Ovarian cyst (သားဥအိမ်ရေအိတ်တည်ခြင်း)

Ovarian cyst (သားဥအိမ်ရေအိတ်တည်ခြင်း)

သားဥအိမ်ရေအိတ်တည်ခြင်းဆိုသည်မှာ သားဥအိမ်အတွင်း (သို့မဟုတ်) အပြင်မျက်နှာပြင်ပေါ်တွင် ရေအိတ်ကလေးများ ဖြစ်တည်နေခြင်း ဖြစ်သည်။ အမျိုးသမီးများတွင် သားဥများကို သားအိမ်၏ ဘေးဘက်စီတွင် တွေ့ရသည်။ သားဥအိမ်များ၏ ပုံမှန်အရွယ်အစားမှာ ဗာဒံစေ့အရွယ်ခန့်သာရှိတတ်သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများတွင် သားဥအိမ်တွင် သားဥများလစဉ်ကြွေသည်။

Ovarian cyst IMG 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သားဥအိမ် ရေအိတ်တည်ခြင်း ဖြစ်ရခြင်းအကြောင်းရင်းများသည်_

  1. သားဥကြွေဆေးများ သောက်သုံးပြီး ကိုယ်ဝန်ဆောင်ခြင်း၏ နောက်ဆက်တွဲများ၊
  2. သားအိမ်တစ်ရှူးနှင့် တူသောအရာများ သားဥတွင်တွယ်ကပ်ခြင်း၊
  3. သားအိမ် ရောင်ခြင်းနှင့်
  4. ယခင် သားဥအိမ် ရေအိတ်တည်ဖူးခြင်းများကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ

သားဥအိမ် ရေအိတ်တည်ခြင်းသည် အဖြစ်များပြီး၊ အများအားဖြင့် မည်သည့်ဝေဒနာမျှ မခံစားရဘဲ၊ ဆေးကုသမှု မလိုအပ်ဘဲနှင့် ရေအိတ်များ သေးကျုံ့သွားတတ်သည်။ သို့သော် အချို့သားဥအိမ်အလုံးများမှာ အလုံး၏ အညှာတံလိမ်သွားခြင်း၊ သားဥအလုံးပေါက်ခြင်း၊ ဝမ်းခေါင်းအတွင်း သွေးယိုစိမ့်ခြင်းများ ခံစားရတတ်သည်။
သို့ဖြစ်ပါ၍ သားဥအိမ်အလုံးရှိပါက ခံစားရတတ်သော လက္ခဏာများကို ကြိုတင်သိရှိထားခြင်း၊ ပုံမှန်ကုသစောင့်ရှောက်မှုခံယူခြင်းများရှိပါက ဆိုးရွားစွာခံစားရနိုင်သော ဝေဒနာများကို ရှောင်ရှားနိုင်သည်။ အများအားဖြင့် သားဥအိမ်အလုံးများသည် ပြင်းထန်ဝေဒနာများ မခံစားရတတ်ပါ။ သားဥအိမ်အလုံးများသည် အရွယ်ပမာဏကြီးမားနေပါက လူနာမှာ တစ်ခါတစ်ရံ ဆီးခုံတဝိုက်တွင် နာကျင်ခံစားရခြင်း၊ ဗိုက်တင်းဗိုက်ကျပ်ခြင်း၊ လေပွခြင်းများခံစားရပြီး၊ မအီမသာဖြစ်တတ်သည်။ လူနာမှာ ရုတ်တရက် ပြင်းထန်စွာဗိုက်နာခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်၍ အသက်ရှူပြင်းခြင်း၊ မူးဝေအားနည်းခြင်းများ ခံစားရပါက ဆရာဝန်များနှင့် ပြသ၍ ကုသမှုခံယူသင့်သည်။

