သားအိမ်အသားလုံးဆိုသည်မှာ သားအိမ်ကြွက်သားနံရံအတွင်းမှ ဖြစ်ပေါ်လာသည့် ကင်ဆာမဟုတ်သည့် အသားပိုလုံးများဖြစ်သည်။ ၎င်းအလုံးများသည် အရွယ်အစား အမျိုးမျိုးရှိကြပြီး ပဲစေ့အရွယ် မှ ဖရဲသီးအသေးခန့်အထိ ရှိနိုင်သည်။ မျိုးပွားနိုင်သည့်အရွယ် အမျိုးသမီး (၃) ဦးလျှင် (၂) ဦးသည် သားအိမ်အသားလုံး ရှိနေနိုင်ပြီး များသောအားဖြင့် လက္ခဏာမပြကြပါ။ အချို့တွင် ရာသီသွေးဆင်းများခြင်း၊ ခါးနာခြင်း၊ ဆီးစပ်တွင် အလုံးစမ်းမိခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။
ဖြစ်ပေါ် ရသောအကြောင်းရင်းများ
သားအိမ်အသားလုံးဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ မသိကြပါ။ အမျိုးသမီးဟော်မုန်း အီစတိုဂျင် (oestrogen)နှင့် ဆက်စပ်မှုရှိသည်။ အမျိုးသမီးဟော်မုန်း အများဆုံးထွက်သည့် အသက် (၁၆) နှစ်နှင့် အသက် (၅၀) ကြားတွင် အဖြစ်များသည်။ သွေးဆုံးပြီးနောက်ပိုင်းတွင် ဓမ္မတာမပေါ်တော့သည်အချိန်၌ ထိုအသားလုံးများသည် သေးကျုံ့သွားသည်ကို တွေ့ရသည်။
ဖြစ်နိုင်ခြေများသူများမှာ-
- အဝလွန်သူများ၊
- ကလေးမယူသူ အမျိုးသမီးများ
- မျိုးရိုးတွင် သားအိမ်အသားလုံးရှိသူများ
- ဗီတာမင် ဒီ နည်းသူများ
- ဝက်သား၊ အမဲသားကဲ့သို့သော red meat အသားစားများပြီး ဟင်းသီးဟင်းရွက်စားနည်းသူများ တို့ဖြစ်သည်။
သားအိမ်အသားလုံးသည် အမျိုးသမီးတစ်ဦးတွင် တစ်လုံးတည်း (သို့မဟုတ်) အလုံးရေ အများအပြား ရှိတတ်သည်။ အချို့အလုံးများသည် အလွန်သေးငယ်ပြီး အာထရာဆောင်းဖြင့်သာ ရှာဖွေတွေ့နိုင်သည်။ အချို့မှာ ကြီးလာပြီး သားအိမ်ကို ပုံစံပျက်စေခြင်း၊ သားအိမ်အပြင်သို့ အညှာဖြင့် ရှည်ထွက်လာခြင်း၊ သားအိမ်ဘေးပတ်လည်ရှိ ကိုယ်တွင်းအင်္ဂါများကို ဖိခြင်း စသည်တို့ကို ဖြစ်စေတတ်သည်။
ရောဂါလက္ခဏာများ
လူအများစုတွင် သားအိမ်အလုံးကြောင့် လက္ခဏာပြခြင်း မရှိပါ။ သားအိမ်အလုံး၏ လက္ခဏာများသည် အလုံးအရေအတွက်၊ တည်နေရာနှင့် အရွယ်အစားပေါ်မူတည်၍ ကွဲပြားသည်။ အတွေ့ရများသော လက္ခဏာများမှာ_
- ဓမ္မတာများခြင်း၊ ဓမ္မတာရက်ရှည်လာခြင်း၊ မူမမှန် သွေးဆင်းခြင်း
- ဓမ္မတာလာစဉ် သားအိမ်ကိုက်ခြင်း
- ဆီးစပ်ကိုက်ခြင်း၊ တင်းခြင်း
- ခါးနာခြင်း
- ဆီးခဏခဏ သွားခြင်း၊ ကျဉ်ခြင်း
- ဝမ်းချုပ်ခြင်း
- ရင်ခေါင်းတောင့်ခြင်း
- လိင်ဆက်ဆံစဉ် နာကျင်ခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- အသားလုံးကြီးလာသောအခါ
- ဆီးအိမ်ကို ပိ၍ ဆီးသွားရခက်ခဲခြင်း
- အစာဟောင်းအိမ်ကို ပိ၍ ဝမ်းချုပ်ခြင်း
- အစာအိမ်ကို တွန်းထား၍ အစာမကြေ၊ ဗိုက်အင့်သကဲ့သို့ ဖြစ်ခြင်း
- အာရုံကြောများပိ၍ ခြေထောက်ကျဥ်ခြင်း၊ ထုံခြင်း
- သွေးပြန်ကြောများပိ၍ ခြေထောက်ရောင်ခြင်း
- တစ်ခါတစ်ရံတွင် အသားလုံးအရွယ်အစား အလွန်ကြီးလာပြီး အလုံးသို့သွားသည့် သွေးကြောပိတ်သွားသောအခါ အလုံးရှိရာနေရာတွင် ရုတ်တရက် အလွန်နာကျင်ခြင်း ခံစားရတတ်သည်။
- ဓမ္မတာသွေးဆင်းများသောကြောင့် သွေးအားနည်းခြင်း
- ကလေးရရန် ခက်ခဲခြင်း
