ဝမ်းဗိုက်ကြွက်သား အားနည်းသည့်နေရာ (အထူးသဖြင့် ပေါင်ခြံ)မှ ဝမ်းဗိုက်အတွင်းရှိ အင်္ဂါတစ်ရှူးများ (အထူးသဖြင့် – ဝမ်းခေါင်း အမြှေးပါး၊ အူအစိတ်အပိုင်းများ) တိုးထွက်လာခြင်းကို အူကျွံခြင်းဟုခေါ် သည်။ ချောင်းဆိုးသောအခါ သို့မဟုတ် လေးပင်သောပစ္စည်းများ မသောအခါ ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားများလာသောကြောင့် ပိုမိုကျွံထွက်လာတတ်သည်။ အများအားဖြင့် အူကျွံလျှင် နာကျင်ခြင်းမရှိပေ။ အူကျွံခြင်းသည် အန္တရာယ်မဖြစ်တတ်သော်လည်း ခွဲစိတ်ကုသမှုခံယူမှသာ ပျောက်ကင်းနိုင်သည်။ ကျွံထွက်လာသောအူများ ဝမ်းဗိုက်ခေါင်းအတွင်း ပြန်မဝင်ဘဲ ကုသမှုနောက်ကျပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အမျိုးသားများတွင် အမျိုးသမီးများထက် ပေါင်ခြံ၌ အူကျွံခြင်း (၈)ဆပိုများသည်။
အူကျွံခြင်းသည် အများအားဖြင့် မွေးရာပါ ဝမ်းဗိုက်နံရံ ကြွက်သားအားနည်းခြင်း၊ ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် ဖြစ်တတ်သည်။ လူကြီးအရွယ်တွင် ဝမ်းဗိုက်ခွဲစိတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဝမ်းဗိုက်ကြွက်သားများ အားနည်းနိုင်သည်။ ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားတက်စေသည့် အခြေအနေများကြောင့် အတွင်းရှိ အူအစိတ်အပိုင်းများနှင့် ဝမ်းတွင်းမြှေးတို့သည် ပေါင်ခြံနှင့်ဝမ်းဗိုက်ဆက်ပြွန် (Inguinal Canal)မှတစ်ဆင့် ကပ်ပယ်အိတ်အတွင်းသို့ ထွက်လာခြင်းဖြစ်သည်။
အောက်ဖော်ပြပါအချက်များကြောင့် အူကျွံခြင်း အဖြစ်များသည်။
- အသက်ကြီးလာခြင်း
- မိသားစုထဲတွင် အူကျွံသည့်သူ ရှိခြင်း
- ဝမ်းဗိုက်ခေါင်းအတွင်း ဖိအားများလာခြင်း
- ဝမ်းဗိုက်နံရံတွင် ကြွက်သားအားနည်းသည့် နေရာများ ရှိခြင်း
- နာတာရှည်ဝမ်းချုပ်ခြင်း
- ဝမ်းသွားသည့်အခါ၊ ဆီးသွားသည့်အခါ အမြဲညှစ်ရခြင်း
- ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- နာတာရှည် ချောင်းဆိုး၊ နှာချေခြင်း
- ယခင် အူကျွံဖူးသူများ၊ ခွဲစိတ်ဖူးသူများ
ရောဂါလက္ခဏာများ
- ဆီးခုံရိုး ဘယ်ဘက် (သို့မဟုတ်) ညာဘက်တွင် ဖောင်းလာခြင်း (အထူးသဖြင့် ချောင်းဆိုးသည့်အခါ၊ ဝမ်းညှစ် ဆီးညှစ်သည့်အခါ)
- ဖောင်းသည့်နေရာတွင် တစ်ဆို့ဆို့ဖြစ်ခြင်း၊ အောင့်ခြင်း၊ ပူသလို ခံစားရခြင်း
- ခါးကုန်းလိုက်သည့်အခါ၊ ချောင်းဆိုးသည့်အခါ၊ အလေးအပင်မသည့်အခါများတွင် ပေါင်ခြံမှ နာခြင်း၊ အောင့်ခြင်း
- ပေါင်ခြံအတွင်းဘက်တွင် လေးပင်သောအရာတစ်ခု ဆွဲထားသလို ခံစားရခြင်း