သားဥအိမ်ရေအိတ် အမျိုးအစားများ

  1. သားဥအိမ်အလုံးများမှာ အများအားဖြင့် ရာသီစက်ဝန်းနှင့်ဆက်စပ်၍ ဖြစ်တတ်သော အလုံးများ ဖြစ်သည်။ တစ်လတစ်ခါ သားဥအိမ်သည် follicle ဟုခေါ်သော အရည်အိတ်ငယ်လေးများကို ဖြစ်စေသည်။ ထိုအရည်အိတ်ကလေးများသည် ဟော်မုန်းများထုတ်ပေးသလို သားဥကိုလည်း ထုတ်ပေးသည်။
    ရာသီစက်ဝန်းနှင့် ပတ်သက်၍ ဖြစ်တတ်သော ရေအိတ်အလုံး(၂)မျိုး ရှိသည်။
    • (က) Follicular cyst – သားဥကြွေချိန်တွင် follicle ဟုခေါ်သော အရည်အိတ်ကလေးမှ သားဥမကြွေကျဘဲနှင့် သားဥအိမ်အတွင်း ဆက်လက်ရှိနေပြီး ရေအိတ်အလုံးအဖြစ် ကြီးထွားလာသည်ကို တွေ့ရတတ်သည်။
    • (ခ) Corpus luteal cyst – သားဥကြွေချိန်တွင် follicle ဟုခေါ်သော အရည်အိတ်ကလေးမှ သားဥမှာ ကြွေသော်လည်း သားဥကြွေသောလမ်းကြောင်း ပိတ်မိသဖြင့် ရေစုပြီး ရေအိတ်အလုံးအဖြစ် တွေ့ရတတ်ခြင်း ဖြစ်သည်။ အထက်ပါသားဥအိမ်ရေအိတ်လုံးများသည် ရာသီစက်ဝန်းနှင့် ဆက်စပ်၍ ဖြစ်တတ်သော အလုံးများဖြစ်ပြီး အမျိုးသမီးများတွင် အများအားဖြင့် တွေ့တတ်သည်။ ထိုသားဥအိမ်ရေအိတ်လုံးများသည် အန္တရာယ်မရှိပါ။ ပုံမှန်အားဖြင့် နှစ်လ၊ သုံးလကြာလျှင် ပျောက်သွားတတ်သည်။
  2. အခြားရာသီစက်ဝန်းနှင့် မဆက်စပ်ဘဲ ဖြစ်တတ်သော အလုံးများမှာ သားဥအိမ်တွင်ဖြစ်သော dermoid cyst ခေါ် အဆီလုံး၊ cystadenoma ခေါ် အရည်လုံးနှင့် endometrioma ခေါ် သွေးလုံးများ ဖြစ်သည်။
    • (က) dermoid cyst ခေါ် သားဥအိမ်အဆီလုံးများတွင် ဆံပင်၊ အရေပြား၊ အရိုးနု၊ သွားနှင့်တူသောအရာများ ပါတတ်သည်။ ထိုသားဥအိမ် အဆီလုံးများသည် ကင်ဆာဖြစ်နိုင်ခြေလွန်စွာနည်းပါးသည်။
    • (ခ) cystadenoma ခေါ် သားဥအိမ်အရည်လုံးများကို သားဥအိမ်မျက်နှာပြင်ရှိ ဆဲလ်များမှ ဖြစ်ပေါ်စေသည်။ အလုံးများအတွင်း အရည်ကြည်ကြည်များ (သို့မဟုတ်) ချွဲပျစ်သော အရည်များရှိတတ်သည်။ ထိုအလုံးများ၏ အရွယ်ပမာဏမှာ ကြီးတတ်သည်။
    • (ဂ) endometrioma ခေါ် သွေးလုံးများဖြစ်ရခြင်းမှာ သားအိမ်နံရံ၏တစ်ရှူးနှင့်တူသော အရာများသည် သားဥအိမ် သို့မဟုတ် သားအိမ်ပြင်ပတွင် လာရောက်တွယ်ကပ်နေရာမှ သွေးလုံးများဖြစ်လာခြင်းဖြစ်သည်။

