Diabetes mellitus – acute emergencies (ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ)

Diabetes mellitus – acute emergencies (ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ)

ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများတွင် အဓိကအားဖြင့် ဆီးချိုသွေးချိုဆိပ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်းဟူ၍ နှစ်မျိုးရှိသည်။

ဆီးချိုသွေးချိုဆိပ်တက်ခြင်း

ဆီးချိုလူနာအနေနှင့် မိမိ၏ရောဂါကို သေချာဂရုမစိုက်မိပါက သွေးတွင်းသကြားဓာတ်များ သတိမပြုမိဘဲ တရိပ်ရိပ်တက်လာပြီး အရေးပေါ်အခြေအနေ ဖြစ်သည်အထိ ဖြစ်လာတတ်သည်။ ဆီးချိုသွေးချိုဆိပ်တက်ခြင်းတွင်_

  1. သွေးတွင်း သကြားဓာတ်၊ ကီတုန်း (ketone)နှင့် အက်စစ်ဓာတ်များခြင်း (Diabetic Ketoacidosis)
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (hyperglycemic hyperosmolar state)တို့ ပါဝင်သည်။
  1. သွေးတွင်းသကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်ဓာတ်များခြင်း (Diabetes ketoacidosis, DKA)
    ဆေးပညာနယ်ပယ်တွင် အတိုကောက် DKAဟုခေါ်လေ့ရှိသည်။ DKA သည် ခန္ဓာကိုယ်တွင်းတွင် အင်ဆူလင် လုံလောက်အောင်မရှိခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ်များမှ ချေဖျက် အသုံးမပြုနိုင်သောအခါ လိုအပ်သောစွမ်းအင် (calorie)အတွက် သကြားဓာတ်အစား အဆီဓာတ်ကို ဖြိုခွဲရာမှ သွေးထဲတွင် ကီတုန်း (ketone) များ ထွက်ပေါ်လာသည်။ ၎င်းကီတုန်းများစုမိပြီး အက်ဆစ်ဓာတ် များစေသော အခြေအနေ (ketoacidosis) ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ဖြစ်စေသည်။
    DKAကို အမျိုးအစား(၁)ဆီးချိုတွင် အတွေ့ရများပြီး အမျိုးအစား(၂)ဆီးချိုနှင့် ကိုယ်၀န်ဆောင်ဆီးချို တို့တွင်လည်း တစ်ခါတစ်ရံ ဖြစ်နိုင်သည်။
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic hyperosmolar state, HHS)
    ဆေးပညာနယ်ပယ်တွင် အတိုကောက် HHSဟုခေါ်လေ့ရှိသည်။ HHS ဆိုသည်မှာ DKA ကဲ့သို့ပင် အရေးကြီးသော အခြေအနေတစ်ခုဖြစ်သည်။ HHS ဖြစ်နေသော လူနာသည် အင်ဆူလင်ရှိသော်လည်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် အလွန်တက်လာပြီး သွေးပျစ်နှုန်းများနေသည်။ သွေးတွင်းရှိသကြားဓာတ်များသော်လည်း ကီတုန်းနှင့်အက်စစ်ဓာတ် များခြင်းမရှိပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. သွေးတွင်း သကြားဓာတ်၊ ကီတုန်းနှင့်အက်စစ်ဓာတ် များခြင်း (Diabetes ketoacidosis, DKA)

    DKA ကို ဖြစ်စေသော အကြောင်းရင်းမှာ_
    • အင်ဆူလင် ထိုးဆေးကို ရပ်လိုက်ခြင်း
    • အင်ဆူလင်ကို ဆရာ၀န် ညွှန်ကြားသည့် ပမာဏအတိုင်း မထိုးဘဲ လျှော့ထိုးခြင်း
    • ဆေးထိုးသည့်နည်းစနစ် မမှန်ကန်မှုကြောင့် အင်ဆူလင်ကို လုံလောက်အောင်မရရှိခြင်း
    • ရောဂါပိုး၀င်ခြင်း (အဆုတ်ရောင်နမိုးနီးယား၊ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း)
    • ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ပန်ကရိယရောင်ခြင်း
    • အကြီးစားခွဲစိတ်မှု ပြုလုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာထိခိုက်ခြင်း
    • ကိုယ်၀န်ဆောင်ခြင်း
    • စတီးရွိုက်နှင့် ဆီးချိုကျဆေးတစ်မျိုးဖြစ်သည့် SGLT 2 inhibitor အစရှိသည့် ဆေးများ အသုံးပြုနေခြင်းတို့ကြောင့် ဖြစ်သည်။
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic hyperosmolar state, HHS)

