Childhood epilepsy (ကလေးများတွင် ဖြစ်သော အတက်ရောဂါ)

Childhood epilepsy (ကလေးများတွင် ဖြစ်သော အတက်ရောဂါ)

ကလေးတစ်ဦး တက်လျှင် မိဘရော၊ ဆရာဝန်များပါ စိုးရိမ်ကြီးလေ့ ရှိသည်။ ထိုသို့ စိုးရိမ်ရအောင်လည်း အတက်လက္ခဏာကို ဖြစ်စေသော ရောဂါအချို့ နှင့် အတက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် ကလေးဘဝတစ်လျှောက်လုံးကို ထိခိုက်နိုင်သည်။
အတက်လက္ခဏာနှင့် အတက်ရောဂါ မတူညီပါ။ ဦးနှောက်၏ cerebral cortex ဟုခေါ်သော အပြင်ပိုင်း အလွှာသည် မွေးရာပါ ပုံမှန်မဟုတ်လျှင် သို့မဟုတ် ရောဂါတစ်ခုခုဖြစ်လျှင် ထိုနေရာမှ လျှပ်စီးကြောင်းများ ပုံမှန်ထက်များပြားစွာ ထွက်ရှိလာပြီး အတက်လက္ခဏာကို ဖြစ်ပေါ်စေသည်။ ရောဂါဖြစ်သော ဦးနှောက်နေရာ အစိတ်အပိုင်းပေါ် မူတည်ပြီး အတက်လက္ခဏာများလည်း ကွဲပြားသည်။ တောင့်၍ တက်ခြင်း၊ တုန်၍ တက်ခြင်း၊ ပျော့ခွေကျခြင်း စသည်တို့ဖြစ်သည်။

ကလေးများတွင် ဤသို့သော အတက်လက္ခဏာကို ဖြစ်ပေါ်စေသည့် ရောဂါ၊ အခြေအနေများမှာ_

  1. သာမန် အဖျားကြီး၍ တက်ခြင်း (febrile convulsion) – အသက် (၆)လ မှ (၅)နှစ်အတွင်း ပုံမှန်ကလေးများတွင် ဖြစ်လေ့ရှိသည်
  2. ဦးနှောက်ကို ထိခိုက်သည့် လတ်တလော ဖြစ်ပွားနေသော ရောဂါတစ်ခုခုကြောင့် တက်ခြင်း (acute symptomatic seizures)
    လတ်တလော ဖြစ်နေသော
    • ဦးနှောက် အမြှေးရောင်ရောဂါ (meningitis)
    • ဦးနှောက်ရောင် ရောဂါ (encephalitis)
    • ဦးခေါင်း ထိခိုက်မိထားခြင်း
    • ဦးနှောက် သွေးယိုခြင်း (သို့မဟုတ်) သွေးကြော ပိတ်ခြင်း
    • သွေးတွင်း အချိုဓာတ်ကျခြင်း
    • သွေးတွင်း ဆိုဒီယမ် (Sodium)ဓာတ် အလွန်များခြင်း (သို့မဟုတ်) နည်းခြင်း
    • သွေးပေါင်ချိန် အလွန်အမင်း တက်နေခြင်း စသည်တို့ကြောင့် တက်ခြင်း ဖြစ်နိုင်သည်
  3. အတက်ရောဂါ (epilepsy) တို့ ဖြစ်သည်
    အတက်ရောဂါ (Epilepsy) ဆိုသည်မှာ အထက်ပါ သာမန်အဖျားကြီး၍ တက်ခြင်း၊ ဦးနှောက်ကို ထိခိုက်သည့် လတ်တလော ဖြစ်ပွားနေသော ရောဂါတစ်ခုခုကြောင့် တက်ခြင်းမျိုး မဟုတ်ဘဲ အောက်ပါအချက်များနှင့် ကိုက်ညီသော သီးခြားရောဂါမျိုးဖြစ်သည်။
    • ဦးနှောက်ကို ထိခိုက်သည့် လတ်တလော ဖြစ်ပွားနေသော ရောဂါမရှိခြင်း
    • အနည်းဆုံး (၂)ကြိမ် တက်ခြင်း
    • ထို (၂) ကြိမ်သည် အနည်းဆုံး (၂၄)နာရီခြားခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ယခင်ဖြစ်ပွါးခဲ့သော ဦးနှောက်ကို ထိခိုက်စေခဲ့သည့် ရောဂါ၊ အခြေအနေများသည် ဦးနှောက်တွင် အမာရွတ်များ ကျန်ခဲ့နိုင်ပြီး ထိုနေရာများကို မူမမှန်လှုံ့ဆော်မှုများကြောင့် အတက်ရောဂါကို ဖြစ်စေသည်။

