Diabetes mellitus – diagnosis (ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း)

Diabetes mellitus – diagnosis (ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆီးချိုသွေးချိုရောဂါ ဖြစ်ရခြင်းသည် အင်ဆူလင်ဟော်မုန်းနှင့် သက်ဆိုင်သည်။ အင်ဆူလင် (insulin) ဆိုသည်မှာ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ပုံမှန်အတွင်း ရှိနေစေရန် ထိန်းပေးသော ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယ(Pancreas)ဟုခေါ်သော ကိုယ်တွင်းအင်္ဂါမှ ထုတ်လုပ်ပေးသည်။

အောက်ပါအခြေအနေများကြောင့် ဆီးချိုရောဂါ ဖြစ်ပေါ်လာသည်။

  1. ပန်ကရိယမှ အင်ဆူလင်(insulin)ကို လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်း (insulin deficiency)
  2. ထုတ်ထားသော အင်ဆူလင်ကို ခန္ဓာကိုယ်မှ တုံ့ပြန်မှု မရှိခြင်း (insulin resistance)

ဆီးချိုရောဂါ အဓိကအမျိုးအစားများမှာ –

  • အမျိုးအစား(၁) ဆီးချို (type 1 diabetes mellitus)
  • အမျိုးအစား (၂) ဆီးချို (type 2 diabetes mellitus)
  • ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုရောဂါ (gestational diabetes)
  • ရှားပါးသော ဆီးချိုရောဂါ အမျိုးအစားများ [ဥပမာ – Monogenic diabetes mellitus – Maturity-onset diabetes of the young (MODY)] တို့ဖြစ်ကြသည်။
  1. အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes)
    အမျိုးအစား (၁) ဆီးချို‌ရောဂါဖြစ်ရခြင်းမှာ မိမိ၏ကိုယ်ခံအားစနစ် (immune system)မှ အင်ဆူလင် (Insulin) ထုတ်ပေးသည့် ပန်ကရိယ(Pancreas)ကို တိုက်ခိုက်ဖျက်စီးခြင်း‌ကြောင့် ဖြစ်သည်။ အမျိုးအစား (၁) ဆီးချိုရောဂါသည် မျိုးရိုးဗီဇနှင့် အဓိကသက်ဆိုင်သည်။ အသက်ငယ်ရွယ်သူများတွင် အဖြစ်များလေ့ရှိသည်။
  2. အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes)
    အမျိုးအစား (၂) ဆီးချိုရောဂါသည် မိမိတို့ခန္ဓာကိုယ်ရှိ ဆဲလ်များမှ အင်ဆူလင်ကို ပုံမှန်အတိုင်း တုံ့ပြန်မှုမရှိခြင်း (insulin resistance)ကြောင့် သွေးတွင်းသကြားဓာတ်များလာခြင်း ဖြစ်သည်။ အမျိုးအစား(၂) ဆီးချိုရောဂါသည် မျိုးရိုးဗီဇတစ်ခုထဲနှင့် မသက်ဆိုင်ပါ။ မိမိ၏ နေထိုင်စားသောက်မှုပုံစံနှင့်လည်း သက်ဆိုင်သည်။ ကိုယ်လက်လှုပ်ရှားမှု နည်း၍ အထိုင်များသူများ၊ အ၀လွန်သူများတွင် အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၄၅) နှစ်နှင့်အထက်တွင် ပို၍အဖြစ်များသည်။

    အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်ခင်အခြေအနေကို အကြိုဆီးချို (Pre-diabetes)ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သွေးတွင်းသကြားဓာတ်သည် ပုံမှန်ထက်မြင့်မားနေပြီး ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်အထိ သွေးတွင်းသကြားဓာတ် မမြင့်မား‌သေးသည့်အခြေအနေကို အကြိုဆီးချို‌ရောဂါဟုခေါ်သည်။
  3. ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ခြင်း (Gestational diabetes)
    ယခင်က ဆီးချိုရောဂါမရှိသော အချို့အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါ ဖြစ်ပေါ်လာတတ်သည်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးနောက်တွင် အဆိုပါ ဆီးချိုရောဂါသည်လည်း ပျောက်ကင်းသွားလေ့ရှိကြသည်။ သို့သော် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ခြင်းသည် နောက်ပိုင်းတွင် အမျိုးအစား (၂)ဆီးချို ဖြစ်လာနိုင်ခြေများသည်။

    ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါ အဖြစ်များသူများမှာ
    • အ၀လွန်သူများ
    • ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
    • အကြိုဆီးချိုရောဂါ ရှိသူများ
    • ယခင် ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါ ဖြစ်ခဲ့ဖူးသူများ
    • သားဥအိမ်တွင် ရေအိတ်များတည်ခြင်း (polycystic ovarian syndrome)
    • မိသားစုမျိုးရိုးတွင် ဆီးချိုရောဂါရှိသူများ
    • ယခင်ကိုယ်ဝန်တွင် (၉)ပေါင်နှင့် အထက်ရှိသော ကလေးမွေးဖွားဖူးသူများ ဖြစ်ကြသည်။
  4. လူငယ်များတွင် ဖြစ်တတ်သော မျိုးရိုးနှင့် သက်ဆိုင်သည့် ဆီးချိုရောဂါ (Monogenic diabetes mellitus – Maturity-onset diabetes of the young – MODY)
    မျိုးရိုးဗီဇ ပြောင်းလဲမှု (genetic mutation) ကြောင့် အသက်(၂၅)နှစ်အောက်လူငယ်များတွင် တွေ့ရတတ်သော ဆီးချိုအမျိုးအစားဖြစ်သည်။ အစပိုင်းတွင် ဆီးချိုရောဂါလက္ခဏာပြလေ့မရှိဘဲ ပုံမှန် ကျန်းမာရေးစစ်ဆေးသည့်အချိန်တွင် သွေးတွင်းသကြားဓာတ်များနေသည်ကို တွေ့ရလေ့ရှိသည်။ မျိုးရိုးဗီဇစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပြီး မျိုးရိုးလိုက်သောကြောင့် မိမိတွင်ရှိပါက မိသားစုဝင်များကိုပါ စစ်ဆေးရမည်ဖြစ်သည်။ မျိုးရိုးဗီဇပြောင်းလဲမှုပေါ် မူတည်၍ အချို့သူများတွင် သကြားဓာတ် အနည်းငယ်သာ တက်သောကြောင့် ဆေးထိုး၊ ဆေးသောက်စရာမလိုဘဲ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့်သာ ရောဂါထိန်းသိမ်းနိုင်ပြီး အချို့သူများတွင် ရောဂါထိန်းသိမ်းရန် သောက်ဆေးများနှင့် လိုအပ်လျှင် အင်ဆူလင်ထိုးဆေးများကိုပါ အသုံးပြုရသည်။
ရောဂါလက္ခဏာများ

ဆီးချို၊ သွေးချိုရောဂါ၏ အဓိကလက္ခဏာများမှာ ဆီးသွားများခြင်း (အထူးသဖြင့် ညဘက်တွင် ဆီးမကြာခဏသွားခြင်း)၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်သည်။

အခြားလက္ခဏာများမှာ –

  • ကိုယ်လက် မအီမသာဖြစ်ခြင်း
  • ကြွက်တက်ခြင်း
  • ပျို့အန်ခြင်း
  • မကြာဏဗိုက်ဆာခြင်း
  • အနာကျက်ရန် အချိန်ကြာခြင်း
  • ဘက်တီးရီးယားပိုး၊ မှိုပိုးများ အ၀င်လွယ်ခြင်း (သွားဖုံး၊ အရေပြားနှင့် အမျိုးသမီးအဂႅါတွင် ပိုး၀င်ခြင်း)
  • လည်ပင်းနှင့်ဂျိုင်းကြားရှိ အရေပြားများ မည်းလာခြင်း စသည်တို့ဖြစ်သည်။

သို့သော် အချို့သောသူများတွင် မည်သည့်ရောဂါလက္ခဏမျှ မပြဘဲ ဆီးချိုရောဂါရှိနေနိုင်သည်။ ထို့သို့လက္ခဏာမပြဘဲ ဆီးချိုရောဂါရှိနေသူများကို ရှာဖွေ၍ ဆီးချို‌ရောဂါကို အချိန်မီသိရှိ ကုသမှုခံယူနိုင်ရန် လွန်စွာအရေးကြီးသည်။

ထို့ကြောင့် အောက်ဖော်ပြပါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများသူများတွင် ဆီးချိုရောဂါကို ကြိုတင်ရှာဖွေ စစ်ဆေးရသည်။

