Stroke (လေဖြတ်ခြင်းရောဂါ)

Stroke (လေဖြတ်ခြင်းရောဂါ)

ဦးနှောက်အစိတ်အပိုင်းတစ်နေရာသို့ သွေးစီးဆင်းမှုနည်း၍ သို့မဟုတ် ပိတ်၍ဖြစ်စေ၊ ဦးနှောက်အတွင်းရှိ သွေးကြောပေါက်၍ဖြစ်စေ လေဖြတ်ရောဂါဖြစ်နိုင်သည်။ လေဖြတ်ရောဂါသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှုရရှိချိန်စောသည်နှင့်အမျှ ဦးနှောက်ထိခိုက်မှု ပို၍လျော့နည်းမည်ဖြစ်သည်။ ထို့ကြောင့် လေဖြတ်သည်ဟု သံသယရှိပါက ဆေးရုံသို့ ချက်ချင်းသွားရောက်ပြီး ကုသမှုခံယူသင့်သောရောဂါဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လေဖြတ်ရောဂါကို အဓိကအားဖြင့် နှစ်မျိုးခွဲထားသည်။

  1. သွေးကြောပိတ်၍ဖြစ်သော လေဖြတ်ရောဂါ (Ischaemic Stroke)
    အဖြစ်အများဆုံး လေဖြတ်ရောဂါအမျိုးအစားဖြစ်သည်။ ဦးနှောက်သို့ အောက်ဆီဂျင်နှင့်အာဟာရများ ပို့ပေးသောသွေးကြော ကျဥ်း၍ သို့မဟုတ် ပိတ်၍ ဦးနှောက်အစိတ်အပိုင်းများသည် အောက်ဆီဂျင်နှင့်အာဟာရကို လုံလောက်အောင် မရရှိသဖြင့် ဦးနှောက်ဆဲလ်များ မိနစ်ပိုင်းအတွင်း သေဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်သည့် လေဖြတ်ခြင်းကို သွေးကြောပိတ်၍ဖြစ်သော လေဖြတ်ရောဂါ (Ischaemic stroke)ဟု ခေါ်သည်။ ဦးနှောက်သွေးကြော ပိတ်စေနိုင်သည့် အကြောင်းရင်းများမှာ_
    • ဦးနှောက်အတွင်း သွေးခဲဖြစ်ပေါ်ခြင်း (thrombosis)
    • ခန္ဓာကိုယ်တွင်း တစ်နေရာရာတွင် ဖြစ်ပေါ်နေသော သွေးခဲအစိတ်အပိုင်းများ ပြုတ်ထွက်၍ သွေးကြောတစ်လျှောက် ဖြတ်သန်းစီးဆင်းလာပြီး ဦးနှောက်အတွင်းပိတ်ဆို့ခြင်း (embolism)
  2. ဦးနှောက်သွေးကြောပေါက်၍ဖြစ်သော လေဖြတ်ရောဂါ (Hemorrhagic Stroke)
    ဦးနှောက်အတွင်းရှိသွေးကြောပေါက်ပြီး သွေးထွက်သဖြင့် ဦးနှောက်ဆဲလ်များတွင် ဖိအားများပြီး ထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေဖြတ်ရောဂါဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းများမှာ_
    • သွေးတိုးခြင်းကို ကောင်းစွာမထိန်းနိုင်ခြင်း
    • သွေးမခဲဆေးများ (anticoagulants) အလွန်အကျွံသောက်မိခြင်း
    • သွေးကြောနံရံများပါး၍ ဖောင်းနေခြင်း (aneurysm)
    • ခေါင်းထိခိုက်ဒဏ်ရာရခြင်း
    • အချို့သောသွေးထွက်လွန်ခြင်းနှင့် သွေးမတိတ်ရောဂါများ (bleeding and coagulation disorders)
    • အထက်ပါ သွေးကြောပိတ်လေဖြတ်ရောဂါဖြစ်ပွားပြီး ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းတွင် နောက်ဆက်တွဲအနေဖြင့် သွေးယိုစိမ့်ခြင်းတို့ ဖြစ်သည်။

