Benign paroxysmal positional vertigo (BPPV) (ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း)

Benign paroxysmal positional vertigo (BPPV) (ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း)

ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း (BPPV) ဆိုသည်မှာ အဖြစ်များသော နားအတွင်းပိုင်းဆိုင်ရာ ခေါင်းမူးရောဂါတစ်ခု ဖြစ်သည်။ ဦးခေါင်းလှုပ်ရှားမှု ပြုလုပ်တိုင်း ရုတ်တရက် ချာချာလည်အောင် မူးဝေလာတတ်သည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၅၀)နှင့် အထက်တွင် အများဆုံး ဖြစ်တတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နား၏ အတွင်းဆုံးအပိုင်းတွင် ခရုပတ်ခွေ ပုံသဏ္ဌာန်ရှိသောအင်္ဂါတစ်ခု (cochlea)ရှိသည်။ ပုံမှန်အားဖြင့် otoconia ဟုခေါ်သည့် သေးငယ်သော အမှုန်လေးများသည် cochlea၏ နားအတွင်းဆုံးပိုင်းတွင် ရှိသော အာရုံခံအင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အခန်း (utricle)ထဲတွင် တည်ရှိသည်။ ခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ အကြားအာရုံကြော ရောင်ခြင်း (vestibular neuritis)၊ အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (labyrinthitis) ၊ အာရုံကြော အကျိတ်ဖြစ်ခြင်း (acoustic neuroma) အစရှိသော နားအတွင်းပိုင်းဆိုင်ရာ ရောဂါများနှင့် အသက်အရွယ်ကြီးခြင်း အစရှိသည့် အကြောင်းအမျိုးမျိုးကြောင့် ထိုအမှုန်လေးများ အခန်းထဲမှ ပြုတ်ထွက်နိုင်သည်။ ပြုတ်ထွက်လာသော အမှုန်လေးများသည် ဦးခေါင်း ရုတ်တရက်လှုပ်ရှားချိန်တွင် ခန္ဓာကိုယ်၏ ဟန်ချက်ညီညီ လှုပ်ရှုားမှုကို ထိန်းချုပ်ပေးသော နားအတွင်းပိုင်း နောက်ထပ်နေရာတစ်ခုဖြစ်သည့် စက်ဝိုင်းခြမ်းပုံ အင်္ဂါငယ်သို့ ရောက်ရှိသွားသည်။ ထိုအခါ ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး မူးဝေသည့်ခံစားမှု ဖြစ်ပေါ်လာသည်။

BPPV img1
ရောဂါလက္ခဏာများ

များသောအားဖြင့် အိပ်ရာပေါ်တွင် ရုတ်တရက် လှဲချသောအခါ၊ ထ၍ထိုင်သောအခါ၊ ဟိုဘက် ဒီဘက် လှည့်သောအခါများတွင် အောက်ပါရောဂါလက္ခဏာများ ပေါ်လာတတ်သည်။

  • ခေါင်း ချာချာလည်အောင် မူးခြင်း
  • ပတ်၀န်းကျင်ရှိ ပစ္စည်းများ ငလျင်လှုပ်သကဲ့သို့ လည်နေသည်ဟု ခံစားရခြင်း
  • ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရန် ခက်ခဲခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • လျင်မြန်သော မျက်လုံးအိမ် လှုပ်ရှားမှုများ ရုတ်တရက် ဖြစ်ပေါ်ခြင်း (nystagmus) တို့ဖြစ်သည်။
    ရောဂါလက္ခဏာများမှာ ပေါ်လာလိုက်၊ လုံးဝပျောက်သွားလိုက်၊ ပြန်ဖြစ်လာလိုက် ဖြစ်တတ်သော သဘာဝမျိုးရှိပြီး တစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ရုတ်တရက် ချာချာလည်အောင်မူးသဖြင့် လူအများစုမှာ ကြောက်လန့်တုန်လှုပ်သွားနိုင်သော်လည်း နောက်ဆက်တွဲပြသနာများ မရှိပါ။ မူးလွန်းပြီး ရုတ်တရက်ထမိပါက မိမိကိုယ်ကို ဟန်ချက်ညီညီ မထိန်းနိုင်ဘဲ လဲကျလျှင် ထိခိုက်ဒဏ်ရာရရှိနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်လျှင် မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်း ကုသခြင်းများပြုလုပ် ပေးလိမ့်မည်။
မူးဝေခြင်းနှင့်အတူ ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အကြားအာရုံ ချို့တဲ့ခြင်း၊ စကားပြောခက်ခဲခြင်း၊ ခြေ၊ လက်အားနည်းခြင်း၊ သတိလစ်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း၊ ထုံကျဥ်ခြင်းတို့ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသ တိုင်ပင်သင့်သည်။ အကြောင်းမှာ အထက်ပါရောဂါမဟုတ်ဘဲ အခြား ဦးနှောက်အာရုံကြောရောဂါများ ဖြစ်နေနိုင်သောကြောင့်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇ၀င်ကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဦးခေါင်း လှုပ်ရှားမှုကြောင့် ရုတ်တရက် ဖြစ်တတ်သော ခေါင်းမူးရောဂါကို သေချာစေရန် Dix-Hallpike maneuverဟုခေါ်သည့် နည်းလမ်းဖြင့် စစ်ဆေးသိရှိနိုင်သည်။