    HHS သည် အမျိုးအစား (၂) ဆီးချိုသမားများ၊ အထူးသဖြင့် အသက် (၆၅) နှစ်နှင့်အထက် လူကြီးများနှင့် ကောင်းမွန်စွာ ဆေးကုသမှုမခံယူသူများတွင် အဖြစ်များသည်။ HHS ကို ဖြစ်စေသော အကြောင်းရင်းများတွင်_
    • ရောဂါပိုး၀င်ခြင်း (အဆုတ်ရောင်နမိုးနီးယား ၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း နှင့် သွေးဆိပ်တက်ခြင်း)
    • ဆီးချိုဆေးများကို မိမိသဘောဖြင့် ရပ်လိုက်ခြင်း၊ ဆရာ၀န်ညွှန်ကြားသည့် ပမာဏအတိုင်း မသောက်ခြင်း
    • စတီးရွိုက်၊ သိုင်ယာဇိုက် ဆီးဆေး (thiazide diuretics)၊ အချို့သော စိတ်ကုထုံးဆိုင်ရာ ဆေး၀ါးများသောက်နေခြင်း
    • ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတို့ ပါ၀င်သည်။
ရောဂါလက္ခဏာများ
  1. သွေးတွင်းသကြားဓာတ်၊ ကီတုန်းနှင့်အက်စစ်ဓာတ်များခြင်း (Diabetes ketoacidosis, DKA)
    အချို့တွင် မူလက ဆီးချိုရောဂါအခံကို မသိဘဲ ဆီးချိုသွေးချိုဆိပ်တက်ခြင်း (DKA) ဖြစ်သည့် အချိန်တွင်မှ သွေးစစ်ကြည့်သည့်အခါ ဆီးချိုရှိနေမှန်း သိကြရသည်။ ရောဂါလက္ခဏာများမှာ (၂၄) နာရီ အတွင်း ရုတ်တရက် ဖြစ်ပေါ်လာတတ်သည်။ အစောပိုင်းတွင် ရေအလွန်ဆာခြင်း၊ ဆီးများများသွားခြင်း၊ အမြင်အာရုံ ‌ဝေဝါးခြင်း၊ အားအင်ကုန်ခန်းခြင်း တို့ဖြစ်ပေါ်တတ်ပြီး နောက်ပိုင်းတွင် မောပန်းခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ဗိုက်အောင့်ခြင်း တို့ကိုခံစားရနိုင်သည်။
    DKA ၏ ပြင်းထန်သော လက္ခဏာများမှာ
    • သွေးပေါင်ကျခြင်း (အပေါ်သွေး 90 mmHg အောက်)
    • နှလုံးခုန်နှုန်းမြန်ခြင်း (သို့မဟုတ်) နှေးခြင်း (နှလုံးခုန်နှုန်း 100 အထက် (သို့မဟုတ်) 60 အောက်)
    • ဆီးနည်းသွားခြင်း
    • မှိန်းခြင်း၊ သတိလစ်ခြင်း
    • အောက်ဆီဂျင် ကျလာခြင်း တို့ဖြစ်သည်။
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic hyperosmolar state, HHS)
    အောက်ဖော်ပြပါ ရောဂါလက္ခဏာများမှာ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။
    • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ- စိတ်ဂနာမငြိမ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်အာရုံခြောက်ခြားခြင်း)
    • သတိလစ်ခြင်း
    • အာခြောက်ခြင်း၊ ရေအလွန်ဆာလောင်ခြင်း
    • ဆီး မကြာခဏသွားခြင်း
    • အမြင်အာရုံဝေဝါးခြင်း
    • ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း တို့ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

DKA ဖြစ်စေ၊ HHS ဖြစ်စေ ထိုအရေးပေါ်အခြေအနေကို ချက်ချင်း ကုသမှုမခံယူပါက

  • သွေးပေါင်ကျခြင်း (shock)
  • ဦးနှောက်ဖိအားများပြီး သတိလစ်ခြင်း၊ တက်ခြင်း
  • လေဖြတ်ခြင်း
  • သွေးခဲခြင်း
  • သွေးတွင်းပိုတက်ဆီယမ်ဓာတ်များ၍ နှလုံးရပ်ခြင်း
  • ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်းနှင့်
  • သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။

DKA သည် (၁) မှ (၈) ရာခိုင်နှုန်းခန့် သေဆုံးနိုင်ပြီး HHS သည် (၁၀) မှ (၂၀) ရာခိုင်နှုန်းခန့် သေဆုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