      လေဖြတ်ရောဂါ ဖြစ်နိုင်ခြေများသူများမှာ_
    • အသက် (၅၅) နှစ်နှင့်အထက်
    • အမျိုးသားများ
    • အဝလွန်သူများ
    • အရက်အလွန်အကျွံသောက်သူများ
    • ဆေးလိပ်သောက်သူများ
    • သွေးတိုးရောဂါရှိသူများ
    • ဆီးချို‌ရောဂါရှိသူများ
    • နှလုံးရောဂါ ရှိသူများ (နှလုံးအမောဖောက်ခြင်း၊ နှလုံးပိုးဝင်ခြင်း၊ နှလုံးခုန်စီးချက် မမှန်သူများ)
    • အသေးစား လေဖြတ်ဖူးသူများ (Transient Ischaemic Attack)
    • သွေးတွင်းအဆီဓာတ်များသူများ
    • မိသားစုမျိုးရိုးတွင် လေဖြတ်‌ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ (သို့မဟုတ်) အသေးစားလေဖြတ်ရောဂါ ရှိသူများ
    • မူးယစ်ဆေးဝါးသုံးစွဲသူများ
    • ကိုယ်ဝန်တားဆေး (သို့မဟုတ်) အီစတိုဂျင် (oestrogen) ဟော်မုန်းပါသောဆေးသောက်သူများ ဖြစ်ကြသည်။
stoke img1
ရောဂါလက္ခဏာများ

ဦးနှောက်၏ နေရာအသီးသီးသည် အမျိုးမျိုးသောစွမ်းဆောင်ရည်များကို ထိန်းချုပ်ထားသဖြင့် ထိခိုက်သည့်နေရာပေါ် မူတည်၍ ရောဂါလက္ခဏာများအမျိုးမျိုး ဖြစ်ပေါ်သည်။ ဥပမာအားဖြင့် စကားပြောသည့်စွမ်းရည်ကို ထိန်းချုပ်သောနေရာကို ထိခိုက်ပါက စကားပြောရာတွင် အခက်အခဲရှိသည်။ သို့ဖြစ်၍ ထိခိုက်သည့်နေရာ အနည်း၊ အများပေါ်မူတည်ပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍လည်း ဖြစ်နိုင်သည်။

  • စကားပြောရခက်ခြင်း၊ မပီမသ ဗလုံးဗထွေးဖြစ်ခြင်း၊ စကားမပြောနိုင်ခြင်းနှင့် အခြားသူများပြောသောစကားကို နားမလည်နိုင်ခြင်း
  • မျက်နှာ၊ လက်နှင့် ခြေတို့တွင် ထုံကျဥ်ခြင်း၊ အားနည်းခြင်း၊ မလှုပ်နိုင်ခြင်း
  • မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ရုတ်တရက် အမြင်အာရုံမှောင်မဲသွားခြင်း၊ ဝေဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း
  • ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း
  • သတိလစ်ခြင်း၊ တက်ခြင်း
  • လမ်းလျှောက်ရခက်ခဲခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း

လေဖြတ်ခြင်းအများစုသည် ချက်ချင်းပြန်မကောင်းဘဲ ရေရှည်လက္ခဏာများ ပြလေ့ရှိသော်လည်း အချို့လေဖြတ်ခြင်းမျိုးသည် အချိန်ခဏတာအတွင်း ပြန်လည်ကောင်းမွန်တတ်သည်။ ထိုအမျိုးအစားကို တဒင်္ဂလေဖြတ်ခြင်း (သို့မဟုတ်) အသေးစားလေဖြတ်ခြင်း (Transient Ischaemic Attack – TIA or mini stroke) ဟုခေါ်သည်။

အသေးစားလေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု ခဏတာလျော့နည်းသွားသဖြင့် ဖြစ်ပေါ်လာသောလေဖြတ်ခြင်းဖြစ်သည်။ အချိန်ခဏအကြာ (၅မိနစ် မှ ၂၄နာရီအတွင်း)တွင် ပုံမှန်သွေးစီးဆင်းမှု ပြန်လည်ရရှိသဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများမှာ ကုသမှုမခံယူရဘဲ ပြန်လည်သက်သာသွားသည်။ သို့သော် နောက်တစ်ကြိမ် အသေးစားလေဖြတ်ခြင်း ထပ်မဖြစ်စေရန် သို့မဟုတ် အလုံးစုံလေဖြတ်ခြင်းအဆင့်သို့ မရောက်ရှိစေရန်အတွက် ရောဂါလက္ခဏာများ သက်သာသွားသော်လည်း ကုသမှုခံယူရန်လိုအပ်သည်။