  • အ၀လွန်သောသူများ (ခန္ဓာကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို အခြေခံ၍ တိုင်းတာသော Body Mass Index (BMI) (၂၅)နှင့်အထက် ရှိသူများ)
  • မိဘမျိုးရိုး (အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမများ) တွင် ဆီးချိုရောဂါရှိသူများ
  • နှလုံးရောဂါ၊ သွေးတိုးရောဂါ ရှိသူများ
  • သွေးတွင်း အဆီဓာတ်များသူများ
  • သားဥအိမ်တွင် ရေအိတ်များတည်ခြင်း (polycystic ovarian syndrome)
  • ကိုယ်လက် လှုပ်ရှားမှု မရှိဘဲ အထိုင်များသူများ
  • အိတ်ချ်အိုင်ဗွီ (HIV)ရောဂါ
  • သွေးတွင်းသကြားဓာတ်ကို မြင့်တတ်စေနိုင်သော ဆေးများ သောက်နေရသူများ
  • ယခင်က ပန်ကရိယရောင်ဖူးသူများ (pancreatitis)
  • အသက် (၃၅) နှစ်ကျော်သူများ
  • အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်ခဲ့သူများ ဖြစ်ကြပြီး ထိုသူများတွင် ဆီးချိုရောဂါကို ကြိုတင်စစ်ဆေးရှာဖွေ ကုသသင့်သည်။

စစ်ဆေးမှုရလဒ်များမှာ ပုံမှန်ဖြစ်နေခဲ့လျှင် အနည်းဆုံး သုံးနှစ် တစ်ကြိမ် သို့မဟုတ် အ‌ခြေအနေပေါ်မူတည်၍ လိုအပ်သလို စစ်ဆေးသင့်သည်။ ထိုသို့စစ်ဆေး၍ မိမိတွင် အကြိုဆီးချိုရောဂါရှိနေပါက တစ်နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်။ ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါရှိခဲ့ဖူးလျှင် ဘ၀တစ်လျှောက်လုံး သုံးနှစ်လျှင် တစ်ကြိမ် အမြဲပုံမှန်စစ်ဆေးသင့်သည်။

နောက်ဆက်တွဲပြဿနာများ

ဆီးချိုရောဂါကို သေချာစွာမကုသပါက အောက်ပါ နောက်ဆက်တွဲပြသနာများကို အချိန်တိုအတွင်း ခံစားရနိုင်သည်။

  • နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း – ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း
  • ဦးနှောက်သွေးကြောပိတ်ခြင်း (လေဖြတ်ခြင်း)
  • ခြေထောက်သို့ သွေးလျှောက်မှုနည်းပြီး လှုပ်ရှားလျှင် ကြွက်သားများနာကျင်ခြင်း၊ ခြေချောင်းများပုပ်ခြင်း
  • ခြေထောက်တွင်အနာဖြစ်ပါက အကျက်နှေးခြင်း
  • အမြင် အာရုံချို့တဲ့ခြင်း
  • ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း၊ ဆီးနည်းသွားခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း
  • အာရုံကြောထိခိုက်၍ ထုံကျဥ်ကိုက်ခဲခြင်း
  • အထိုင်အထတွင် သွေးပေါင်ကျ၍ ခေါင်းမူးခြင်းတို့ ဖြစ်ကြသည်။

လတ်တလော ဆိုးကျိုးများအနေနှင့်

  • ဆီးချိုဆိပ်တက်ခြင်း [အမျိုးအစား (၁)ဆီးချိုရောဂါတွင် ဒီကေအေ (DKA- Diabetes Ketoacidosis)နှင့် အမျိုးအစား (၂) ဆီးချို‌ရောဂါတွင် အိပ်ချ်အိပ်ချ်အက်စ် (HHS – hyperglycemic hyperosmolar state)]
  • သကြားဓာတ်ကျခြင်း (hypoglycemia – သွေးတွင်းသကြားဓာတ် (70) mg/dlအောက်ကျကာ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် သတိလစ်ခြင်း)တို့ ဖြစ်ပေါ်တတ်သည်။

အချို့လူနာများမှာ အထက်ပါ နောက်ဆက်တွဲပြဿနာများကို ခံစားရသည့်အချိန်မှသာ ဆီးချိုရှိမှန်း သိရှိကြသဖြင့် အလွန်နောက်ကျနေတတ်သည်။ ထို့ကြောင့် ဆီးချိုရောဂါ ရှိမရှိကို စောစီးစွာသိရှိနိုင်ရန် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းလိုအပ်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ နောက်ဆက်တွဲပြသနာများရှိ၍ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် မိသားစုထဲတွင် ဆီးချိုရောဂါ ရှိမရှိ မေးမြန်းခြင်း၊ နေထိုင်စားသောက်မှုပုံစံ မေးမြန်းခြင်း၊ ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးလက္ခဏာများ မေးမြန်းခြင်း)တို့နှင့် လူနာကိုစမ်းသပ်ခြင်း (ဆီးချိုရောဂါ၏ လက္ခဏာများကို စမ်းသပ်ခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ လက်နှင့်ခြေထောက်များကို စမ်းသပ်ခြင်း၊ ကိုယ်တွင်းအင်္ဂါများကို စမ်းသပ်ခြင်း)တို့ကို ပြုလုပ်နိုင်သည်။