မြန်မာနိုင်ငံတွင် ကလေးအတက်ရောဂါဖြစ်ရခြင်း အဓိကအကြောင်းရင်း (၂) ခုမှာ_

  1. မွေးဖွားစဉ်ဖြစ်ပွားသော ပြဿနာများ
    (ဥပမာ_ မွေးရခက်ခြင်း၊ မွေးချိန်ကြာခြင်းတို့ကြောင့် ဦးနှောက်ထိခိုက်ခြင်း – Birth asphyxia)
  2. ဦးနှောက် ပိုးဝင်ခြင်း
    (ဥပမာ_ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါ) စသည်တို့ ဖြစ်သည်။

အခြားအကြောင်းရင်းများမှာ ကလေး (သို့မဟုတ်) မိဘမျိုးရိုး၏ ဗီဇအရ ရောဂါဖြစ်လာခြင်း၊ ကိုယ်၀န်ရှိစဥ်မှ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ဖွဲ့ စည်းပုံ ပုံမှန်မဟုတ်ခြင်း၊ ခဲဆိပ်တက်ခြင်း စသည်တို့ ပါဝင်သည်။

ရောဂါလက္ခဏာများ

ရောဂါဖြစ်ခဲ့သော ဦးနှောက်နေရာ အစိတ်အပိုင်းပေါ် မူတည်ပြီး အတက်လက္ခဏာများ ကွဲပြားသည်။ ထို့ပြင် ဦးနှောက်၏ ကြီးထွားရင့်ကျက်မှုပေါ် မူတည်ပြီးလည်း အတက်လက္ခဏာများ ကွဲပြားသည်။ ထို့ကြောင့် မွေးကင်းစမှသည် ကလေးကြီးအထိ အသက်အရွယ်မျိုးစုံတွင် အတက်ပုံစံမျိုးစုံကို တွေ့ရှိရသည်။

  1. ခြေလက်၊ ခန္ဓာကိုယ် ကြွက်သားများ တောင့်၍ တက်ခြင်း – tonic
  2. ခြေလက်များ ဆက်တိုက် တုန်၍ တက်ခြင်း – clonic
  3. အထက်ပါ ပုံစံနှစ်မျိုးပေါင်း၍ တောင့် – တုန်ပြီး တက်ခြင်း – tonic clonic
  4. ခြေလက်၊ ခန္ဓာကိုယ် ကြွက်သားများ ရုတ်တရက် ပျော့ကျသွားခြင်း – atonic
    (ဥပမာ_ရုတ်တရက် ခေါင်းငိုက်ကျခြင်း၊ ရုတ်တရက် လဲသွားခြင်း)
  5. ဓာတ်လိုက်သကဲ့သို့ ရုတ်တရက် ဆတ်ကနဲ တုန်သွား၊ တောင့်သွားခြင်း – myoclonic
  6. ရုတ်တရက် စက္ကန့်ပိုင်းခန့် ငြိမ်ကျသွားပြီး မျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်၍ တက်ခြင်း – absence
  7. မွေးကင်းစ ကလေးများတွင် မသိမသာ တက်ခြင်းများ – neonatal subtle seizures
    (ဥပမာ မျက်လုံး လန်ခြင်း၊ မျက်လုံး စောင်းသွားခြင်း၊ တစ်ခုခုကို ဝါးနေသကဲ့သို့ပြုမူခြင်း၊ ခြေလက်များ စက်ဘီးစီးနေသကဲ့သို့ လှုပ်ရှားခြင်း)
  8. တစ်နှစ်အောက် ကလေးငယ်များတွင် ခြေလက်ခေါင်း အစုံကွေး၍ (သို့မဟုတ်) ဆန့်၍ တက်ခြင်း – infantile spasm/ epileptic spasm စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အတက်ရောဂါရှိသူ ကလေးများသည် တက်သည့်အချိန်တွင် လဲပြိုကျခြင်းများ ရှိတတ်သောကြောင့် ဦးခေါင်းနှင့် ခြေလက်များ အပါအဝင် ကိုယ်ခန္ဓာနေရာအနှံ့ ထိခိုက်ဒဏ်ရာများ ရနိုင်ခြေ မြင့်မားသည်။ ထို့ပြင် အတက်ရောဂါရှိသူ ကလေးများ၏ သုံးပုံနှစ်ပုံသည် အတက်ကျဆေးများဖြင့် ရောဂါပျောက်ကင်းပြီး နောက်ဆက်တွဲပြဿနာ မကျန်သော်လည်း သုံးပုံတစ်ပုံခန့်မှာမူ အတက်ပျောက်လေ့မရှိဘဲ အောက်ပါ နောက်ဆက်တွဲပြဿနာများ တွေ့ရနိုင်သည်။