- ကပ်ပယ်အိတ်ထဲသို့ အူကျွံသည့်အပိုင်းဝင်ပါက ဝှေးစေ့အပေါ်ပိုင်းတွင် နာကျင်ခြင်း၊ အလုံးစမ်းမိခြင်း စသည်တို့သည် အူကျွံသည့် လက္ခဏာများဖြစ်သည်။
ကလေးငယ်များတွင် အူကျွံခြင်း
မွေးခါစကလေးများ၊ ကလေးကြီးများတွင် မွေးရာပါ ဝမ်းဗိုက်နံရံကြွက်သား အားနည်းမှုများ ရှိတတ်သဖြင့် အူကျွံနိုင်သည်။ လမစေ့မွေးသောကလေး၊ မွေးစ ကိုယ်အလေးချိန်နည်းသော ကလေးများတွင် အဖြစ်များသည်။ ကလေး ငိုသည့်အခါ၊ ရှူးပေါက်သည့်အခါ၊ ချောင်းဆိုးသည့်အခါ၊ ဝမ်းညှစ်သည့်အခါတွင်မှ အူကျွံသည်ကို မြင်တွေ့လေ့ရှိသည်။ အချို့ကလေးများတွင် အူကျွံ လက္ခဏာများမှာ မသိသာတတ်ဘဲ အများအားဖြင့် ကလေးမှာ အီနေတတ်ပြီး အစာအဝင်နည်းသွားတတ်သည်။
နောက်ဆက်တွဲပြဿနာများ
- အူကျွံသည့် အနီးတစ်ဝိုက်ရှိ ကိုယ်တွင်းအင်္ဂါ တစ်ရှူးများကို ဖိခြင်း (ဥပမာ – ဝှေးစေ့ကို ဖိခြင်းကြောင့် ဝှေးစေ့အောင့်ခြင်း)
- အူကျွံရာမှ ပြန်မဝင်တော့ခြင်း (ကျွံထွက်လာသော တစ်ရှူးများ ပြန်မဝင်ပါက ပြင်းထန်စွာ နာကျင်ခြင်း၊ အူဖြစ်နေပါက အူပိတ်ခြင်း တို့ ဖြစ်နိုင်သည်။)
- အူပြန်မဝင်ခြင်း ကြာလာပါက အူပုပ်ခြင်း (ညပ်နေသော အူများသို့ သွေးမရောက်သဖြင့် အူပုပ်သွားပြီး ပိုးဆိပ်တက်နိုင်သည်။ အရေးပေါ် အမြန်ဆုံး ခွဲစိတ်ရမည်ဖြစ်သည်။)
ရောဂါရှာဖွေခြင်း
အများအားခြင့် အူကျွံခြင်းကို သိရှိနိုင်ရန် ပေါင်ခြံကို စမ်းသပ်စစ်ဆေးရုံဖြင့် အတည်ပြုနိုင်သည်။ ဝမ်းဗိုက်တွင်း ဖိအားတက်စေရန် ချောင်းဆိုးစေခြင်းဖြင့် အူကျွံနာသည် ပို၍ဖောင်းတင်းထင်ရှားလာသည်။ စမ်းသပ်တွေ့ရှိချက်များ မထင်ရှားပါက ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) စသည်တို့ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ကုသခြင်း
အူကျွံခြင်းသည် ခွဲစိတ်ကုသမှု မခံယူဘဲ မပျောက်ကင်းနိုင်ပေ။ အကယ်၍ အူကျွံခြင်းသည် သေးငယ်ပြီး လွယ်ကူစွာ ပြန်သွင်းနိုင်ပါက မခွဲစိတ်ဘဲ ဆက်လက်စောင့်ကြည့်နိုင်သည်။ အူကျွံခြင်းကာကွယ် သည့် အထူးအတွင်းခံဘောင်းဘီ (hernia belt) ကဲ့သို့ အဝတ်များ ဝတ်ဆင်ပါက ရောဂါလက္ခဏာ သက်သာနိုင်သည်။
ကလေးငယ်များတွင် အူကျွံပါက အမြန်ဆုံး ခွဲစိတ်ကုသရန်လိုအပ်သည်။
ခွဲစိတ်ကုနည်း (၂) နည်း ရှိသည်။
- ပေါင်ခြံတွင် ခွဲကြောင်းပေး၍ အူကျွံခြင်းကို ခွဲစိတ်ပြုပြင်ခြင်း (open hernia surgery) နှင့်
- မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ပြုပြင်ခြင်း (laparoscopic hernia surgery) ဟူ၍ ဖြစ်သည်။