ဆီးချိုရောဂါ ဟုသတ်မှတ်ရန်

  1. HbA1c – 6.5 ရာခိုင်နှုန်းနှင့် အထက်ရှိနေခြင်း
    HbA1c ဆိုသည်မှာ လွန်ခဲ့သော (၃)လအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ သွေးနီဥအတွင်းရှိ အောက်ဆီဂျင် သယ်ဆောင်သည့် ပရိုတင်းတစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်တွင် တွယ်ကပ်နေသော သွေးတွင်းသကြားဓာတ်၏ ရာခိုင်နှုန်းကို တိုင်းတာခြင်းဖြစ်သည်။
    (သို့မဟုတ်)
  2. FBS (Fasting Blood Sugar)
    အချိန် (၈)နာရီ မှ (၁၀)နာရီကြာ အစာမစားဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် ပမာဏသည် 126 mg/dl (7 mmol/l ) နှင့်အထက်ရှိနေခြင်း
    (သို့မဟုတ်)
  3. Glucose tolerance test
    အချိန် (၈)နာရီကြာ အစာမစားဘဲ သကြား (၇၅)ဂရမ်ပါ၀င်သော သကြားရည်တစ်ခွက်ကို သောက်ပြီးနောက် (၂)နာရီအကြာတွင် တိုင်းတာသော သွေးတွင်းသကြားဓာတ်ပမာဏမှာ 200 mg/dl (11.1mmol/l) နှင့်အထက်ရှိ‌နေခြင်း
    (သို့မဟုတ်)
  4. RBS (Random Blood Sugar)
    အစာဖြတ်တောက်ခြင်းမရှိဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ်ပမာဏသည် 200 mg/dl (11.1mmol/l)နှင့် အထက်ရှိ‌နေခြင်းတို့ ပါ၀င်သည်။
  • ဆီးချိုရောဂါလက္ခဏာများ ရှိနေသူများတွင် သွေးစစ်၍ အထက်ဖော်ပြပါ (၄)ခုထဲမှ (၁)ခုရှိ‌နေလျှင် ဆီးချိုရောဂါဟု သတ်မှတ်သည်။
  • ဆီးချိုရောဂါလက္ခဏာများ မရှိသူများတွင် အထက်ဖော်ပြပါ (၄)ခုထဲမှ (၂)ခုရှိ‌မှသာ ဆီးချိုရောဂါဟု သတ်မှတ်သည်။

အမျိုးအစား (၁) ဆီးချိုရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါကို ခွဲခြားလိုလျှင် ဓာတ်ခွဲခန်းတွင် C-peptideဟု ခေါ်သည့်ဟော်မုန်းဓာတ်နှင့် သွေးတွင်းပဋိပစ္စည်းများ (autoantibodies)တို့ကို စစ်ဆေးနိုင်သည်။ အမျိုးအစား (၁) ဆီးချိုတွင် C-peptideမှာ လျော့နည်းနေပြီး မိမိခန္ဓာကိုယ်ကို ပြန်၍တိုက်သည့် ပဋိပစ္စည်းများကို တွေ့နိုင်သည်။ အမျိုးအစား (၂) ဆီးချိုတွင် C-peptideမှာ ပုံမှန်ဖြစ်နေပြီး မိမိခန္ဓာကိုယ်ကို ပြန်၍တိုက်ခိုက်သည့် ပဋိပစ္စည်းများကို မတွေ့ရပေ။

အကြိုဆီးချိုရောဂါဟု သတ်မှတ်ရန်

  • HbA1c – 5.7 မှ 6.5 ရာခိုင်နှုန်းကြား ရှိနေခြင်း
    (သို့မဟုတ်)
  • FBS (Fasting Blood Sugar) – 100 mg/dl(5.6mmol/l) မှ 125 mg/dl (6.9mmol/l)ကြား
    (သို့မဟုတ်)
  • Glucose tolerance test – သကြားရည်သောက်ပြီး (၂)နာရီအကြာတွင်စစ်သော သွေးတွင်းသကြားဓာတ်သည် 140 mg/dl ( 7.8mmol/l ) မှ 199 mg/dl ( 11.1mmol/l) ကြား ရှိပါက သတ်မှတ်သည်။

