Sudden visual Loss (ရုတ်တရက်အမြင်အာရုံဆုံးရှုံးခြင်း)

Sudden visual Loss (ရုတ်တရက်အမြင်အာရုံဆုံးရှုံးခြင်း)

ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်း ဆိုသည်မှာ အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံကို လျင်မြန်စွာ ဆုံးရှုံးရခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် မိနစ်ပိုင်း (သို့မဟုတ်) ရက်ပိုင်းအတွင်း ဖြစ်နိုင်သည်။ မျက်လုံးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံး ဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေတစ်ခုဖြစ်၍ ချက်ချင်း ကုသမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရုတ်တရက် အမြင်အာရုံ ဆုံးရှုံးရခြင်းတွင် ယေဘုယျအားဖြင့် အကြောင်းရင်း (၃) ခု ရှိသည်။

  1. မျက်လုံး၏ အလင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်တွင် ပြဿနာရှိခြင်း
    • အလင်းသည် မျက်စိမြင်လွှာသို့မရောက်မီ အရှေ့ဘက်တွင်ရှိသော မျက်ကြည်လွှာ၊ မှန်ဘီလူးနှင့် မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့ အရာဝတ္ထုများကို ထွင်းဖောက်ဖြတ်သန်းသွားရသည်။ ထိုသို့ အလင်း ဖြတ်သန်းမှုကို တားဆီးပိတ်ဆို့ထားသည့် အရာများသည် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသည်။ ဥပမာ_
    • မျက်ကြည်လွှာနှင့် မှန်ဘီလူးကြားရှိ မျက်လုံး၏ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း
    • မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့ အရာထဲတွင် သွေးထွက်ခြင်း
    • မျက်စိအတွင်း ရုတ်တရက် ရေပေါင်များလာခြင်း (ဥပမာ – မျက်စိရေတိမ်ရောဂါ – Acute Glaucoma)
    • မျက်ကြည်လွှာ အနာဖြစ်ခြင်း
    • မျက်စိ ထိခိုက်ဒဏ်ရာရခြင်း
  2. မြင်လွှာတွင် ပြဿနာရှိခြင်း
    • မြင်လွှာ ကွာကျခြင်း
    • မြင်လွှာအတွင်းသို့ ပိုးဝင်ခြင်းနှင့် သွေးထွက်ခြင်း
    • မြင်လွှာ၏ အဓိက သွေးကြောများ ပိတ်ဆို့ခြင်း
    • အမြင်အာရုံကြောသို့ လာသော သွေးကြောပိတ်ဆို့ခြင်း
  3. မျက်လုံးမှ ဦးနှောက်ဆီသို့ အမြင်အာရုံအချက်ပြမှုများ သယ်ဆောင်ပေးသော အာရုံကြောများနှင့် ဦးနှောက်၏ အမြင်အာရုံခံ အစိတ်အပိုင်းများတွင် ပြဿနာရှိခြင်း (ဥပမာ_မျက်စိအာရုံကြောရောင်ခြင်း – optic neuritis၊ လေဖြတ်ခြင်း – stroke၊ ယာယီသွေးကြောပိတ်ခြင်း – TIA)
ရောဂါလက္ခဏာများ

ကနဦး ရောဂါလက္ခဏာ တစ်စုံတစ်ရာဖြစ်ခြင်းမရှိဘဲ ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်း ဖြစ်နိုင်သကဲ့သို့ နောက်ခံအခြေအနေများ၏ လက္ခဏာများကိုပါ ပူးတွဲတွေ့ရှိနိုင်သည်။ ဥပမာ_မျက်စိပိုးဝင်ခြင်းတွင် မျက်စိနီခြင်း၊ မျက်လုံးအောင့်ခြင်း၊ နာခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်းများ ခံစားရလေ့ရှိပြီး အချို့တွင်မူ မျက်စိအတွင်း လျှပ်ပြက်သကဲ့သို့ လင်းလက်သွားခြင်း၊ အမည်းစက်များမြင်ရခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် ဆီးချို၊ သွေးတိုး၊ SLE စသော နောက်ခံရောဂါတို့၏ အခြားလက္ခဏာများလည်း တွေ့နိုင်သည်။ ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းသည် မျက်လုံးနှစ်ဖက်လုံးဖြစ်လျှင် သို့မဟုတ် အလုံးစုံ ဆုံးရှုံးခြင်းဖြစ်လျှင် အလွယ်တကူ သိရှိနိုင်သော်လည်း မျက်စိမြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းသာထိခိုက်ခြင်း (ဥပမာ_ဘေးဘက်များမမြင်ရဘဲ အလယ်တည့်တည့်ဧရိယာသာ မြင်ရခြင်း – tunnel visionနှင့် မျက်လုံး၏ အပေါ် သို့မဟုတ် အောက်ဘက်ထောင့်ဘက်များတွင် မြင်ကွင်းချို့ယွင်းမှု – quadrantanopia)များဖြစ်လျှင် အချိန်ကြာမှ သတိထားမိခြင်းများရှိနိုင်သည်။ အချို့တွင် ပုံမှန်လုပ်ဆောင်မြဲလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေရာမှ သတိထားမိနိုင်သည် (ဥပမာ_လှေကားဆင်းရာ၌ ခက်ခဲခြင်း)။

