Parkinson’s disease (ပါကင်ဆန်ရောဂါ)

Parkinson’s disease (ပါကင်ဆန်ရောဂါ)

ပုံမှန်လူတစ်ယောက်၏ ဦးနှောက်ထဲတွင် အာရုံကြောဆဲလ် (neurons)မြောက်များစွာရှိသည်။ ထိုဆဲလ်များ အချင်းချင်း ဆက်သွယ်အလုပ်လုပ်ရန် အချက်ပြဓာတ်ပစ္စည်း (neurotransmitters)များအသုံးပြု၍ အချင်းချင်းဆက်သွယ်ကြသည်။ ကြွက်သားများလှုပ်ရှားရန် ဦးနှောက်မှ အမိန့်ပေးသည့်အခါ အာရုံကြောဆဲလ်များမှတစ်ဆင့် ထိုဓာတ်ပစ္စည်းများကို အသုံးပြု၍ လိုအပ်သလိုထိန်းညှိကာ ကြွက်သားများလှုပ်ရှားကြသည်။ ထိုဓာတ်ပစ္စည်းများအနက် တစ်ခုဖြစ်သော ဒိုပါမင်း (dopamine)အားပြုလုပ်ပေးသည့် အာရုံကြောဆဲလ်များ တဖြည်းဖြည်းပိုမိုပျက်စီးလာ၍ ၎င်းဓာတ်ပစ္စည်း မလုံလောက်တော့သည့်အခါ ရောဂါလက္ခဏာများပြလာသည်။ လမ်းလျှောက်သည့်အခါ ဟန်ချက်ထိန်းရန် ခက်ခဲခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ လက်တုန်ခြင်း၊ လှုပ်ရှားမှုများနှေးကွေးခြင်း အစရှိသည်တို့ဖြစ်ပေါ်လာသည်။
ထိုရောဂါကို အင်္ဂလိပ်သမားတော် ဂျိမ်းပါကင်ဆန် (James Parkinson) က (၁၈၁၇)တွင် စတင်ရေးသားဖော်ပြခဲ့သည့်အတွက် ပါကင်ဆန်ရောဂါဟု အမည်ပေးထားခြင်းဖြစ်သည်။ သက်လတ်နှင့် သက်ကြီးပိုင်းတွင် အဖြစ်များပြီး အသက် (၆၀) ကျော်အထက် လူကြီးများ၏ (၁) ရာခိုင်နှုန်းခန့်သည် ပါကင်ဆန်ရောဂါဖြစ်ကြသည်။ ယနေ့ထက်တိုင် ဤရောဂါကို လုံးဝပျောက်ကင်းသည်အထိ မကုသနိုင်သေးဘဲ ရောဂါလက္ခဏာများ သက်သာစေသည့် ကုသမှုများသာ ပေးနိုင်သေးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရောဂါဖြစ်စေသော တိကျသေချာသည့် အကြောင်းရင်းကို ယနေ့ထိတိုင် မသိရှိသေးပါ။ တွေ့ရှိထားချက်များအရ မျိုးရိုးဗီဇအချို့နှင့် အပင်များတွင်သုံးသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထိတွေ့မှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

ရောဂါလက္ခဏာများ
  1. လှုပ်ရှားမှုများ နှေးကွေးခြင်း
  2. ကြွက်သားများ (အထူးသဖြင့် လက်ချောင်းများ) လှုပ်ရှားမှုမပြုလုပ်ဘဲ အနားယူနေစဉ် တုန်ခြင်း
  3. ကြွက်သားများ တောင့်တင်းခြင်း
  4. လမ်းလျှောက်လျှင် ဟန်ချက်မထိန်းနိုင်ခြင်း၊ ခြေလှမ်းစိပ်စိပ် ရှပ်တိုက်၍လျှောက်ခြင်း
  5. စာရေးလျှင် ပုံမှန်ရေးနေကျနှင့်မတူဘဲ စာလုံးများသေးခြင်း
  6. သွားရည်ကျခြင်း
  7. မျက်နှာအမူအရာ တစ်သမတ်တည်းဖြစ်ခြင်း (မပြုံးမရယ်နှင့် မျက်နှာဖုံးစွပ်ထားသကဲ့သို့ဖြစ်ခြင်း)
  8. အစာမျိုရခက်ခြင်း
  9. စကားခပ်တိုးတိုးပြောခြင်း
    အထက်ပါရောဂါလက္ခဏာများသည် ဒိုပါမင်းဓာတ်မလုံလောက်သဖြင့် သက်ဆိုင်ရာကြွက်သား များကို ကောင်းမွန်စွာ ထိန်းချုပ်မလှုပ်ရှားနိုင်တော့ခြင်း‌ကြောင့် ဖြစ်သည်။
Parkison'disease img1