Dix-Hallpike maneuver တွင် လုပ်ဆောင်ရမည့် အချက်များမှာ အောက်ပါ အစီအစဥ်အတိုင်း ဖြစ်သည်။

  1. လူနာစမ်းသပ်သည့် ကုတင်ပေါ်တွင် ဦးခေါင်းကို ဘယ်ဘက် (သို့မဟုတ်) ညာဘက်သို့ (၄၅) ဒီဂရီ လှည့်ပြီး ထိုင်ပါ။ မျက်လုံးကို ဖွင့်ထားရမည်။
  2. ကျန်းမာရေး၀န်ထမ်း၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို နောက်သို့ လှဲချလိုက်ပြီး ဦးခေါင်းကို အောက်ဖော်ပြပါပုံတွင် ပြထားသည့်အတိုင်း ကုတင်အစွန်းတွင်ချ၍ နားတစ်ဘက်ကို ကြမ်းပြင်ဘက်သို့ ဦးတည်ပြီး လှည့်ထားပါ။ ထိုအနေအထားအတိုင်း တစ်မိနစ်မှ နှစ်မိနစ်အထိ နေပါ။ ထိုအနေအထားတွင် ကျန်းမာရေး၀န်ထမ်းမှ သင်၏ မျက်လုံးတွင် Nystagmus ဟုခေါ်သော မျက်လုံးအိမ် လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း ရှိမရှိကို စစ်ဆေးလိမ့်မည်။ ထိုကဲ့သို အလိုလိုဖြစ်ပေါ် လာသည့်၊ လျှင်မြန်သော မျက်လုံးလှုပ်ရှားမှုများ ရှိပါက ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း ရောဂါရှိသည်ဟု သတ်မှတ်သည်။
    ထိုနည်းလမ်းဖြင့် ရောဂါရှာဖွေခြင်းမှာ ပုံမှန်အားဖြင့် အန္တရာယ်ကင်းသည်။ သို့သော် ကျောကုန်း နှင့် လည်ပင်းတွင် ပြသနာတစ်ခုခုရှိသူများ၊ ကိုယ်၀န်ဆောင်သည်များ၊ လတ်တလောလေဖြတ်ထားသူများ မပြုလုပ် သင့်ပါ။
BPPV image2
ကုသခြင်း

ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက် မူးဝေခြင်းကို ကုသရာတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အထိရောက်ဆုံးသော ကုသမှု ဖြစ်သည်။ Epley maneuver (Canalith Repositioning Procedure) ဟုခေါ်သော လေ့ကျင့်ခန်းသည် ပြုတ်ထွက်လာသော သေးငယ်သည့် အမှုန်လေးများကို သူ၏ နဂိုမူလနေရာသို့ ပြန်လည် ရောက်ရှိစေသည်။

