မူမမှန်သော သွေးဆင်းခြင်းသည် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ အမျိုးသမီးများအနေနှင့် ဓမ္မတာသွေးပေါ်ခြင်းသည် ပုံမှန်မဟုတ်ဟု ခံစားရခြင်း သို့မဟုတ် ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းတို့ကိုခြုံ၍ မူမမှန်သွေးဆင်းသည်ဟု ခေါ်ဆိုသည်။ အမျိုးသမီးများသည် ပျိုဖော်ဝင်ချိန်မှစ၍ သွေးဆုံးသည့်အချိန်ထိ လစဉ်ဓမ္မတာသွေးဆင်းခြင်းသည် ပုံမှန်ရှိသည်။ တစ်ဦးနှင့်တစ်ဦး မတူသော်လည်း အများအားဖြင့် တစ်လလျှင် တစ်ကြိမ်ခန့် သွေးပေါ်လေ့ရှိသည်။ တစ်ကြိမ်သွေးပေါ်လျှင် (၃)ရက် မှ (၅)ရက်ခန့်ကြာလေ့ရှိသည်။ သွေးဆင်းသည့်ပမာဏ တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ အချို့တွင် နာကျင်ခြင်း အနည်းငယ်ရှိတတ်သည်။ အဆိုပါအချက်များမှ သွေဖည်၍ သွေးပေါ်ပုံ မမှန်လျှင်လည်းကောင်း၊ ဓမ္မတာသွေးပေါ်ချိန်မဟုတ်ဘဲ သွေးဆင်းလျှင်လည်းကောင်း ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မူမမှန်သွေးဆင်းခြင်းဖြစ်စေသော အကြောင်းရင်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- ဓမ္မတာသွေးဆင်းပုံ မူမမှန်ခြင်း (သွေးဆင်းပမာဏများခြင်း၊ သွေးဆင်းရက်ကြာခြင်း၊ ဓမ္မတာလာချိန်ဝေးပြီး သွေးဆင်းများခြင်း)
- သားအိမ် ပုံမှန်အလုပ်မလုပ်ခြင်း (Dysfunctional uterine bleeding)
- မျိုးဥမကြွေခြင်း (anovulation)
- မျိုးဥအိမ်တွင် ရေအိတ်အများအပြားတည်ခြင်း (polycystic ovary syndrome)တို့ကြောင့် ဖြစ်နိုင်သည်။
- ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
- မျိုးပွားလမ်းကြောင်း ထိခိုက်ဒဏ်ရာရထားခြင်း (တစ်ခုခုနှင့် ထိုးမိခြင်း၊ လိင်ဆက်ဆံထားခြင်း)
- လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများရှိနေခြင်း
- သားအိမ်ခေါင်းရောင်ခြင်း၊ သားအိမ်ရောင်ခြင်း
- သားအိမ်တွင် အသားလုံးတည်နေခြင်း (myoma)၊ သွေးလုံးတည်နေခြင်း (adenomyosis)၊ အသားပိုများပေါ်ခြင်း (polyp)၊ သားအိမ်နံရံထူခြင်း (endometrial hyperplasia)
- သွေးဆုံးသူ အမျိုးသမီးများတွင် သားအိမ်နံရံပါးခြင်း (atrophic endometritis)၊ ယောနိလမ်းကြောင်း ခြောက်ခြင်း (atrophic vaginitis)
- မျိုးပွားလမ်းကြောင်း ကင်ဆာရှိနေခြင်း (သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ)
- သားအိမ် (သို့မဟုတ်) သားအိမ်ခေါင်းမှ အသားစယူထားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
- ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- စပျစ်သီးသန္ဓေတည်ခြင်း
- ဥပြွန်၌သန္ဓေတည်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
- ရောဂါအခံတစ်ခုခုနှင့် အခြားအကြောင်းများကြောင့် သွေးဆင်းခြင်း
- ဟော်မုန်းဆေးများ သောက်နေ၊ ထိုးနေခြင်း (သန္ဓေတားဆေးကတ်များ၊ သုံးလခံဆေးများ၊ လက်မောင်းတွင်း တားဆေးထည့်ခြင်း၊ သားအိမ်တွင် တားဆေးထည့်ခြင်း)
- သွေးဆုံးကိုင်လက္ခဏာများအတွက် ဟော်မုန်းဆေးသောက်နေခြင်း
- အခြားဆေးဝါးများ (ဥပမာ – သွေးကျဲဆေး၊ သွေးမခဲဆေး၊ မြန်မာတိုင်းရင်းသွေးဆေး)
- သွေးမတိတ်ရောဂါရှိနေခြင်း [သွေးခဲဓာတ်နည်းခြင်း၊ ဗွန်ဝီလီဘရန် သွေးမတိတ်ရောဂါ (von Willebrand disease)]