၎င်းတို့သည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်၍ အရေးပေါ်ကုသမှု ခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

သွေးတွင်းသကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်များခြင်း (DKA)ကို

  1. သွေးတွင်း သကြားဓာတ်များခြင်း (250 mg/dl နှင့်အထက်)
  2. သွေးနှင့် ဆီးထဲတွင် ကီတုန်းဓာတ် (ketone bodies) များနေခြင်း
  3. သွေးထဲတွင် အက်ဆစ်များနေခြင်း တို့ဖြင့်အတည်ပြုနိုင်သည်။

သွေးတွင်းသကြားဓာတ်များပြီး သွေးပျစ်ခြင်း (HHS)ကို

  1. သွေးတွင်း သကြားဓာတ် အလွန်အမင်းတက်ခြင်း (600 mg/dl နှင့် အထက်)၊
  2. သွေးထဲတွင် ကီတုန်းဓာတ်နှင့်အက်စစ်ဓာတ် ပုံမှန်ဖြစ်နေခြင်း
  3. သွေးပျစ်နှုန်းများနေခြင်းတို့ဖြင့် အတည်ပြုနိုင်သည်။

ထို့အပြင် သွေးတွင်းရှိ ဓာတ်များ စစ်ဆေးခြင်း၊ သွေးဆိပ်တက်နေခြင်း ရှိမရှိ စစ်ဆေးခြင်း၊ သွေးပိုးမွေးခြင်း၊ ဆီးပိုးမွေးခြင်း၊ အီးစီဂျီ ဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

၎င်းတို့သည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံ၌ အရေးပေါ် ကုသရာတွင် အောက်ပါကုသမှုများ ပေးလိမ့်မည်။

  1. ရေနှင့်ဆားဓာတ် (ဆိုဒီယမ်၊ ပိုတက်ဆီယမ်) ပြန်လည်ဖြည့်ပေးခြင်း – ဆေးရုံတက်စဉ်တွင် အကြောဆေးပုလင်းများ သွင်းလိမ့်မည်
  2. အင်ဆူလင်ပေးခြင်း – သွေးချိုဓာတ်ထိန်းညှိရန်နှင့် ကီတုန်းဓာတ်များ ချေဖျက်ရန် အင်ဆူလင်ထိုးဆေးကို စက်ဖြင့် အဆက်မပြတ်သွင်းနိုင်သည်
  3. DKAကို ပိုဆိုးစေနိုင်သော အခြေခံအကြောင်းရင်းများကို ကုသခြင်း (ဥပမာ_ရောဂါပိုးအတွက် ပဋိဇီဝပိုးသတ်ဆေးများ ထိုးခြင်း၊ နှလုံးသွေးကြောပိတ်ပါက ပြန်လည်ပွင့်ရန် ဆေးထိုးခြင်း သို့မဟုတ် အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်း)
  4. လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ခြင်း – လူနာ၏ အသိစိတ် ရှိမရှိ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ တစ်နာရီလျှင်ထွက်သည့် ဆီးပမာဏ အစရှိသည်တို့ကို အမြဲစောင့်ကြည့်၍ အပြောင်းအလဲရှိပါက ချက်ချင်းကုသမှုပေးရန် အရေးကြီးသည်။
ကာကွယ်ခြင်း

ဆီးချိုသွေးချိုဆိပ်တက်သည့် DKA နှင့် HHS အ‌ရေးပေါ်အခြေအနေများကို ကာကွယ်ရန်

  • ဆီးချိုရောဂါကို သေချာထိန်းညှိခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
  • လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
  • ဆရာ၀န် ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန် သောက်သုံးခြင်း၊ ထိုးခြင်း
  • သွေးတွင်းရှိ သကြားဓာတ်ကို မှန်မှန်တိုင်းတာခြင်း
  • ဆေးရုံ၊ ဆေးခန်း ရက်ချိန်းမှန်မှန်ပြခြင်းများ ပြုလုပ်ရမည်။

ဆီးချိုလူနာများ နေမကောင်းဖြစ်နေစဉ် လိုက်နာရန် အချက်များ (sick day rules)
အောက်ပါအချက်များ လိုက်နာခြင်းဖြင့် နေမကောင်းစဉ်ကာလအတွင်း ဆီးချိုသွေးချိုဆိပ်တက်ခြင်းကို ကာကွယ်နိုင်သည်။