အခြားဖြစ်နိုင်သော လက္ခဏာများမှာ

  1. မတ်တတ်ရပ်သည့်အခါ သွေးပေါင်ကျခြင်း
  2. ဝမ်းချုပ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း
  3. စိတ်ဓာတ်ကျခြင်း
  4. အနံ့မရခြင်း
  5. အိပ်မပျော်ခြင်း
  6. အာရုံစူးစိုက်မှုခက်ခဲခြင်း
    ပါကင်ဆန်ရောဂါသည် အသက်အန္တရာယ်မရှိသော်လည်း ရောဂါလက္ခဏာများကို ဂရုစိုက်မကုသပါက နောက်ဆက်တွဲပြဿနာများ (ဥပမာ – အစာသီးခြင်း) ဖြစ်လာနိုင်ပြီး သက်တမ်းတိုနိုင်သည်။ သေချာစွာ စနစ်တကျကုသမှုခံယူပါက ပုံမှန်သက်တမ်းအထိ နေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ ဦးနှောက်အာရုံကြောအထူးကုထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါလက္ခဏာများကို သေချာစွာ စမ်းသပ်မေးမြန်းခြင်း၊ အာရုံကြောစနစ်ကို စမ်းသပ်ခြင်း၊ အခြားရောဂါများနှင့် ခွဲခြားမှုများပြုလုပ်နိုင်ရန် လိုအပ်သော စစ်ဆေးမှုများပြုလုပ်ခြင်း (သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ပီအီးတီစကင်န် – PET scan ပြုလုပ်ခြင်း)တို့ကို ပြုလုပ်လိမ့်မည်။ ပါကင်ဆန်လက္ခဏာများ ရှိနိုင်သည့် အခြားရောဂါများ (ဥပမာ – ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်း၊ အချို့ဆေးများ၊ ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ မျိုးရိုးလိုက်သည့် ရောဂါများ)နှင့်ခွဲခြားရန် အထူးကုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။

ကုသခြင်း

ရောဂါပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း ရောဂါလက္ခဏာများသက်သာရန် အောက်ပါအတိုင်း ကုသမှုပေးနိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • Carbidopa-levodopa
      ဆေးသောက်ပြီး သွေးမှတဆင့် ဦးနှောက်ထဲရောက်သည့်အခါ ဒိုပါမင်း (dopamine) အဖြစ် ပြောင်းလဲ သွားသည်။ အစာနှင့်ခပ်ဝေးဝေးသောက်လျှင် ပိုကောင်းသည်။
    • Inhaled carbidopa-levodopa
      ရှူဆေးအမျိုးအစားဖြစ်သည်။ သောက်ဆေးများ ကြာမြင့်စွာသောက်ပြီး အာနိသင်မပြတော့သည့် အခါတွင် သုံးသည်။
    • Carbidopa-levodopa infusion
      အူအတွင်းသို့ တိုက်ရိုက်ပိုက်ထည့်၍ တောက်လျှောက်ဆေးသွင်းသည်။ တောက်လျှောက် ပိုက်မှ သွင်းသဖြင့် သွေးထဲတွင် ဆေးပမာဏသည် တစ်သမတ်တည်းရှိသည်။ ရောဂါရင့်လျှင်သုံးသည်။
    • Dopamine agonist
      ဒိုပါမင်း (dopamine) အဖြစ်သို့ပြောင်းမသွားဘဲ ဒိုပါမင်းအာနိသင်ပေးသည်။ တစ်ခါတစ်ရံ Levodopa နှင့် တွဲပေးသည်။
    • Monoamine oxidase B (MAO B) inhibitors
      ဒိုပါမင်းကိုဖျက်ဆီးသည့်အင်ဇိုင်းကို တားသည့်ဆေးဖြစ်သည်။
    • Catechol O-methyltransferase (COMT) inhibitors
      ဒိုပါမင်းကိုဖျက်ဆီးသည့်အင်ဇိုင်းကို တားသည့်ဆေးဖြစ်သည်။
    • Anticholinergics
      ပါကင်ဆန်တွင်ဖြစ်သော တုန်ခြင်းသက်သာစေရန်ဖြစ်သည်။
    • Amantadine
      ရောဂါကနဦးအဆင့်တွင် လက္ခဏာများသက်သာရန် သုံးသည်။ ရောဂါရင့်လာလျှင် carbidopa – levodopa နှင့် တွဲပေးသည်။ အသုံးနည်းသည်။
    • Adenosine receptor antagonists
      ဒိုပါမင်း များများထုတ်စေသည်။ အသုံးနည်းသည်။
  2. ခွဲစိတ်ခြင်းဆိုင်ရာ ကုသမှုများ (Surgical procedures)
    Deep brain stimulation ဟုခေါ်သောကုသမှုသည် ဦးနှောက်အတွင်းသို့ လျှပ်စစ်ထုတ်လွှတ်နိုင်သည့် ပစ္စည်းကို ဦးခေါင်းအတွင်း ထည့်သွင်းပြီး ကိုယ်လက်လှုပ်ရှားမှုကို ဟန်ချက်ညှိပေးသည့်နေရာသို့ လျှပ်စစ်လှိုင်းများ လွှတ်ပေးခြင်း ဖြစ်သည်။ Levodopa ဆေးအာနိသင်မပြသည့်အခါ သုံးသည်။ ကြွက်သားတောင့်တင်းမှုများ၊ တုန်မှုများကို လျော့ကျစေပြီး လှုပ်ရှားမှုများ ကောင်းစေသည်။
  3. အခြားအဆင့်မြင့်ကုသမှုများ
    MRI-guided focused ultrasound
    သံလိုက်ဓာတ်မှန်အကူအညီဖြင့် အာထရာဆောင်းလှိုင်းများကို ဦးနှောက်အတွင်းရှိ တုန်ခါမှုဖြစ်စေသောနေရာသို့ လွှတ်ပေးသည်။ လှိုင်းများသည် တုန်ခါမှုဖြစ်စေသော ဦးနှောက်အတွင်းရှိနေရာများကို ဖျက်ဆီးပစ်စေသည်။
ကာကွယ်ခြင်း

‌ရောဂါဖြစ်စေသောအကြောင်းရင်းကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်၍မရနိုင်ပါ။

References:

  1. Parkinson’s disease – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/parkinsons-disease/symptoms-causes/syc-20376055
  2. Parkinson’s Disease. (2022). Cleveland Clinic. Retrieved July 8, 2024, from https://my.clevelandclinic.org/health/diseases/8525-parkinsons-disease-an-overview

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.