- သိုင်းရွိုက်ဟော်မုန်းဓာတ်နည်းခြင်း (Hypothyroidism)တို့ကြောင့် ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
- သားအိမ် ပုံမှန်အလုပ်မလုပ်ခြင်း (Dysfunctional uterine bleeding) – အဖြစ်များသည်၊ အန္တရာယ်ရှိနိုင်သော အခြားရောဂါများကို ရှာဖွေဖယ်ထုတ်ပြီးမှ ၎င်းရောဂါအမည်တပ်လေ့ရှိသည်
- မျိုးဥမကြွေခြင်း – အပျိုဖော်ဝင်ခါစ သို့မဟုတ် သွေးဆုံးခါနီး အမျိုးသမီးများတွင် အတွေ့ရများသည်၊ ဓမ္မတာသွေးဆင်းရက်များ ဝေးကွာခြားသွားခြင်း၊ ကပ်သွားခြင်း၊ သွေးဆင်းပမာဏများခြင်း၊ သွေးဆင်းရက်ရှည်ခြင်းတို့ ဖြစ်တတ်သည်၊ အန္တရာယ်ရှိနိုင်သော အခြားရောဂါများကို ရှာဖွေဖယ်ထုတ်ပြီးမှ ၎င်းရောဂါအမည်တပ်လေ့ရှိသည်
- မျိုးဥအိမ်၌ ရေအိတ်အများအပြားတည်ခြင်း – လူနာသည် အဝလွန်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊ နှာခေါင်းမွှေး၊ မုတ်ဆိတ်မွှေး ရေးရေးရှိနေခြင်းတို့ တွေ့ရသည်၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့နှင့် တွဲတတ်သည်
- ကူးစက်ပိုးများကြောင့် မူမမှန်သွေးဆင်းခြင်း – အဖြူဆင်းခြင်း၊ မိန်းမကိုယ် အနံ့နံခြင်း၊ ခါးကိုက်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ ရှိတတ်သည်
- သားအိမ်တွင် အသားလုံးတည်နေခြင်း – အလုံးကြီးလာလျှင် ဝမ်းဗိုက်၌ စမ်းမိနိုင်သည်၊ နာကျင်လေ့မရှိပါ
- သားအိမ်တွင် သွေးလုံးတည်နေခြင်း – သားအိမ်နေရာ ဆီးစပ်တွင် နာကျင်တတ်သည်
- အသားပိုများပေါ်ခြင်း၊ သားအိမ်နံရံထူခြင်း၊ သွေးဆုံးသူ အမျိုးသမီးများတွင် သားအိမ်နံရံပါးခြင်း – ၎င်းတို့သည် အာထရာဆောင်းရိုက်ခြင်း၊ သားအိမ်မှန်ပြောင်းကြည့်ခြင်းတို့ဖြင့်သာ သိနိုင်သည်
- မျိုးပွားလမ်းကြောင်းကင်ဆာ – ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းသည့်အပြင် ရောဂါရင့်လာသည့်အခါ ဗိုက်တွင် အလုံးစမ်းမိခြင်း၊ အဖြူဆင်းခြင်း၊ အရည်များမှ အနံ့နံခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည် (သားအိမ်ခေါင်းကင်ဆာ၏ ထူးခြားချက်မှာ အမျိုးသားနှင့် အတူတူနေပြီးပြီးချင်း သွေးဆင်းခြင်း ဖြစ်သည်)
- ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း – ဓမ္မတာသွေးထိမ်နေသည်ကို ဂရုပြုရန်လိုသည်၊ ဆီးစစ်တံဖြင့် ကိုယ်ဝန် ရှိမရှိ သေချာစစ်ဆေးရန် လိုအပ်သည်
- သွေးမတိတ်ရောဂါရှိနေခြင်း – ခန္ဓာကိုယ်၏ အခြားနေရာများမှ သွေးထွက်ခြင်းရှိတတ်သည် (ဥပမာ – နှာခေါင်းသွေးလျှံခြင်း)
- သိုင်းရွိုက်ဟော်မုန်းဓာတ်နည်းခြင်း – လူနာသည် ဝခြင်း၊ ဝမ်းချုပ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ တွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွေးဆင်းခြင်း အလွန်များပါက လူနာသည် သွေးပေါင်ကျခြင်းနှင့် သွေးလန့်ခြင်း (shock)တို့ ဖြစ်နိုင်သည်။ လူနာသည် ဖြူဖျော့နေခြင်း၊ ခြေလက်အေးစက်နေခြင်း၊ သတိကောင်းကောင်းမရခြင်းတို့ ဖြစ်ပါက အနီးဆုံး ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ရန်လိုသည်။ သွေးသွင်းကုသရန် လိုအပ်သည်။