- ကိုယ်ဝန်ရလာသည့်အခါတွင်
- အသားလုံးအရွယ်အစား ပိုကြီးလာခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- လမစေ့မီ ကလေးစောမွေးခြင်း
- သားအိမ်တွင်းရှိ ကလေးအနေအထားမမှန်ခြင်း
- မွေးဖွားရမည့်အချိန်တွင် မွေးလမ်းကြောင်းပိတ်ခြင်း (အသားလုံးတည်နေရာပေါ်မူတည်၍)
- အချင်း နေရာလွဲခြင်း၊ အချင်းသည် ဦးတိုက်ပိုင်း၏ အောက်သို့ရောက်၍ မွေးလမ်းကြောင်း အပေါက်ဝတွင် ပိတ်ကာနေတတ်ခြင်း (placenta praevia)
- မွေးပြီး သွေးသွန်ခြင်း
- မွေးပြီးနောက် သားအိမ်မဝပ်ခြင်း (subinvolution) စသည်တို့ဖြစ်တတ်သည်။
- အသားလုံး အပေါ်ယံရှိ သွေးကြောများပေါက်ပြီး ဝမ်းဗိုက်တွင်းသွေးယိုခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ သားအိမ်အသားလုံးကို ရှာဖွေရန် ရောဂါရာဇဝင်မေးမြန်ခြင်း၊ မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်သည့် ဓါတ်ခွဲစစ်ဆေးခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သားဖွားမီးယပ်ရောဂါ အထူးကုဆရာဝန်များသို့ လွှဲပြောင်းသည့်အခါတွင် အထူးကုဆရာဝန်မှ ရောဂါရှာဖွေရန်
- မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (transvaginal ultrasound)
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (hysteroscopy)
- ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်၍ စစ်ဆေးခြင်း (laparoscopy)တို့ကို လိုအပ်သလို ပြုလုပ်လိမ့်မည်။
ကုသခြင်း
- သားအိမ်အသားလုံးသည် ကျန်းမာရေးစစ်ဆေးစဉ် (check-up) တွေ့ရှိပြီး လက္ခဏာမပြပါက ကုသရန် မလိုပါ။ သို့သော် မိမိ၏ မိသားစု ဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်ဆရာဝန်နှင့် နှစ်စဉ်မှန်မှန် ပြသစစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ လက္ခဏာပြသနေခြင်း၊ နောက်ဆက်တွဲ ပြဿနာများ ရှိနေခြင်းတို့ကြောင့်သာ ကုသမှုခံယူရန် လိုအပ်နိုင်သည်။
- သားအိမ်အလုံးကြောင့် သွေးဆင်းများပါက သွေးတိတ်ဆေးများ၊ ဟော်မုန်းဆေးများဖြင့် ယာယီကုသနိုင်သည်။ နာကျင်ပါက အကိုက်အခဲပျောက်ဆေးများဖြင့် ကုသနိုင်သည်။ သွေးအားနည်းခြင်းကို သံဓာတ်အားဆေးများဖြင့် ကုသနိုင်သည်။
- ကိုယ်ဝန်တား ဟော်မုန်းသောက်ဆေး (OC pills) များသည် သွေးဆင်းလက္ခဏာများကို သက်သာစေသည်။
- သားအိမ်အသားလုံးကို ကျုံ့စေသည့် ဟော်မုန်းထိုးဆေးများဖြင့်လည်း ကုသနိုင်သည်။ ၎င်းဆေးများသည် လက္ခဏာများကို သက်သာစေသည့်အပြင် ခွဲစိတ်ကုသမှုကို လိုအပ်ပါက ပိုမိုလွယ်ကူစေနိုင်သည်။ သို့သော် ဓမ္မတာသွေးထိမ်သွားစေပြီး လူနာတွင် သွေးဆုံးသည်နှင့်တူသော လက္ခဏာတချို့ကို ခံစားရတတ်သည်။
- ခွဲစိတ်ကုသမှုများ
- သားအိမ်အသားလုံးကို ခွဲစိတ်ထုတ်ခြင်း (myomectomy)
- သားအိမ်တစ်ခုလုံး ခွဲစိတ်ထုတ်ခြင်း (hysterectomy)
