Tension headache (စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း)

Tension headache (စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း)

စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း အမျိုးအစားသည် ဖြစ်လေ့ဖြစ်ထရှိသော ခေါင်းကိုက်ခြင်း ဖြစ်ပြီး ဦးခေါင်း၏ ပတ်လည်တွင် ကြိုးဖြင့် တင်းကြပ်စွာစည်းနှောင်ထားသကဲ့သို့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရသည်။ အထူးသဖြင့် နဖူး၊ နားထင်၊ နောက်စေ့နေရာများ ကိုက်ခဲခြင်းဝေဒနာကို ခံစားရသည်။ ဤခေါင်းကိုက်ခြင်း ဝေဒနာကို သောက်ဆေးများဖြင့် သက်သာအောင် ကုသမှုပေးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေသော တိကျသေချာသည့် အကြောင်းရင်းကို ယခုအချိန်ထိ မသိရှိရသေးပါ။ မျက်နှာ၊ ဦးရေပြား၊ လည်ပင်းရှိ ကြွက်သားများ၊ အရေပြားများကို ကျုံ့ခြင်း၊ ဆန့်ခြင်း၊ အသုံးပြုခြင်းများ များပြားသောကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ အခြားသော tension headacheကို ဖြစ်စေသည့်အကြောင်းရင်းများမှာ_

  • စာအုပ်၊ စမတ်ဖုန်းများကို အချိန်ကြာရှည်စွာ ဦးခေါင်းအောက်စိုက်ကာ အသုံးပြုသောကြောင့် လည်ပင်းကြွက်သားများဒဏ်ဖြစ်ကာ ဇတ်ကြောတက်ခြင်း
  • ယခုခေတ်တွင် စမတ်ဖုန်း၊ ကွန်ပြူတာကို အနားယူချိန်မရှိဘဲ ဆက်တိုက်အသုံးပြုခြင်းကြောင့် မျက်လုံးအားနည်းခြင်း၊ မျက်လုံးကြွက်သားများဒဏ်ဖြစ်ခြင်း
  • မေးရိုးအဆစ်ပြဿနာများ (Temporomandibular joint disorder)
  • လည်ပင်းရှိ အရိုးအဆစ်များပျက်စီးရောင်ရမ်းခြင်း (Degenerative arthritis)
  • အိပ်မပျော်ခြင်း (Insomnia)
  • အိပ်ပျော်နေချိန်ဖြစ်သော အသက်ရှူရပ်ခြင်း (Sleep apnoea)
  • စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါ (Anxiety disorders)
  • စိတ်ကျရောဂါ (Depression)တို့ ဖြစ်သည်။
ရောဂါလက္ခဏာများ

အဓိကကျသော လက္ခဏာမှာ ခေါင်းကိုက်ခြင်းဖြစ်သည်။ အခြားယှဉ်တွဲနေတတ်သောလက္ခဏာများမှာ_

  • ခေါင်း၏တစ်ဖက်တစ်ချက်စီမှ ညှစ်ထားသလိုခံစားရခြင်း
  • လည်ပင်းနှင့်ပခုံးရှိကြွက်သားများ နာကျင်တောင့်တင်းခြင်း
  • အလင်းရောင်နှင့်ဆူညံသံများကို မခံနိုင်ခြင်း တို့ဖြစ်သည်။

ခေါင်းကိုက်ခြင်းလက္ခဏာများကို မိနစ် (၃၀) မျှခံစားရခြင်းမှ တစ်ခါတစ်ရံ တစ်ပတ်ထိ ကြာရှည်နိုင်သည်။ နာတာရှည်စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာ ခံစားနေရသူများသည် အမြဲတမ်း ခေါင်းကိုက်ခြင်းကို ခံစားကျော်ဖြတ်နေရသည်။

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာကို ဖြစ်ပွါးသည့်အကြိမ်နှင့်ကာလပေါ် မူတည်ပြီး အမျိုးအစား (၃)မျိုးခွဲနိုင်သည်။

  1. တစ်ခါတစ်ရံမှဖြစ်တတ်သော ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Infrequent episodic)
    ခေါင်းကိုက်ခြင်းသည် တစ်လတွင် တစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ်ထက်နည်းသည်။
  2. မကြာခဏဖြစ်သော ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Frequent episodic)
    ခေါင်းကိုက်ခြင်းသည် တစ်လတွင် တစ်ကြိမ် မှ (၁၄)ကြိမ်အထိ အနည်းဆုံး သုံးလဆက်တိုက်ဖြစ်သည်ကို ဆိုလိုသည်။
  3. နာတာရှည်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Chronic)
    ခေါင်းကိုက်ခြင်းသည် တစ်လလျှင် (၁၅) ကြိမ်နှင့်အထက်၊ (၃)လနှင့်အထက် ဖြစ်သည်ကို ဆိုလိုသည်။
နောက်ဆက်တွဲပြဿနာများ