  • အထွေထွေ ဖွံ့ဖြိုးမှု နောက်ကျခြင်း (global developmental delay)
  • အသိဉာဏ် ဖွံ့ဖြိုးမှုအားနည်းခြင်း (Intellectual disability)
  • ပတ်ဝန်းကျင်နှင့် ပြောဆိုဆက်သွယ်မှု ပုံမှန်မဟုတ်ခြင်း (သို့မဟုတ်) နောက်ကျခြင်း (Speech and language disorders)
  • အမူအကျင့်ဆိုင်ရာ ပြဿနာများ (Behavior disorders)
  • ကောင်းစွာ အိပ်မပျော်ခြင်း (Sleep disorder)
  • စိတ်ပိုင်းဆိုင်ရာ အားငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ ရှက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖယ်ကြဥ်ခံရခြင်း
  • ရုတ်တရက် အသက်ဆုံးရှုံးနိုင်ခြင်း (sudden unexpected death in epilepsy – SUDEP)
  • အတက်ကျဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အတက်လက္ခဏာများရှိလျှင် (သို့မဟုတ်) သံသယရှိလျှင် မိမိ၏မိသားစုဆရာဝန်၊ ကလေးအထူးကု ဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကလေးတက်သည်ကို သေချာပေါက်မြင်သူမှ ရောဂါရာဇဝင် ပြောပြသင့်သည်။ ကလေးတက်နေချိန်မှာ video ရိုက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ ကလေး ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်း ကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

စမ်းသပ်စစ်ဆေးခြင်း

ရောဂါရာဇဝင်ကို တိကျစွာမေးမြန်းခြင်းနှင့် ကလေးတက်နေချိန်တွင် ရိုက်ထားသော videoကို ကြည့်ရှုစစ်ဆေးခြင်းသည် အတက်ရောဂါ သေချာရန်အတွက် အရေးကြီးသည်။ အတက်ရောဂါကို ဆက်လက်စစ်ဆေးရန် EEG ဦးနှောက်လှိုင်းပုံဖေါ်စက်ကို အသုံးပြုနိုင်သည်။ အတက်ရောဂါရှိသော ကလေးများတွင် EEG ပုံမှန် ဖြစ်နေနိုင်သည်။ ထို့ကြောင့် အတက်ရောဂါကို သေချာအောင် လုပ်သောနည်းသည် ရောဂါရာဇ၀င် မေးမြန်းခြင်းနှင့် video ရိုက်ထားလျှင် အဆိုပါ videoကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို လိုအပ်လျှင် ဆက်လက် ပြုလုပ်နိုင်သည်။ အတက်ရောဂါနှင့် ဆိုင်သော မျိုးရိုးဗီဇမျိုးစုံ (epilepsy genes)ကိုပါ လိုအပ်လျှင် ရှာဖွေနိုင်သည်။

ကုသခြင်း

ရှေးဦးကုသခြင်း (First aids for seizure in children)