  • ဆီးချိုဆေးများကို ပုံမှန်အတိုင်းဆက်သောက်ပါ။ အင်ဆူလင်ထိုးနေပါက မရပ်ရပါ။
  • အစားမစားနိုင်ပါက သို့မဟုတ် ပျို့အန်နေပါက ဆေးသောက်၊ ဆေးထိုးခြင်း ညှိရန် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။
  • အချိုမပါသော အရည် (သို့မဟုတ်) ရေကို များများသောက်ပါ။
  • မိမိ၏ သွေးတွင်းသကြားဓာတ်ကို အကြိမ်ရေများများ ဖောက်စစ်ပါ။ (တစ်နေ့လျှင် ၃-၄ ကြိမ်ခန့်)
သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia)

သွေးတွင်းသကြားဓာတ် နည်းခြင်းဆိုသည်မှာ သွေးထဲရှိသကြားဓာတ်သည် 70 mg/dl (သို့မဟုတ်) 3.9 mmol/L အောက်ထက်နည်းခြင်းကို ဆိုလိုသည်။ ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်နည်းခြင်းမှာ အဖြစ်များသော အခြေအနေဖြစ်ပြီး အချိန်မီ ချက်ချင်းမကုသပါက အလွန်အမင်း သကြားဓာတ်ကျပြီး အသက်အန္တရာယ်ရှိတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆီးချိုရောဂါရှိသူတို့တွင် သွေးတွင်းသကြားဓာတ် နည်းခြင်းသည် အများ​အားဖြင့် အမျိုးအစား (၁) ဆီးချိုရှိသူများ၊ အင်ဆူလင် ကုထုံးခံယူနေသူများ၊ ဆီးချိုဆေးများ သောက်သုံးနေသူများတွင် တွေ့ရသည်။ အများအားဖြင့်_

  • အင်ဆူလင်ပမာဏ ပို၍အသုံးပြုမိခြင်း
  • အင်ဆူလင် ထိုးချိန်နှင့် အစာစားချိန် ပုံမှန်မဖြစ်ခြင်း
  • ဆီးချိုဆေး လိုအပ်သော ပမာဏထက် ပိုသောက်သုံးမိခြင်း
  • အစာစားချိန် ပုံမှန်ထက် နောက်ကျခြင်း၊ အစာလျှော့စားခြင်း
  • ​အစာမစားဘဲ အရက် အလွန်အကျွံသောက်ခြင်း
  • ပုံမှန်ထက်ပို၍ လေ့ကျင့်ခန်း ပြုလုပ်ခြင်း တို့ကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများ

သွေးတွင်း သကြားဓာတ်ကျလျှင် ချွေးစေးပြန်ခြင်း ၊ခေါင်းမူးခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ ကတုန်ကယင် ဖြစ်ခြင်း၊ အသားအရေဖြူဖျော့လာခြင်း၊ နှုတ်ခမ်း၊ လျှာ (သို့မဟုတ်) ပါး ထုံကျဥ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

သွေးတွင်းသကြားဓာတ် အလွန်အမင်းကျပါက

  • အမြင်အာရုံဝေဝါးခြင်း
  • စကားပြောလျှင် မပီသတော့ခြင်း
  • လမ်းတည့်တည့် မလျှောက်နိုင်တော့ခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ လက္ခဏာများကို မိမိဘာသာ သတိထားမိပါက မုန့်အချိုများစားခြင်း၊ ဖျော်ရည်များ သောက်ခြင်းဖြင့် ပြန်လည်သက်သာအောင် ပြုလုပ်နိုင်သည်။ အစားအစာနှင့်ဖျော်ရည်များ သောက်သုံးသော်လည်း မသက်သာလျှင် သို့မဟုတ် အလွန်အမင်း သကြားဓာတ်ကျသော လက္ခဏာများ ဖြစ်ပွားလျှင် မိမိ၏ မိသားစုဆရာ၀န်နှင့် အမြန်ဆုံးပြသ ကုသမှုခံယူရန်လိုသည်။ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရန် ဆေးရုံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

သွေးတွင်းသကြားဓာတ်နည်းခြင်းကို အချိန်မီကုသမှု မခံယူခဲ့လျှင်

  • ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်း
  • နှလုံးခုန်စီးချက်မမှန်ဘဲ ရုတ်တရက် နှလုံးအလုပ်မလုပ်တော့ခြင်း
  • ဦးနှောက် ထိခိုက်ပျက်စီးပြီး သတိလစ်ခြင်း၊ တက်ခြင်း
  • သေဆုံးခြင်းများအထိ ဖြစ်နိုင်သည်။
ရောဂါရှာဖွေခြင်း