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ရက်ပေါင်းလပေါင်းများစွာ ခံစားရသောကြောင့် မိမိလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ကောင်းစွာအာရုံမစိုက်နိုင်ဘဲ ဘဝ၏ နေ့စဉ်လုပ်ငန်းဆောင်တာနှင့် အရည်အသွေးကို များစွာထိခိုက်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်းဝေဒနာသည် မိမိဘဝ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာခြင်း၊ တစ်ပတ်တွင် ခေါင်းကိုက်ခြင်းနှစ်ကြိမ်ထက်ပိုဖြစ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သုံးသော်လည်း မသက်သာခြင်းတို့ဖြစ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်သင့်သည်။

ရောဂါရှာဖွေခြင်း

ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာသည် ရောဂါရာဇဝင်အသေးစိတ်မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြောများကို အသေးစိတ်စမ်းသပ်ခြင်းတိုဖြင့် သိရှိနိုင်သည်။ အန္တရာယ်ရှိသော အခြားခေါင်းကိုက်ခြင်းများကို သံသယရှိပါက ကွန်ပြူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (Magnetic Resonance Imaging – MRI) ရိုက်ခြင်းများကို လိုအပ်သလို ပြုလုပ်နိုင်သည်။

ကုသခြင်း

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းအမျိုးအစားအပေါ် မူတည်၍ ကုသရသည်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းသည် နာတာရှည်မဟုတ်လျှင် ပါရာစီတမော (Paracemtamol)၊ အိုင်ဗျူပရိုဖဲင်(Ibuprofen) စသည်တို့ သောက်သုံးနိုင်သည်။ မသက်သာလျှင်မူ မိမိ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
နာတာရှည်ခေါင်းကိုက်ခြင်း ဖြစ်ပွားပါက ဆရာဝန်သည် သာမန် အကိုက်အခဲပျောက်ဆေးများအပြင် အခြားဦးနှောက်အာရုံကြောဆေးများကိုပါ တွဲဖက်အသုံးပြုလိမ့်မည်။ ထို့အပြင် စိတ်ဖိစီးမှုကို လျှော့ကျစေသောကုထုံးများ၊ ဆွေးနွေးမှုများခံယူခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းကို ကုသခြင်း (ဥပမာ_အိပ်မောကျချိန်တွင် အသက်ရှူရပ်တတ်သောရောဂါအတွက် ကုထုံးများပေးခြင်း)များ ပြုလုပ်နိုင်သည်။
တစ်ခါတစ်ရံတွင် ခေါင်းကိုက်ခြင်းဝေဒနာ ယာယီသက်သာအောင်ပေးသော ဆေးဝါးများကို အကြိမ်များစွာ (သို့မဟုတ်) ရေရှည် မှီဝဲသောက်သုံးသောကြောင့် လူနာသည် ဆေးမသောက်သုံးသည့်အခါတွင် ခေါင်းပြန်လည်ကိုက်ခဲခြင်းဖြစ်နိုင်သည်။ ထိုကြောင့် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်ကဲ့သို့သော ဆေးများကို တစ်လ (၁၅)ရက်၊ Triptanကဲ့သို့သော ဆေးများကို တစ်လ (၁၀)ရက်ထက် ပို၍မသောက်သင့်ပါ။ ခေါင်းကိုက်ရောဂါကာကွယ်ရန် ပေးထားသည့် နေ့စဉ်သောက်ရသော ဆေးများကိုမူ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်လိုသည်။

ကာကွယ်ခြင်း

စိတ်ဖိစီးမှုကြောင့် အဓိကဖြစ်ရသော ခေါင်းကိုက်ခြင်းဖြစ်သောကြောင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ခေါင်းကိုက်ခြင်းဝေဒနာ မဖြစ်အောင် တားဆီးနိုင်သည်။ နေ့စဉ် စိတ်ဖိစီးမှု သက်သာစေရန်အတွက်

  • စိတ်ဖိစီးမှုသက်သာစေသော အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • အနားယူခြင်း
  • လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • တရားထိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်သည်။

References:

  1. Tension Headaches. (2024). Cleveland Clinic. Retrieved July 8, 2024, from https://my.clevelandclinic.org/health/diseases/8257-tension-headaches
  2. Tension headache – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/tension-headache/symptoms-causes/syc-20353977

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.