မိမိ၏ကလေး တက်နေလျှင် ရှေးဦးကုသခြင်းနည်းဖြင့် ပြုစုကုသပါ။ အများစုသည် ငါးမိနစ်အတွင်း အတက်ကျလေ့ရှိသည်။ ငါးမိနစ်အတွင်း အတက်မကျလျှင် Diazepam အရည် (သို့မဟုတ်) ဆေးတောင့်ကဲ့သို့ သော အရေးပေါ် အတက်ကျဆေးမျိုးကို ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ထည့်ပေးသင့်သည် သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက် ကုသမှု ခံယူရန်လိုသည်။

အတက်ရောဂါဟု သတ်မှတ်ပြီးပြီဆိုလျှင် အတက်ကျဆေးများနှင့် ကုသရသည်။ နှစ်နှင့်ချီပြီး နေ့စဉ် သောက်ရန် လိုသည်။ အတက် အမျိုးအစား၊ အသက်အရွယ်၊ အခြားရောဂါများ ရှိမရှိ စသည်တို့ အပေါ် မူတည်ပြီး ဆေးအမျိုးအစား ရွေးချယ်ရသည်။

ကုသရခက်သော အတက်ရောဂါများကို ခွဲစိတ်ကုသခြင်း (epilepsy surgery)၊ အတက်ရောဂါအတွက် သီးသန့် ဖော်ထုတ်ထားသော အစားအသောက် (သို့မဟုတ်) နို့ မှုန့် (ketogenic diet) စသည်တို့နှင့် ကုသနိုင်သည်။

အတက်ရောဂါ ရှိနေသော ကလေးတစ်ယောက်ကို ကုသရာတွင် အတက်ကို ထိန်းရုံသာမက အတက်ရောဂါနှင့်တွဲပြီး ဖြစ်လာနိုင်သော ပညာသင်ကြားရေး၊ ပေါင်းသင်းဆက်ဆံရေးပြဿနာများ၊ မိမိကိုယ် မိမိ ယုံကြည်မှုနည်းခြင်း၊ အအိပ်အနေ နည်းခြင်း စသည်တို့ကိုပါ ပူးတွဲကုသရသည်။

အတက်ရောဂါရှိသော၊ အတက်ကျဆေးသောက်နေသော ကလေးများ၊ မိဘများ လိုက်နာရန်

  1. ကလေးငယ်အား ရောဂါရှိနေသူတစ်ဦးပမာ မဆက်ဆံဘဲ တခြားကလေးများနှင့် တန်းတူဆက်ဆံပါ။ တန်းတူ အခွင့်အရေးပေးပါ
  2. ကလေးငယ်များ ဆော့ကစားမှုကို မပိတ်ပင်သင့်ပါ၊ သို့သော် ရေကူးစဉ်၊ ရေချိုးစဉ်အတွင်း လူကြီးတစ်ဦးဦးမှ စောင့်ရှောက်မှုပေးရမည်၊ စက်ဘီးစီးလျှင် ခေါင်းဆောင်းဖြင့် စီးရမည်၊ အမြင့်တက်ခြင်းကို ရှောင်ကြဉ်ရမည်
  3. တက်ခြင်းကို ပိုဖြစ်စေနိုင်သော အခြေအနေများမှ ကာကွယ်ပေးရမည် (ဥပမာ_ စူးရှသော အလင်းရောင် ကြည့်ခြင်းကြောင့် တက်သော ကလေးကို တီဗွီနားတွင် နီးနီးကပ်ကပ်ထိုင်၍ မကြည့်စေခြင်း၊ အိပ်ရေးဝအောင် အိပ်စေခြင်း)
  4. အတက်ကျဆေးများကို ဆရာ၀န်၏ ညွှန်ကြားချက်အတိုင်း နေ့စဉ်မှန်မှန်တိုက်ပါ
  5. ဆရာ၀န်၏ ညွှန်ကြားချက်မပါဘဲ ဆေးကို မိမိဘာသာရပ်ခြင်း၊ အတိုးအလျှော့လုပ်ခြင်းများ မပြုလုပ်ရပါ
  6. နေမကောင်း ဖြစ်နေစဉ်တွင်လည်း ဆေး ဆက်လက်တိုက်ရမည်၊ အတက်ကျဆေးများသည် အခြား အသုံးများသော ပါရာစီတမော၊ ချောင်းဆိုးပျောက်ဆေးများ၊ ပိုးသတ်ဆေးများနှင့်လည်း တည့်သည်၊ သို့သော် ဆရာ၀န်အား မိမိကလေးသည် မည်သည့်ဆေး သောက်သုံးနေကြောင်း ပြောပြရမည်
  7. ဆေးသောက်နေစဉ်အတွင်း ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာ၀န်နှင့် ချက်ချင်းပြသပြီး လိုအပ်သော ကုသမှု ခံယူပါ (ဥပမာ – အလွန်အမင်း ပျို့အန်ခြင်း၊ မျက်စိဝါခြင်း၊ အသားဝါခြင်း၊ အရေပြားတွင် အနီစက်၊ အနီကွက်များ ထွက်ခြင်း)
  8. အတက်ကျဆေးများ ပေးရာတွင် ဘေးထွက်ဆိုးကျိုး နည်းပါးအောင် တဖြည်းဖြည်း ဆေးပမာဏကို တိုး၍ ပေးရသဖြင့် အစပိုင်းတွင် အတက်လက္ခဏာများ ကျန်ရှိနိုင်သည်၊ ထို့ကြောင့် စိတ်ရှည်စွာဖြင့် ကုသမှုခံယူပါ
  9. သာမန်အားဖြင့် သင့်ကလေးသည် အနည်းဆုံး (၂)နှစ်ခန့် လုံး၀မတက်သည်အထိ ဆရာ၀န်က ဆေးကို ဆက်တိုက်လိမ့်မည်၊ ထို့ကြောင့် တက်သည့်ပုံစံနှင့် နေ့ရက်အချိန်များကို စာအုပ်ဖြင့် သေချာစွာ မှတ်သားထားပါ
  10. ဆရာ၀န်၏ ရက်ချိန်းများအတိုင်း ပုံမှန် ကုသစစ်ဆေးမှု ခံယူပါ၊ ကလေး၏ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဆေးပမာဏပြောင်းရန် လိုနိုင်သည်
ကာကွယ်ခြင်း