ပေါင်ခြံတွင် ခွဲကြောင်းပေး၍ အူကျွံခြင်းကို ခွဲစိတ်ပြုပြင်ခြင်း
မေ့ဆေး (သို့မဟုတ်) ခါးဆစ်ရိုးထုံဆေးဖြင့် ခွဲစိတ်ကုသနိုင်သည်။ ခွဲစိတ်ဆရာဝန်သည် ပေါင်ခြံနေရာတွင် (၅) စင်တီမီတာခန့် ခွဲကြောင်းပေး၍ ခွဲစိတ်ပေးမည်ဖြစ်သည်။ ဝမ်းခေါင်းအဆီ၊ အူ စသည့် ကျွံနေသော ကိုယ်တွင်းအင်္ဂါများကို ဝမ်းဗိုက်အတွင်းသို့ ပြန်လည်သွင်းကာ အူကျွံနေသော အပေါက်နှင့် လမ်းကြောင်းကို ပိတ်မည်ဖြစ်သည်။ နောက်တစ်ကြိမ် အူကျွံခြင်း မဖြစ်စေရန် ကြွက်သားအားနည်းနေသောနေရာအား အထူးပြုလုပ်ထားသည့် ဇကာ (mesh) ဖြင့် အားဖြည့်ပေးမည်ဖြစ်သည်။
ခွဲစိတ်ပြီးနောက် ပုံမှန်လှုပ်ရှားမှုများကို စောနိုင်သမျှ စောစောပြုလုပ်ရမည်။ ပုံမှန်လုပ်ငန်းဆောင်တာများ ရက်သတ္တပတ်ပေါင်းများစွာအကြာတွင် ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မှန်ပြောင်းဖြင့် ခွဲစိတ်ပြုပြင်ခြင်း
အထူးပြုလုပ်ထားသော မှန်ပြောင်းပါ ခွဲစိတ်ကိရိယာများ၊ ခွဲစိတ်လက်တံများကို အသုံးပြု၍ (၁) စင်တီမီတာခန့် အပေါက်လေးများ ဖောက်ကာ ခွဲစိတ်ခြင်းဖြစ်သည်။ မှန်ပြောင်းဖြင့်ခွဲစိတ်ကုသလျှင် နာကျင်ခြင်း ပိုမိုသက်သာပြီး အမာရွတ်မကျန်သလောက်ဖြစ်သည်။ နာလန်ထ ပိုမိုမြန်ဆန်ပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ပိုမိုစောလျင်စွာ ပြန်လည်ဆောင်ရွက်နိုင်သည်။ အထူးသဖြင့် ဘယ်၊ ညာ (၂) ဖက်လုံး အူကျွံခြင်းတွင် မှန်ပြောင်းဖြင့်ခွဲစိတ်ပါက ရလဒ်ပိုကောင်းသည်။ ယေဘုယျအားဖြင့် အူကျွံနာခွဲစိတ်ကုသခြင်းသည် နေ့ချင်းပြီး သိုမဟုတ် ဆေးရုံတက်ရက် (၁) ရက်သာကြာနိုင်သည်။ ခွဲစိတ်ပြီး ရက်သတ္တပတ် (၁)ပတ် မှ (၃)ပတ်ခန့်တွင် လုပ်ငန်းခွင်ပြန်ဝင်ခြင်း၊ ဈေးဝယ်ထွက်ခြင်းစသည့် နေ့စဉ်ပုံမှန်လုပ်ငန်းများ ပြန်လုပ်နိုင်သည်။ အလေးအပင်မခြင်း၊ အားကစားပြုလုပ်ခြင်းများကို ရက်သတ္တပတ် (၆) ပတ်အထိ မပြုလုပ်သင့်ပေ။
ကာကွယ်ခြင်း
အူကျွံခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်၍ မရပါ။
References:
- Inguinal hernia – Diagnosis & treatment – Mayo Clinic. (2021). Mayo Clinic. Retrieved May 9, 2024, from https://www.mayoclinic.org/diseases-conditions/inguinal-hernia/diagnosis-treatment/drc-20351553
- Hernia. (2024). Cleveland Clinic. Retrieved May 9, 2024, from https://my.clevelandclinic.org/health/diseases/15757-hernia
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.