သွေးတွင်းသကြားဓာတ် နည်းခြင်းမှာ glucometer သွေးချိုတိုင်းစက်ဖြင့် လက်ချောင်းထိပ်မှ သွေးတွင်းသကြားဓာတ် တိုင်းတာရုံဖြင့် သိရှိနိုင်သည်။

ကုသခြင်း

သကြားဓာတ် နည်းခြင်းမှာလည်း အ‌ရေးပေါ် အခြေအနေဖြစ်ပြီး သကြားဓာတ်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရမည်။ ဂလူးကို့စ်ဖျော်ရည်၊ သကြားခဲ၊ သစ်သီး (သို့မဟုတ်) သစ်သီးဖျော်ရည်၊ သကြားတစ်ဇွန်း (သို့မဟုတ်) ပျားရည်တစ်ဇွန်း တစ်ခုခုကို ချက်ချင်းစားသောက်ပြီး (၁၅) မိနစ်အကြာတွင် သကြားဓာတ်ကို ထပ်တိုင်းပါ။ သကြားဓာတ် ပြန်မတက်လာသေးလျှင် သကြားဓာတ်ကို ထပ်မံဖြည့်တင်းပြီး (၁၅)မိနစ်ခြား တစ်ခါ သကြားဓာတ်ပြန်စစ်ပါ။ သကြားဓာတ် ပြန်တက်လာပြီးနောက် သက်သာလာပါက ပုံမှန်အတိုင်း အစားအသောက်များကို ဆက်လက် စားသုံးနိုင်သည်။ ထိုသို့ (၁၅) မိနစ်ခြား သုံးကြိမ် စစ်ပြီးနောက် သကြားဓာတ်ပြန်မတက်လာပါက ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရမည်။

လူနာမှာ သတိမရဘဲ သကြားဓာတ်ကို ပါးစပ်မှ မဖြည့်တင်းနိုင်လျှင် သကြားဓာတ် အလွန်အမင်းကျသောအခြေအနေ (severe hypoglycemia)သို့ ရောက်ရှိနေသဖြင့် ထိုလူနာကို ဆေးရုံသို့ အမြန်ဆုံး ခေါ်ဆောင်သွားပြီး ဂလူးကို့စ်ကို သွေးကြောထဲမှ သွင်းပေးရန်လိုအပ်သည်။ သကြားဓာတ် ပုံမှန်ပြန်ဖြစ်ပြီးနောက်တွင် ဆရာဝန်မှ အင်ဆူလင်နှင့် ဆီးချိုဆေးများကို ချိန်ညှိခြင်း ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း
  • အင်ဆူလင်နှင့် ဆီးချိုသောက်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့် ပမာဏအတိုင်း အချိန်မှန်မှန် ထိုးခြင်း၊ သောက်ခြင်း
  • အစာစားချိန်နှင့် စားသည့်ပမာဏကို ပုံမှန်သတ်မှတ်ခြင်း
  • သွေးတွင်း သကြားဓာတ်ကျခြင်း၏ လက္ခဏာများကို မှတ်သားထားပြီး ထိုလက္ခဏာများရှိလျှင် အချိုဓာတ်ကို ချက်ချင်းပြန်လည်ဖြည့်တင်းခြင်း
  • ပုံမှန် လေ့ကျင့်ခန်းများသာ ပြုလုပ်ခြင်း
  • သွေးတွင်းရှိ သကြားဓာတ်ကို ပုံမှန်တိုင်းတာခြင်း
  • ဆေးရုံ၊ ဆေးခန်း ရက်ချိန်းမှန်မှန်ပြခြင်းတို့ကို ပြုလုပ်ရမည်။

ဆီးချိုရောဂါနှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန်

Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)

References:

  1. Hypoglycemia – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 7, 2024, form https://www.mayoclinic.org/diseases-conditions/hypoglycemia/symptoms-causes/syc-20373685
  2. Diabetic ketoacidosis – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 7, 2024, form https://www.mayoclinic.org/diseases-conditions/diabetic-ketoacidosis/symptoms-causes/syc-20371551
  3. Hypoglycemia (Low Blood Sugar). (2024). Cleveland Clinic. Retrieved June 7, 2024, form https://my.clevelandclinic.org/health/diseases/11647-hypoglycemia-low-blood-sugar
  4. Fick, L. (2023). Diabetes Emergencies: How You Can Help. WebMD. Retrieved June 7, 2024, form https://www.webmd.com/diabetes/diabetes-emergencies-what-to-do
  5. Hyperosmolar Hyperglycemic State (HHS). (2024). Cleveland Clinic. Retrieved June 7, 2024, form https://my.clevelandclinic.org/health/diseases/21147-hyperosmolar-hyperglycemic-state


Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.