အတက်ရောဂါသည် အပြည့်အဝကာကွယ်၍ရသော ရောဂါမဟုတ်သော်လည်း မြန်မာနိုင်ငံတွင် အတွေ့ရများသော အကြောင်းရင်းများသည် ကာကွယ်၍ရသော အခြေအနေများဖြစ်သည်။ ၎င်းအခြေအနေများသည် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေများဖြစ်သည်။ ထိုအခြေအနေများကို ကာကွယ်ရန် အောက်ပါ အချက်များကို လိုက်နာသင့်သည်။

  1. မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်ရမည်၊ ဆေးလိပ်၊ အရက် မသောက်ရ (စိတ်အေးချမ်း တည်ငြိမ်နေရန် အရေးကြီးသည်)
  2. ကျန်းမာရေးဝန်ထမ်းများနှင့် ကိုယ်ဝန် စောစီးစွာအပ်နှံ၍ ပုံမှန်ပြသရန်
  3. ဆေးရုံ၊ ဆေးခန်းများ၌သာ မွေးဖွားရန်
  4. ကာကွယ်ဆေးများ အပြည့်ထိုးနှံရန်တို့ ဖြစ်သည်

ကလေးများ တက်ခြင်းနှင့်ပတ်သက်၍ ဆက်လက်ဖတ်ရှုရန်

ကလေးများ အဖျားကြီး၍ တက်ခြင်း (Febrile seizure)
တက်နေသောကလေးကို ရှေးဦးကုသခြင်း (First aid for seizures in children)
အတက်နှင့်တူသောရောဂါအခြေအနေများ (Seizures mimics)
အီးအီးဂျီ စမ်းသပ်ခြင်း (EEG)

References:

  1. Great Ormond Street Hospital. (n.d.). Epilepsy. GOSH Hospital Site. Retrieved June 26, 2024, from https://www.gosh.nhs.uk/conditions-and-treatments/conditions-we-treat/epilepsy/
  2. International League Against Epilepsy. (n.d.). Childhood epilepsy. Retrieved June 26, 2024, from https://www.ilae.org/patient-care/childhood-epilepsy
  3. Seizures and epilepsy factsheet. (n.d.). The Sydney Children’s Hospitals Network. Retrieved June 26, 2024, from https://www.schn.health.nsw.gov.au/seizures-and-epilepsy-factsheet

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.