ကိုယ်၀န်ဆောင်ဆီးချို (gestational diabetes) ဟုသတ်မှတ်ရန်

ယခင်က ဆီးချိုရောဂါမရှိသော ကိုယ်၀န်ဆောင်အမျိုးသမီးတွင် သကြားဓာတ်များနေပါက ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ရှိမရှိ သေချာစေရန် ကိုယ်၀န် (၂၄)ပတ် မှ (၂၈)ပတ်တွင် oral glucose tolerance test (OGTT) ဟုခေါ်သော သကြား(၇၅)ဂရမ်ပါ၀င်သော သကြားရည်ကိုသောက်ပြီး သကြားဓာတ်များ တိုင်းတာရသည်။ ထိုစစ်ဆေးခြင်းကို အနည်းဆုံး (၈)နာရီကြာ အစာမစားဘဲ မနက်ပိုင်းတွင် ပြုလုပ်ရသည်။ သကြားရည်မသောက်ခင်၊ သောက်ပြီးတစ်နာရီအကြာနှင့် နှစ်နာရီအကြာတွင် သကြားဓာတ်များတိုင်းတာထားရသည်။

အောက်ဖော်ပြပါ သကြားဓာတ်တစ်ခုခုနှင့် ကိုက်ညီလျှင် ကိုယ်၀န်ဆောင်ဆီးချိုဟု သတ်မှတ်သည်။

  • FBS (fasting blood sugar) – 92 mg/dl (5.1mmol/l) နှင့် အထက်
    (သို့မဟုတ်)
  • OGTT – သကြားရည်သောက်ပြီး တစ်နာရီအကြာတွင်တိုင်းသည့်သကြားဓာတ် 180 mg/dl (10.0mmol/l) နှင့် အထက်
    (သို့မဟုတ်)
  • OGTT – သကြားရည်သောက်ပြီး နှစ်နာရီအကြာတွင်တိုင်းသည့်သကြားဓာတ် 153 mg/dl (8.5mmol/l)

ဆီးချိုရောဂါရှိသူများတွင် အောက်ပါဇယားအတိုင်း ဆက်လက်ရှာဖွေ စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။

ခန္ဓာကိုယ်စမ်းသပ် စစ်ဆေးခြင်းပြုလုပ်ရမည့် အချိန်
အရပ် ၊ ကိုယ်အလေးချိန်ဆေးခန်းလာပြတိုင်း ပြုလုပ်ရမည်
သွေးပေါင်ချိန်ဆေးခန်းလာပြတိုင်း ပြုလုပ်ရမည်
အထိုင်အထတွင် သွေးပေါင်ချိန် ကွာဟမှု ရှိမရှိ တိုင်းတာခြင်းလိုအပ်လျှင် ပြုလုပ်ရမည်
မျက်စိအထူးကုဆရာ၀န်နှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည်
သိုင်းရွိုက်ကို စမ်းသပ်စစ်ဆေးခြင်းပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည်
အရေပြား စမ်းသပ်စစ်ဆေးခြင်းဆေးခန်းလာပြတိုင်း ပြုလုပ်ရမည်
ခြေထောက်ကို စမ်းသပ်စစ်ဆေးခြင်းပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည်
သွေး၊ ဆီးစစ်ခြင်း၊ အီးစီဂျီ ဆွဲခြင်းပြုလုပ်ရမည့်အချိန်
HbA1cပထမအကြိမ်စစ်ဆေးပြီး သုံးလ တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
အီးစီဂျီ ဆွဲခြင်းပထမအကြိမ်နှင့် လိုအပ်သည့်အချိန်တွင် ထပ်မံပြုလုပ်ရမည်
အဆီဓာတ် စစ်ဆေးခြင်းပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
အသည်းဓာတ် စစ်ဆေးခြင်းပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
ဆီးထဲတွင် အသားဓာတ် စစ်ဆေးခြင်းပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
ကျောက်ကပ်ဓာတ် စစ်ဆေးခြင်းပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်းပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်
မက်ဖော်မင် (metformin) သောက်နေသူများတွင် ဗီတာမင် ဘီ ၁၂ (vit B12) ပမာဏ စစ်ဆေးခြင်းပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးရမည်

ဆီးချိုရောဂါနှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန်

Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)

References:

  1. Diabetes – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 9, 2024, from https://www.mayoclinic.org/diseases-conditions/diabetes/diagnosis-treatment/drc-20371451
  2. Diabetes. (2024). Cleveland Clinic. Retrieved June 9, 2024, from https://my.clevelandclinic.org/health/diseases/7104-diabetes#d%E1%80%97iagnosis-and-tests
  3. Standards of Care in Diabetes | American Diabetes Association. (n.d.). Retrieved June 9, 2024, from https://professional.diabetes.org/standards-of-care

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.