သော ပမာဏအထိ လျှော့ချနိုင်သည်။
ပီလောပီနံကို ချက်ပြုတ်စားသောက်ရာတွင်
- မချက်ပြုတ်ဘဲ အစိမ်းမစားရန်
- အခွံသေချာခွာရန်
- အတုံးအသေးများတုံးရန်
- အချိန်ကြာကြာရေစိမ်ရန်၊ ရေလဲပေးရန်
- ကောင်းမွန်သေချာစွာ ပြုတ်ရန်၊ ချက်ရန်
- ချက်ပြုတ်ရာတွင် အဖုံးဖွင့်ထားရန်
- ပြုတ်ထားသောရေကို ပြန်မသုံးဘဲ စွန့်ပစ်ရန် စသည်တို့ကို ပြုလုပ်နိုင်သည်။
ပီလောပီနံအမှုန့်ကို သုံးစွဲလျှင် စိတ်ချရသော အမျိုးအစားကို ရွေးချယ်ရန်၊ ထုတ်လုပ်သူ၏အညွှန်းကို တိကျစွာ လိုက်နာရန်လည်း လိုအပ်သည်။ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းသည် အာဟာရချို့တဲ့လျှင် (အထူးသဖြင့် အသား ဓာတ်ချို့တဲ့သူများတွင်) ပိုမိုပြင်းထန်နိုင်သောကြောင့် အာဟာရစုံလင်အောင်စားသုံးရန်လိုအပ်သည်။
References:
- Alitubeera, P. H., Eyu, P., Kwesiga, B., Ario, A. R., & Zhu, B. (2019). Outbreak of Cyanide Poisoning Caused by Consumption of Cassava Flour — Kasese District, Uganda, September 2017. MMWR Morbidity and Mortality Weekly Report, 68(13), 308–311. Retrieved June 9, 2024, from https://doi.org/10.15585/mmwr.mm6813a3
- Cyanide Poisoning and Cassava. (2018). Retrieved June 9, 2024, from https://www.cfs.gov.hk/english/multimedia/multimedia_pub/multimedia_pub_fsf_19_01.html
- Booth, S. (2023). What Is Tapioca? Benefits, Uses, and Recipes. WebMD. Retrieved June 9, 2024, from https://www.webmd.com/diet/tapioca-health-benefits-nutrition-uses
- Vinmec.com. Symptoms of cassava intoxication, cassava poisoning. Vinmec International Hospital. Retrieved June 9, 2024, from https://www.vinmec.com/eng/article/symptoms-of-cassava-intoxication-cassava-poisoning-en
- Graham, J., & Traylor, J. (2023). Cyanide Toxicity. StatPearls – NCBI Bookshelf. Retrieved June 9, 2024, from https://www.ncbi.nlm.nih.gov/books/NBK507796/
- Maciel, A. C., Da Silva Pena, R., Nascimento, L. D. D., De Oliveira, T. A., Chagas-Junior, G. C. A., & Lopes, A. S. (2023). Health exposure risks and bioremediation of cyanide in cassava processing effluents: An overview. Journal of Water Process Engineering, 55, 104079. Retrieved June 9, 2024, from https://doi.org/10.1016/j.jwpe.2023.104079
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.