အမြင်အာရုံချို့ယွင်းမှုသည် လူကြီးများတွင် စောစီးစွာ သတိပြုမိနိုင်သော်လည်း ကလေးငယ်များတွင် အချိန်ကြာမြင့်မှ သိရခြင်းများ အဖြစ်များသည်။ စာမရေးနိုင်ခြင်း၊ အရာဝတ္ထုများ အလွယ်တကူ မမြင်တွေ့ရခြင်း၊ မကြာခဏ ခလုတ်တိုက်ခြင်းမှသည် အသက်တစ်နှစ်အောက် ကလေးများတွင် အလင်းရောင်နှင့်အရာဝတ္ထုများ (အရုပ်များ)ကို လိုက်လံကြည့်ရှုမှု မရှိတော့ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အမြင်အာရုံ ရုတ်တရက် ဆုံးရှုံးခြင်းကို ခံစားရပါက သို့မဟုတ် သံသယရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ် ဌာနသို့ ချက်ချင်း သွားရောက်ပြသခြင်း သို့မဟုတ် မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ရန်လိုသည်။

ရောဂါရှာဖွေခြင်း

မျက်စိဆရာဝန်မှ ရောဂါ ရာဇဝင် မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ခြင်း၊ မျက်စိကို အသေးစိတ် စစ်ဆေးမှုများပြုလုပ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။

ကုသခြင်း

ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းသည် အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး အမြင်အာရုံ ပြန်လည်ရရှိစေရန်အတွက် စောစီးစွာ ရောဂါရှာဖွေရန်နှင့် ကုသမှုရရှိရန် အရေးကြီးသည်။ ကုသမှုသည် အမြင်အာရုံဆုံးရှုံးမှုကို ဖြစ်စေသည့် ရောဂါအခြေအနေပေါ် မူတည်၍ အမျိုးမျိုးရှိသည်။ ဥပမာ_

  • မျက်စဥ်းဆေးပေးခြင်း၊ သောက်ဆေး (သို့မဟုတ်) ထိုးဆေးများဖြင့်ကုသခြင်း
  • ရောင်ရမ်းမှုများကို လျော့စေရန် စတီးရွိုက်ပါဝင်သော ဆေးများပေးခြင်း
  • ရောဂါပိုးဝင်ခြင်းကို ကုသရန် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
  • ခွဲစိတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း

ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းကို လျှော့ချနိုင်ရန် အောက်ဖော်ပြပါအချက်များအားပြုလုပ်နိုင်သည်။

  • မျက်စိအတွက် အန္တရာယ်ရှိသော လုပ်ငန်းခွင် သို့မဟုတ် အားကစားပွဲကဲ့သို့နေရာများတွင် လိုအပ်သည့် မျက်စိကာကွယ်ရေးပစ္စည်းများ (ဥပမာ – eyeglasses, eye shields and goggles) ကို သေချာဝတ်ဆင်ခြင်း
  • မျက်လုံးများကို လက်ဖြင့် မကြာခဏ ပွတ်ခြင်းမှရှောင်ကြဥ်ခြင်း
  • မျက်လုံးကို လက်ဖြင့် မထိခင် လက်ကို စနစ်တကျ ဆေးကြောခြင်း
  • မျက်ကပ်မှန်များ တပ်ဆင်အသုံးပြုခြင်းနှင့် မျက်ကပ်မှန် သန့်ရှင်းရေးလုပ်ခြင်းများကို ညွှန်ကြားချက်များအတိုင်း လိုက်နာခြင်း (contact lens)
  • ဆီးချို (သို့မဟုတ်) သွေးတိုးကဲ့သို့သော နာတာရှည်ရောဂါများ ရှိပါက ဆရာဝန်နှင့် သေချာပြသ၍ စနစ်တကျ ထိန်းသိမ်းခြင်း

References:

  1. Brady, C. J. (2023). Sudden Vision Loss. MSD Manual Consumer Version. Retrieved June 27, 2024, from https://www.msdmanuals.com/home/eye-disorders/symptoms-of-eye-disorders/sudden-vision-loss#Causes_v1157441
  2. Professional, C. C. M. (2024). Sudden Vision Loss. Cleveland Clinic. Retrieved June 27, 2024, from https://my.clevelandclinic.org/health/symptoms/24803-sudden-vision-loss
  3. Muth, C. C. (2017). Sudden Vision Loss. JAMA, 318(6), 584. Retrieved June 27, 2024, from https://doi.org/10.1001/jama.2017.7950

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.