Stroke img2
နောက်ဆက်တွဲပြဿနာများ

လေဖြတ်ရောဂါကြောင့် လတ်တလော (သို့မဟုတ်) ရေရှည် ကိုယ်အင်္ဂါမသန်စွမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ နောက်ဆက်တွဲပြဿနာများမှာ ဦးနှောက်တွင်းသွေးစီးဆင်းမှု ပြတ်တောက်သည့် ကြာချိန်နှင့် ထိခိုက်ပျက်စီးသည့် ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးမျိုးဖြစ်နိုင်သည်။

  • ဦးနှောက်တွင်း ဖိအားများခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ တက်ခြင်း
  • ခန္ဓာကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ခြင်း
  • စကားပြောရ (သို့မဟုတ်) အစာမျိုချရခက်ခဲခြင်း
  • မှတ်ဉာဏ်အချို့ပျောက်ဆုံးခြင်း
  • စိတ်ကျရောဂါဖြစ်ခြင်း (သို့မဟုတ်) စိတ်ခံစားမှုကို ထိန်းချုပ်ရန်ခက်ခဲခြင်း
  • ထုံခြင်း၊ ကျဉ်ခြင်း၊ နာခြင်း
  • အပြုအမူများပြောင်းလဲလာခြင်း
  • နေ့စဥ်လုပ်ငန်းဆောင်တာများကို အကူအညီမပါဘဲ မိမိဘာသာ မလုပ်နိုင်တော့ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်လာပါက ဆေးရုံသို့ အမြန်သွားရောက် ကုသမှုခံယူရမည်။
‌လေဖြတ်ခြင်းကို ကုသမှုနောက်ကျလျှင် ဦးနှောက်ထိခိုက်ပျက်စီးမှုများ၍ ကိုယ်အင်္ဂါမသန်စွမ်းမှုများပို၍ဖြစ်နိုင်သည်။ ထို့ကြောင့် လေဖြတ်သည်ဟုသံသယရှိပါက အရေးကြီးလက္ခဏာများကို အောက်ပါအတိုင်း “BE FAST”ဟူ၍ အတိုကောက်မှတ်သားပြီး စစ်ဆေးသည်။

  • B (Balance) – မတ်တတ်ရပ်သည့်အခါ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်ခြင်း
  • E (Eyes) – အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
  • F (Face) – ပြုံးခိုင်းပြီး မျက်နှာတစ်ဖက်နှင့်တစ်ဖက် (အထူးသဖြင့် နှုတ်ခမ်း) ညီမညီ ကြည့်ခြင်း
  • A (Arms) – လက်မောင်း (၂) ဖက် မြှောက်ခိုင်းပြီး တစ်ဖက်က မမြှောက်နိုင်လျှင် (သို့မဟုတ်) မြှောက်ပြီးမှ အောက်သို့ပြန်ကျသွားခြင်း ရှိမရှိ ကြည့်ခြင်း
  • S (Speech) – စကားတစ်ခွန်း လိုက်ပြောကြည့်ခိုင်းပြီး ပုံမှန်ပြောနေကျနှင့် ကွဲပြားသည် သို့မဟုတ် ဗလုံးဗထွေး ဖြစ်မဖြစ် ကြည့်ခြင်း
  • T (Time) – အထက်ပါလက္ခဏာများတွေ့ရှိရပါက ဆေးရုံသို့ အမြန်ဆုံးသွားပါ၊ ရောဂါလက္ခဏာ စ‌ပေါ်ချိန်ကို မှတ်သားထားရမည်၊ ရောဂါလက္ခဏာ စပေါ် ချိန်မှ (၄)နာရီခွဲအတွင်း ဆေးရုံသို့ အချိန်မီရောက်ရှိပါက အရေးပေါ်သွေးခဲဖျော်ဆေးကုသမှုအတွက် အချိန်မီနိုင်ပြီး ရလဒ်ကောင်းများ ရရှိနိုင်သည်။
ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာများကို သေချာစွာ မေးမြန်းစမ်းသပ်ပြီး အောက်ပါအတိုင်း လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြင့် လေဖြတ်ရောဂါ ရှာဖွေတွေ့ရှိနိုင်သည်။