(အထက်ပါ ခွဲစိတ်မှုများသည် ဝမ်းဗိုက်မှ ခွဲကြောင်းပေး (open surgery) ၍သော်လည်းကောင်း၊ မှန်ပြောင်းထည့် (laparoscopic surgery) ၍သော်လည်းကောင်းပြုလုပ်နိုင်သည်။) - သားအိမ်မှန်ပြောင်းဖြင့် သားအိမ်အတွင်းသားနံရံရှိ အသားလုံးကို ဖြတ်ထုတ်ခြင်း (hysteroscopic resection of fibroid)
- ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်၍ သားအိမ်အသားလုံးကို ရေဒီယိုလှိုင်းဖြင့်ကုသခြင်း (laparoscopic radiofrequency ablation)
- အခြားကုသမှုများ
- သားအိမ်အသားလုံးကို ပို့သည့် သွေးကြောကို ပိတ်ဆို့ခြင်းဖြင့် ကုသခြင်း (uterine artery embolization)
- သံလိုက်ဓာတ်မှန်ဖြင့် သားအိမ်အသားလုံးနေရာကို ရှာဖွေ၍ အာထရာဆောင်း အသံလှိုင်း (သို့မဟုတ်) လေဆာရောင်ခြည်တို့ဖြင့် ကုသခြင်း (MRI-guided ultrasound or laser ablation)
- အာထရာဆောင်းဖြင့် သားအိမ်အသားလုံးနေရာကို ရှာဖွေ၍ ရေဒီယိုလှိုင်း သုံး၍ ကုသခြင်း (ultrasound-guided radiofrequency ablation)
ကာကွယ်ခြင်း
သားအိမ်အသားလုံးများကို ကာကွယ်နိုင်သည့် နည်းလမ်းမရှိပါ။ သို့သော် သားအိမ်အသားလုံးကို ဖြစ်စေတတ်သော အခြေအနေများကို မိမိတို့၏ နေထိုင်စားသောက်မှုပုံစံ ပြုပြင်မွမ်းမံခြင်းများ ပြင်ဆင်နေထိုင်ခြင်းဖြင့် လျှော့ချနိုင်သည်။ မိမိ၏ ခန္ဓာကိုယ် အလေးချိန်ကို ကျန်းမာသော အလေးချိန်ဖြစ်အောင် ထိန်းသိမ်းထားခြင်း(healthy weight)၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း (regular exercise)၊ အစားအစာကို သင့်တင့်မျှတသော အချိုးအဆ(balanced diet)ဖြင့် အသီးအနှံ၊ အသီးအရွက်များများ စားခြင်းဖြင့် သားအိမ် အသားလုံးဖြစ်ပွါးမှုကို လျော့ချနိုင်သည်။ အချို့သုတေသန ရှာဖွေတွေ့ရှိချက်များအရ သန္ဓေတားသောက်ဆေးများနှင့် ပရိုဂျက်စတိုဂျင်ထိုးဆေး သုံးစွဲခြင်းများသည် သားအိမ်အသားလုံး ဖြစ်ပွါးမှုကို လျော့ကျစေနိုင်ဖွယ်ရှိသည်။ သို့သော် ထိုတားဆေးများကို အသက် (၁၆)နှစ် မတိုင်မီ အသုံးပြုသူများတွင် သားအိမ်အသားလုံး ဖြစ်နိုင်သော အန္တရာယ်ကို များစေနိုင်သည်။
References:
- Healthdirect Australia. (2024). Uterine fibroids. Symptoms, Treatments and Causes |Healthdirect. Retrieved June 29, 2024, from https://www.healthdirect.gov.au/uterine-fibroids#:~:text=Fibroids%20are%20non%2Dcancerous%20growths,get%20pregnant%20in%20the%20future.
- Uterine fibroids -Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 29, 2024, from https://www.mayoclinic.org/diseases-conditions/uterine-fibroids/diagnosis-treatment/drc-20354294
- Uterine Fibroids. (2023). Cleveland Clinic. Retrieved June 29, 2024, from https://my.clevelandclinic.org/health/diseases/9130-uterine-fibroids
- Website, N. (2022). Complications. nhs.uk. Retrieved June 29, 2024, from https://www.nhs.uk/conditions/fibroids/complications/
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.