Anaemia (သွေးအားနည်းခြင်း)

Anaemia (သွေးအားနည်းခြင်း)

သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်း သွေးနီဥလျော့နည်းခြင်း သို့မဟုတ် သွေးနီဥတွင်းရှိ ဟီမိုဂလိုဘင် (Haemoglobin) ဓာတ်နည်းခြင်းကြောင့် ဖြစ်သည်။ ဟီမိုဂလိုဘင်သည် အဆုတ်မှရှူသွင်းလိုက်သော အောက်ဆီဂျင်ကို သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်းကို လုပ်ဆောင်သည်။ ထို့ကြောင့် သွေးအားနည်းသည့်အခါ အားနည်းခြင်း၊ အသက်ရှူမဝခြင်းနှင့် မောပန်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးထဲတွင် လုံလောက်သည့် ‌ဟီမိုဂလိုဘင် (သို့မဟုတ်) သွေးနီဥပမာဏ မရှိခြင်းကြောင့် သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေသည်။ ထိုသို့ဖြစ်ပေါ်စေသော အကြောင်းရင်းတွင်_

  1. သံဓာတ်ချို့တဲ့ခြင်း – အောက်ဆီဂျင်ကိုသယ်ဆောင်သည့် ဟီမိုဂလိုဘင်ဓာတ်ပြုလုပ်ရန် သံဓာတ် အဓိကလိုအပ်သည်၊ ကိုယ်ဝန်ဆောင်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သွေးထွက်များခြင်းတို့တွင်လည်း သံဓာတ်ချို့တဲ့နိုင်သည်
  2. ဗီတာမင်ချို့တဲ့ခြင်း – ဗီတာမင် ဘီ(၁၂) B12၊ ဖောလစ်အက်စစ်ချို့တဲ့ခြင်း
  3. မွေးရာပါသွေးရောဂါဖြစ်ခြင်း – သာလာဆီးမီးယား (Thalassemia)၊ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ (Sickle Cell Anaemia)
  4. ရုတ်တရက် ခန္ဓာကိုယ်မှသွေးဆုံးရှုံးခြင်း – ခန္ဓာကိုယ်တွင်းမှ သွေးယိုစိမ့်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း
  5. နာတာရှည်ရောဂါများ – ကင်ဆာရောဂါ၊ အေအိုင်ဒီအက်စ်နှင့် အခြားနာတာရှည်ကူးစက်ရောဂါများ၊ နာတာရှည်ကျောက်ကပ်ရောဂါ
  6. ရိုးတွင်းခြင်ဆီ အလုပ်မလုပ်ခြင်းကြောင့် သွေးအားနည်းခြင်း (Aplastic Anaemia)
  7. ကင်ဆာနှင့် ရောဂါပိုးအချို့ကြောင့် ရိုးတွင်းခြင်ဆီပျက်စီးခြင်း (bone marrow infiltration)
  8. သွေးနီဥပျက်စီးခြင်းကြောင့် သွေးအားနည်းခြင်း (Haemolytic Anaemia) စသည်တို့ ပါဝင်သည်။
ရောဂါလက္ခဏာများ
  • အားအင်ကုန်ခန်းခြင်း
  • အသက်ရှူမဝခြင်း
  • ခေါင်းမူးခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်တုန်ခြင်း
  • အစားစားချင်စိတ်မရှိခြင်း
  • ခြေဖျားလက်ဖျား အေးစက်ခြင်း
  • အသား‌အရောင် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ခြေထောက် ဖောခြင်း၊ အမ်းခြင်း စသည်တို့ ခံစားရနိုင်သည်။
Anaemia img1
Anaemia img2
နောက်ဆက်တွဲပြဿနာများ

သွေးအားနည်းခြင်းကို ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်ပြီး နောက်ဆက်တွဲပြဿနာများ ကွဲပြားနိုင်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သွေးအားအလွန်နည်းလျှင် နေ့စဉ် တစ်ကိုယ်ရေအလုပ်များ မလုပ်နိုင်တော့ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးကြီးလာခြင်း၊ နှလုံးညှစ်အား လျော့နည်းလာခြင်း၊ ‌ကိုယ်ဝန်‌ဆောင်မိခင်များတွင် နေ့မစေ့ဘဲ က‌လေးမွေးခြင်း၊ နောက်ဆုံး အသက်သေဆုံးစေနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။ ကလေးများတွင် သွေးအားနည်းခြင်း၊ အထူးသဖြင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကြောင့် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အသိဉာဏ်အားနည်းခြင်း စသည်တို့ ဖြစ်ပေါ်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို သေချာစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် သွေးစစ်ဆေးခြင်းများ ပြုလုပ်ပြီး ရှာဖွေနိုင်သည်။ အခြေခံသွေးစစ်ဆေးခြင်းများအပြင် လိုအပ်ပါက သွေးအားနည်းစေသောရောဂါကို ရှာဖွေသည့် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရသည်။

ကုသခြင်း

သွေးအားနည်းခြင်းကို ကုသရာတွင် သွေးအားနည်းအမျိုးအစားနှင့် ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်ပြီး သံဓာတ်အားဆေး၊ ဗီတာမင် ဘီ ၁၂ (B12)နှင့် ဖောလစ်အက်စစ် သောက်သုံးခြင်း၊ လိုအပ်ပါက သွေးသွင်းခြင်းနှင့် အခြားလိုအပ်သော ကုသမှုများခံယူရမည်။ ထို့ကြောင့် သွေးအားနည်းတိုင်း သံဓာတ်အားဆေး၊ ဗီတာမင် B12တို့ သောက်သုံးရန် မလိုအပ်ပါ။ သွေးအားနည်းခြင်းဖြစ်စေသော အ‌ကြောင်းရင်းပေါ် မူတည်ပြီး ဆရာဝန်နှင့် သေချာစွာ ကုသမှုခံယူသင့်သည်။

ကာကွယ်ခြင်း

အချို့သွေးအားနည်းခြင်းများမှာ ကာကွယ်၍မရနိုင်ပါ။ သို့သော်လည်း အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းကို ကာကွယ်ရန် သံဓာတ်၊ ဗီတာမင် ဘီ-၁၂ (B12)နှင့် ဖောလစ်အက်စစ်တို့ ကြွယ်ဝစွာ ပါဝင်သော အသားငါးများ၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးတို့ စားသုံးခြင်း၊ ဗီတာမင် စီ ကြွယ်ဝသော၊ ချဉ်သော အသီးများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် စတော်ဘယ်ရီသီးတို့ စားသုံးခြင်း၊ လိုအပ်ပါက သံဓာတ်အားဆေးများ‌ သောက်သုံးခြင်း၊ ကလေးများတွင် ပုံမှန်သန်ချဆေးတိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

References:

  1. Anemia – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/anemia/symptoms-causes/syc-20351360
  2. Anemia – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/anemia/diagnosis-treatment/drc-20351366
  3. Anemia. (2023). WebMD. Retrieved June 3, 2024, from https://www.webmd.com/a-to-z-guides/understanding-anemia-basics

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.