အဆီလုံးနှင့်အရည်လုံးများသည် အရွယ်ပမာဏကြီးတတ်ပြီး၊ အညှာလိမ်နိုင်ခြင်း ဖြစ်နိုင်ခြေပိုများတတ်သည်။ ထိုသို့ဖြစ်ပါက လူနာမှာ ရုတ်တရက် ပြင်းထန်စွာဗိုက်နာခြင်း၊ အန်ခြင်း ခံစားရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများအနေဖြင့် အညှာလိမ်ခြင်း၊ အရေအိတ်ပေါက်၍ သွေးယိုစိမ့်ခြင်းများ ခံစားရတတ်သည်။ သားဥအိမ်ရေအိတ်သည် အရွယ်ပမာဏကြီးမားပါက အညှာလိမ်နိုင်ခြင်း ပိုဖြစ်နိုင်ပြီး လူနာမှာ ရုတ်တရက် ဗိုက်နာခြင်း၊ အန်ခြင်းများ ခံစားရတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သင်၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကု ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
  • ကိုယ်ဝန် ရှိမရှိ ဆီးစစ်ခြင်း – သားဥအိမ်ရေအိတ်ဖြစ်ပါက ဆီးစစ်သည့်အခါ ကိုယ်ဝန်ရှိကြောင်းတွေ့ရမည် မဟုတ်ပါ
  • အာထရာဆောင်းရိုက်ခြင်း (Ultrasound) ဖြင့် မိန်းမကိုယ်တင်ပါးဆုံရိုးခွင် အတွင်းရှိ ရေအိတ်အရွယ်အစား၊ အရေအတွက်၊ တည်နေရာနှင့် ဖွဲ့စည်းထားသောအသားလုံး (သို့မဟုတ်) အရည်လုံးများကို သေချာစွာသိရှိနိုင်သည်
  • ဝမ်းဗိုက်ကို မှန်ပြောင်းနှင့်ကြည့်ခြင်း (laparoscopy)ဖြင့် သားဥအိမ်များ၊ ရေအိတ်များကို တွေ့နိုင်ပြီး လိုအပ်ပါက ကုသမှုကိုပါ တပါတည်းပေးနိုင်သည်၊ မေ့ဆေးပေး၍ ကြည့်ရသည်
  • သွေးတွင်းကင်ဆာအဆင့်ဟု သတ်မှတ်နိုင်သောဓာတ် (Tumour Markers) မြင့်တက်ခြင်း ရှိမရှိ စစ်ဆေးခြင်းဖြင့် ကင်ဆာ (သို့မဟုတ်) ရိုးရိုးသားဥအိမ်ရေအိတ်များကို ခွဲခြားပေးနိုင်သည်
  • သို့သော် တချို့သောTumour Marker များ (ဥပမာ – CA 125)သည် ကင်ဆာမဟုတ်သော သွေးလုံးများ၊ သားအိမ်ရောင်ခြင်းရောဂါများ၌လည်း မြင့်တက်နေနိုင်သည်
ကုသခြင်း
  • စောင့်ကြည့်၍ကုသခြင်း – သားဥရေအိတ်အများစုသည် လအနည်းငယ်အတွင်း သေးငယ် ပျောက်ကင်းသွားတတ်သော်လည်း၊ ရက်ချိန်းမှန်မှန် ပြသရန် လိုအပ်သည်၊ လိုအပ်ပါက အာထရာဆောင်း ထပ်မံရိုက်ရမည်
  • ဆေးဖြင့်ကုသခြင်း – ဟော်မုန်းတားဆေးများသောက်သုံးခြင်းသည် သားဥကြွေခြင်းကို ဟန့်တားထားသဖြင့် သားဥအိမ်ရေအိတ်များ ထပ်မံမဖြစ်ပေါ်နိုင်ပါ
  • ခွဲစိတ်ကုသခြင်း – သားဥအိမ်ရေအိတ် အရွယ်အစားကြီးခြင်း၊ နာကျင်မှု ခံစားနေရခြင်း ရှိသည့်အခါမျိုးတွင် ခွဲစိတ်ကုသခြင်းကို ပြုလုပ်ရသည်။ ရေအိတ်သီးသန့်ထုတ်ခြင်း (cystectomy) (သို့မဟုတ်) သားဥအိမ်ပါ တစ်ပါတည်း ထုတ်ခြင်း (oophorectomy)ဖြင့် ခွဲစိတ်ကုသရသည်၊ ထိုသို့ခွဲစိတ်ခြင်းကို (laparoscopy) မှန်ပြောင်းဖြင့်လည်း ခွဲစိတ်ကုသနိုင်သည်
  • သွေးဆုံးပြီးသော အမျိုးသမီးများတွင် သားဥအိမ်ရေအိတ်အလုံးဖြစ်ပါက ကင်ဆာဖြစ်နိုင်ခြေများသည်
  • ကင်ဆာအလုံးဖြစ်ပါက ကင်ဆာအဆင့်ကို သတ်မှတ်ရန် ဗိုက်ခွဲ၍ အသေးစိတ် ကြည့်ရှုစစ်ဆေး ခွဲစိတ်ကုသရသည်၊ လိုအပ်ပါက ကင်ဆာဆေးသွင်းကုသရခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်လည်း ဆက်လက်ကုသရတတ်သည်။
ကာကွယ်ခြင်း

သားဥအိမ်ရေအိတ် အလုံးတည်ခြင်းကို ကာကွယ်မည့် နည်းလမ်းမရှိသေးပါ။ သို့ရာတွင် သားဥအိမ်ရေအိတ်ရှိပါက သွေးဆုံးပြီးသော အမျိုးသမီးများတွင် နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် သားဖွားမီးယပ်အထူးကု (သို့မဟုတ်) မိမိ၏မိသားစုဆရာဝန်နှင့် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်သည်။

References:

  1. Ovarian cysts | Office on Women’s Health. (n.d.). OASH | Office on Women’s Health. Retrieved July 23, 2024, from https://www.womenshealth.gov/a-z-topics/ovarian-cysts
  2. Sharp, H. T. (2022). Evaluation and management of ruptured ovarian cyst. UpToDate. Retrieved July 23, 2024, from https://www.uptodate.com/contents/search
  3. Ovarian cysts – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 23, 2024, from https://www.mayoclinic.org/diseases-conditions/ovarian-cysts/symptoms-causes/syc-20353405&utm_source=igadl,igatpdl,sh/x/gs/m2/5

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.