BPPV image3

Epley maneuverတွင် လုပ်ဆောင်ရမည့် အချက်များမှာ အောက်ပါ အစီအစဥ်အတိုင်းဖြစ်သည်။

  1. ကုတင်ပေါ်တွင် ခါးနှင့် ဦးခေါင်းကို မတ်မတ်ထားပြီး ပုံတွင် ပြထားသည့်အတိုင်းထိုင်ပါ
  2. သင်၏ ဦးခေါင်းကို မူးဝေခြင်း ခံစားရသည့်ဘက်သို့ (၄၅) ဒီဂရီ လှည့်ပါ
  3. နောက်သို့ လျှင်မြန်စွာ လှဲချလိုက်ပြီး ဦးခေါင်းကို ကုတင်အစွန်းတွင် ချထားပြီး မူး‌ဝေသည့် ဘက်သို့ (၉၀) ဒီဂရီ ရောက်အောင် ဆက်လှည့်ထားပါ၊ ထိုခဏတွင် မူး‌ဝေခြင်းပိုဆိုးလာနိုင်သည်။
  4. သင်၏ ဦးခေါင်းကို ဆန့်ကျင်ဘက်သို့ တဖြည်းဖြည်းချင်း (၉၀) ဒီဂရီလှည့်ပြောင်းပါ
  5. သင်၏ ခန္ဓာကိုယ်ကို ဦးခေါင်းဘက်သို့ တပြေးညီဖြစ်အောင် လိုက်လှည့်ပါ
  6. ခဏနေပြီး မတ်မတ်ထထိုင်ပါ
    လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ (၅) မိနစ်မှ (၁၀) မိနစ်ခန့် ကြာမြင့်နိုင်ပြီး ပိုမိုသက်သာစေရန် လေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ ပြုလုပ်ပေးရသည်။ လေ့ကျင့်ခန်းကို ရောဂါလက္ခဏာများ တစ်ရက်တိတိ လုံးဝ သက်သာသွားသည်အထိ တစ်ရက်လျှင် အများဆုံး (၃)ကြိမ်အထိ ပြုလုပ်နိုင်သည်။ တစ်ကြိမ်နှင့် တစ်ကြိမ်အကြားတွင် (၁၅) မိနစ်ခန့် အနားယူနိုင်သည်။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် အများစုမှာ သက်သာသွားကြသော်လည်း တစ်ခါတစ်ရံတွင် ပြန်လည် ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရမည့် နည်းလမ်းကို ကျန်းမာရေး၀န်ထမ်းများထံမှ သင်ယူပြီး ထပ်မံဖြစ်ပေါ်ပါက အိမ်တွင် မိမိကိုယ်တိုင် ပြုလုပ်နိုင်သည်။ Epley maneuverမှာ များသောအားဖြင့် အန္တရာယ်မရှိသော်လည်း လုပ်နေစဥ်အတွင်း မူးဝေခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ဖြစ်ပေါ်တတ်သည်။ လေ့ကျင့်ခန်း နည်းလမ်းများကို မှန်ကန်စွာ မလုပ်ဆောင်ပါက လည်ပင်းကို ထိခိုက်မိပြီး ပိုမိုမူးဝေလာနိုင်သည်။ ထိုသို့မဖြစ်စေရန် မိမိဘာသာ အိမ်တွင် မပြုလုပ်မီ လုပ်ရမည့်နည်းလမ်းများကို ကျန်းမာရေး၀န်ထမ်းများထံမှ စနစ်တကျ သေချာစွာ သင်ယူပြီးမှသာ အိမ်တွင် လုပ်ဆောင်သင့်သည်။ အမူးပြေဆေးများကို တစ်ခါတစ်ရံတွင် သောက်သုံးနိုင်သော်လည်း ရေရှည် စွဲသောက်ခြင်းမှ ရှောင်ကြဥ်ပါ။
ကာကွယ်ခြင်း

ဦးခေါင်းလှုပ်ရှားမှုကြောင့် ချာချာလည်အောင် မူးဝေခြင်းကို ကာကွယ်နိုင်သော နည်းလမ်း ယနေ့ထိ မရှိသေးပါ။

References:

  1. Department of Health & Human Services. (n.d.). Benign paroxysmal positional vertigo (BPPV). Better Health Channel. Retrieved June 12, 2024, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/benign-paroxysmal-positional-vertigo-bppv
  2. Benign paroxysmal positional vertigo (BPPV) – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 12, 2024, from https://www.mayoclinic.org/diseases-conditions/vertigo/symptoms-causes/syc-20370055#:~:text=Benign%20paroxysmal%20positional%20vertigo%20(BPPV)%20is%20one%20of%20the%20most,changes%20in%20your%20head’s%20position.
  3. Benign Paroxysmal Positional Vertigo (BPPV). (2024). Cleveland Clinic. Retrieved June 12, 2024, from https://my.clevelandclinic.org/health/diseases/11858-benign-paroxysmal-positional-vertigo-bppv
  4. Home Epley Maneuver. (2021). Johns Hopkins Medicine. Retrieved June 12, 2024, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/home-epley-maneuver
  5. Ménière’s Society. Website Design and Development Nine Four Ltd. (n.d.). What is BPPV? – | Ménière’s Society. Ménière’s Society. Retrieved June 12, 2024, from https://www.menieres.org.uk/information-and-support/symptoms-and-conditions/bppv

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.