  • ကွန်ပြူတာဓာတ်မှန် (CT scan) – သွေးခဲပိတ်ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းတို့ကို ခွဲခြားသိရှိနိုင်သည်
  • သွေးစစ်ဆေးခြင်း (Blood tests) – သွေးတွင်းသကြားဓာတ်၊ သွေးခဲစေသောဓာတ်များ အခြေအနေ၊ သွေးတွင်းအဆီဓာတ်၊ ကျောက်ကပ်နှင့်အသည်းလုပ်ငန်းများ စစ်ဆေးခြင်းတို့ ပါဝင်သည်
  • အီးစီဂျီ (Electrocardiogram) – နှလုံးခုန်နှုန်း စည်းချက် မှန်မမှန် သိရှိနိုင်သည်
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) – နှလုံးအတွင်းသွေးခဲ ရှိမရှိကို သိရှိနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI scan) – သွေးခဲခြင်းကို ကွန်ပြူတာဓာတ်မှန်ထက် ပိုမိုစောစီးစွာ တွေ့ရှိနိုင်ပြီး ပိုမိုတိကျသော အဖြေများရရှိနိုင်သည်
  • လည်ပင်းကို အာထရာဆောင်းရိုက်ခြင်း (carotid USG) – လည်ပင်းရှိ သွေးကြောအတွင်း သွေးစီးဆင်းမှုကို သိရှိနိုင်သည်
  • ဦးနှောက်သွေးကြောဓာတ်မှန် (Cerebral angiogram) – ဦးခေါင်းနှင့်လည်ပင်းရှိ သွေးကြောများကို အသေးစိတ်တွေ့နိုင်သည်။
ကုသခြင်း

လေဖြတ်ခြင်းအမျိုးအစားပေါ်မူတည်၍ အရေးပေါ်ကုသမှုပေးရန် လိုအပ်သည်။

  1. သွေးကြောပိတ်လေဖြတ်ရောဂါ ကုသခြင်း
    သွေးကြောပိတ်၍ဖြစ်သောလေဖြတ်ရောဂါ (ischaemic stroke) ကုသရာ၌ ထိခိုက်သွားသောနေရာတွင် သွေးစီးဆင်းမှု အမြန်ဆုံးပြန်လည်ရရှိနိုင်ရန် အရေးကြီးဆုံးဖြစ်သည်။ သွေးစီးဆင်းမှု အမြန်ဆုံးပြန်လည်ရရှိရန်_
    • အရေးပေါ် သွေးခဲဖျော်ဆေးထိုးခြင်း
      လေဖြတ်ရောဂါလက္ခဏာ စတင်ခံစားရချိန်မှ (၄)နာရီခွဲအတွင်း၌သာ သွေးခဲပျော်စေရန် အရေးပေါ်သွေးခဲဖျော်ဆေးထိုး၍ ကုသနိုင်သည်။ ဆေးပေးသည့်အချိန်စောသည်နှင့်အမျှ အသက်အန္တရာယ်နှင့် နောက်ဆက်တွဲပြဿနာများ ပို၍လျော့နည်းမည်ဖြစ်သည်။ ဆေး၏ဘေးထွက်ဆိုးကျိုးမှာ ဦးနှောက်အတွင်း သွေးထွက်နိုင်သဖြင့် နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်များမှ လူနာ၏ အခြေအနေနှင့်ရောဂါအခံများပေါ် မူတည်၍ ဆေးထိုးရန် စဥ်းစားဆုံးဖြတ်ရသည်။
    • သွေးခဲဖယ်ကိရိယာဖြင့်ကုသခြင်း (Thrombectomy)
      လေဖြတ်ရောဂါလက္ခဏာစတင်ပြီး (၂၄)နာရီအတွင်းတွင် သွေးခဲဖယ်ထုတ်ရန် ပြုလုပ်နိုင်သည်။
    • သွေးပေါင်ချိန် ထိန်းသိမ်းခြင်းတို့ဖြင့် ကုသနိုင်သည်။
  2. သွေးကြောပိတ်လေဖြတ်ရောဂါ ကုသခြင်း
    သွေးကြောပေါက်၍ဖြစ်သောလေဖြတ်‌ရောဂါ (Haemorrhagic stroke)ကို ကုသရာ၌ သွေးကြောပေါက်သည့်နေရာ၊ သွေးထွက်သည့်အကြောင်းရင်းနှင့်ပမာဏပေါ် မူတည်၍ ကုသမှုပေးရသည်။
    • သွေးပေါင်ချိန်လျှော့ချကုသပေးခြင်း (Blood pressure management)
      သွေးပေါင်ချိန်များခြင်းကြောင့် သွေးကြောပေါက်စေသဖြင့် သွေးပေါင်ကျစေရန် စောင့်ကြည့်ကုသပေးရသည်။ သွေးပေါင်ချိန်လျှော့ချပေးခြင်းသည် သွေးထွက်သောပမာဏကို လျော့ကျစေပြီး အခြေအနေပိုမဆိုးအောင် ပြုလုပ်ပေးသည့် အ‌ရေးအကြီးဆုံးကုသမှုဖြစ်သည်။
    • သွေးခဲစေရန် အထောက်အကူပြုဆေးများ (Clotting support)
      သွေးမခဲဆေးသောက်နေရသူများတွင် အဓိကပေးလေ့ရှိသည်။
    • ခွဲစိတ်ကုသခြင်း (Surgery)
      ဦးနှောက်အတွင်း ဖိအားလျော့နည်းစေရန် လိုအပ်လျှင် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည်။
  3. ပြန်လည်သန်စွမ်းရန် လေ့ကျင့်ပေးခြင်း (Stroke rehabilitation)