အမျိုးသမီးတစ်ဦးအနေနှင့် မိမိ သွေးဆင်းပုံ မူမမှန်ဟု ယူဆပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်ကိုမေးမြန်းပြီး လူနာ၏ဝမ်းဗိုက်နှင့် အမျိုးသမီးခန္ဓာကိုယ်အောက်ပိုင်းကို စမ်းသပ်စစ်ဆေးမည်။ ထိုကဲ့သို့ စမ်းသပ်ခြင်းသည် ကသိကအောင့် အနည်းငယ်ဖြစ်တတ်သော်လည်း မနာကျင်ပါ။ လိုအပ်ပါက ဆရာဝန်မှ ယောနိလမ်းကြောင်း ချွဲစတို့ဖတ်ယူခြင်း (vaginal swab)၊ သားအိမ်ခေါင်း ချွဲစယူခြင်း (cervical swab)၊ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း (Pap smear)တို့ လုပ်ဆောင်လိမ့်မည်။ ထို့နောက် အာထရာဆောင်းရိုက်ရန် ညွှန်ကြားမည်။ အဖြေပေါ်မူတည်၍ သားဖွားမီးယပ်အထူးကုဆရာဝန်မှ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ခြင်း (colposcopy)၊ သားအိမ်မှန်ပြောင်းကြည့်ခြင်း (hysteroscopy)နှင့် အသားစယူခြင်းတို့ကို လုပ်ဆောင်လိမ့်မည်။
ကုသခြင်း
အကြောင်းရင်းပေါ်မူတည်၍ ကုသကြသည်။
- ဆေးကြောင့်ဖြစ်သော မူမမှန်သွေးဆင်းခြင်းအတွက် မလိုအပ်သော ဆေးများရပ်ခြင်း၊ ဆေးပြောင်းခြင်းများ ပြုလုပ်မည်
- ကူးစက်ပိုးကြောင့်ဖြစ်သည်ဟု သတ်မှတ်ပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမည်
- သားအိမ် ပုံမှန်အလုပ်မလုပ်ခြင်း၊ မျိုးဥမကြွေခြင်းများအတွက် ဟော်မုန်းဆေးများဖြင့် ကုသရန်လိုအပ်သည်။
- သားအိမ်တွင်း ပစ္စည်းထည့်ထားခြင်း၊ လက်မောင်းတွင်း တားဆေးချောင်းထည့်ထားခြင်းကြောင့် ဖြစ်ပါက ၎င်းတို့ကို ပြန်ထုတ်ရန် လိုနိုင်သည်
- သားအိမ် အသားလုံး၊ သွေးလုံး၊ အသားပိုနှင့်မျိုးပွားလမ်ကြောင်းကင်ဆာတို့အတွက် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
- ကိုယ်ဝန်ပျက်ခြင်းနှင့် စပျစ်သီးသန္ဓေတို့အတွက် သားအိမ်ခြစ်ရန် လိုအပ်နိုင်သည်
- သွေးမတိတ်ရောဂါနှင့် သိုင်းရွိုက်ရောဂါတို့အတွက် သက်ဆိုင်ရာအထူးကုဆရာဝန်မှ ကြည့်ရှုပေးလိမ့်မည်
ကာကွယ်ခြင်း
မူမမှန်သွေးဆင်းခြင်း အကြောင်းရင်းများကို တိုက်ရိုက်ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ဖြစ်နိုင်ခြေရှိသည့်အခြေအနေအချို့ကိုမူ ကိုယ်အလေးချိန်လျှော့ချခြင်း၊ အဆီစားသုံးမှုလျှော့ချခြင်းဖြင့် အမျိုးသမီးဟော်မုန်းဓာတ်များ ညီမျှစေခြင်းဖြင့် ဖြစ်ပွါးမှု လျှော့ချနိုင်သည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးခြင်း၊ လိင်ကြောင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်ခြင်းတို့သည်လည်း မူမမှန်သွေးဆင်းခြင်းကို လျှော့ချနိုင်သည်။
References:
- Professional, C. C. M. (2024). Vaginal Bleeding. Cleveland Clinic. Retrieved June 14, 2024, from https://my.clevelandclinic.org/health/symptoms/17899-vaginal-bleeding
- Vaginal bleeding. (2023). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/symptoms/vaginal-bleeding/basics/causes/sym-20050756
- Healthdirect Australia. (n.d.). Vaginal bleeding. Healthdirect. Retrieved June 14, 2024, from https://www.healthdirect.gov.au/vaginal-bleeding
- Ellis, M. E. (2023). Vaginal Bleeding Between Periods. Healthline. Retrieved June 14, 2024, from https://www.healthline.com/health/vaginal-bleeding-between-periods#prevention
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.