အထက်ဖော်ပြပါ အရေးပေါ်ကုသမှုများ ပေးပြီးနောက် ကိုယ်ခန္ဓာစွမ်းဆောင်ရည်များ နဂိုမူလအတိုင်း ပြန်လည်ရရှိရေးအတွက် အောက်ဖော်ပြပါ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ လိုအပ်သလိုပြုလုပ်ရန် အ‌ရေးအကြီးဆုံးဖြစ်သည်။

  • စကားပြောလေ့ကျင့်ပေးခြင်း (Speech therapy)
  • ခြေ၊ လက်အင်္ဂါများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် လေ့ကျင့်ပေးခြင်း (Physical therapy)
  • နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်ရန် လေ့ကျင့်ပေးခြင်း (Occupational therapy)
  • မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့ကို ပြန်လည်ရရှိအောင် လေ့ကျင့်ပေးခြင်း (Cognitive therapy)
  • စိတ်ဓာတ်မြှင့်တင်ပေးခြင်း
ကာကွယ်ခြင်း

လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေရန် အောက်ပါအချက်များကို ပြုလုပ်နိုင်သည်။

  • ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်း
  • လေ့ကျင့်ခန်းကို နေ့စဥ်ပုံမှန်ပြုလုပ်ခြင်း – တစ်ရက်လျှင် မိနစ် (၃၀) နှင့် တစ်ပတ်လျှင် ငါးရက်ခန့်
  • အိပ်ရေးဝဝအိပ်ခြင်း – တစ်ရက်လျှင် အနည်းဆုံး (၇)နာရီ မှ (၈)နာရီ အိပ်စက်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ကို အလွန်အကျွံမသောက်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • သွေးတိုးရှိလျှင် စနစ်တကျကုသမှုခံယူခြင်း
  • ဆီးချိုရှိလျှင် စနစ်တကျကုသမှုခံယူခြင်း
  • သွေးတွင်းကိုလက်စထရောများခြင်းကို ကုသမှုခံယူခြင်း
  • မိသားစုဆရာဝန်နှင့် တစ်နှစ်လျှင် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ဖြစ်နိုင်ခြေများသော ရောဂါများကို ကြိုတင်ရှာဖွေ၍ စောစီးစွာကုသခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (ischaemic stroke)နှင့် အသေးစားလေဖြတ်ရောဂါ (ministroke) တစ်ခါဖြစ်ဖူးလျှင် ထပ်မံလေဖြတ်ခြင်းကို လျှော့ချနိုင်ရန် သွေးကျဲဆေး (antiplatelet)၊ သွေးမခဲဆေး (anticoagulant)၊ သွေးတွင်းအဆီချဆေးများ၊ သွေးပေါင်ချဆေးများ၊ ဆီးချိုထိန်းဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်ခြင်း၊ ရက်ချိန်းပုံမှန်ပြန်ပြခြင်းတို့ကို ပြုလုပ်ရမည်။

References:

  1. Stroke – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 9, 2024, from https://www.mayoclinic.org/diseases-conditions/stroke/symptoms-causes/syc-20350113
  2. Stroke. (2022). Cleveland Clinic. Retrieved June 9, 2024, from https://my.clevelandclinic.org/health/diseases/5601-stroke
  3. Health News – Medical News Today. (n.d.). Retrieved June 9, 2024, from https://www.medicalnewstoday.com/articles

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.