နှာခေါင်းအသားပိုများကို နှာခေါင်းအတွင်းနံရံများ၊ နှာခေါင်းနှင့်ဦးခေါင်းခွံကြား ဆက်သွယ်ထားသော နှာခေါင်း လေခိုပေါက်များတွင် တွေ့ရသည်။ ၎င်းတို့သည် နူးညံ့ပြီး နာကျင်မှုမရှိသော၊ ကင်ဆာမဟုတ်သော အလုံးအကျိတ်တစ်မျိုး ဖြစ်သည်။ အများအားဖြင့် နှာခေါင်းနှစ်ဖက်လုံးတွင် တွေ့နိုင်သည်။ သေးငယ်သောအသားပိုများသည် ရောဂါလက္ခဏာပြလေ့မရှိပါ။ သို့သော် ကြီးမားသောအသားပိုများ (သို့မဟုတ်) အသားပိုအစုများသည် နှာခေါင်းပိတ်ခြင်းကို ဖြစ်စေ၍ အနံ့မရခြင်း၊ ပိုးဝင်ခြင်းနှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကိုဖြစ်စေသည်။ နှာခေါင်းအသားပိုများသည် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး လူလတ်ပိုင်းအရွယ်များတွင် ပို၍တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်စေနိုင်သောအကြောင်းရင်းအား တိကျစွာမသိနိုင်ပါ။ သို့သော် နှာခေါင်းလမ်းကြောင်းတစ်လျှောက်နှင့် နှာခေါင်းလေခိုပေါက်များတွင် မကြာခဏပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဓာတ်မတည့်ခြင်းနှင့် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှု တို့ကြောင့် ဖြစ်သည်ဟုယူဆသည်။
ဖြစ်နိုင်ချေများသောအခြေအနေများ
- ပန်းနာရင်ကျပ် ရောဂါရှိသူများ
- နှာခေါင်းပန်းနာ ရောဂါရှိသူများ
- အကိုက်အခဲပျောက်ဆေး (aspirin, ibuprofen) ဓာတ်မတည့်သူများ
- နှာခေါင်းတွင်းမကြာခဏပိုးဝင်လွယ်သူများ
- အဆုတ်၊ အစာခြေစနစ်များအား ထိခိုက်စေသော မျိုးရိုးဗီဇရောဂါရှိသူများ (Cystic Fibrosis)
ရောဂါလက္ခဏာများ
အတွေ့ရများသောလက္ခဏာများမှာ
- နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း
- နှာခေါင်းနောက်ဘက်သို့ နှာရည်ပြန်ကျခြင်း (postnasal drip)
- မျက်နှာတွင် နာကျင်မှုခံစားရခြင်း
- အနံ့မရခြင်း၊ အရသာခံ၍မရခြင်း
- မျက်လုံးတစ်ဝိုက်တွင် ယားယံခြင်း
- ခေါင်းကိုက်ခြင်း
- ဟောက်ခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
အသားပိုများရှိပါက လေဝင်လေထွက်ကို ပိတ်ဆို့စေပြီး ချွဲအရည်များသည် ကောင်းစွာစီးဆင်းနိုင်ခြင်း မရှိသောကြောင့် နှာခေါင်းတွင်းယားယံခြင်းနှင့် ရောင်ရမ်းခြင်းများကို ပိုဆိုးစေသည်။ ထို့ကြောင့် နှာခေါင်းအခေါင်းပေါက်များတွင် ပိုးဝင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် မကြာခဏပြန်ဖြစ်စေခြင်း၊ အိပ်နေစဥ် ခဏအသက်ရှူရပ်ခြင်းစသည့် ပြဿနာများ ဖြစ်စေသည်။ နှာခေါင်း အသားပိုများသည် ကင်ဆာအကျိတ် မဟုတ်ပါ။ သို့သော် နှာခေါင်းတစ်ဖက်တည်းတွင်သာရှိပြီး မကြာခဏ သွေးထွက်ခြင်းရှိလျှင်မူ ကင်ဆာသံသယ ရှိနိုင်သောကြောင့် စောစီးစွာပြသသင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းတွင်း မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်မတည့်မှုများကြောင့်ဖြစ်သည်ဟု ယူဆပါက ဓာတ်မတည့်စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။
ကုသခြင်း
ရောဂါ၏အနေအထားပေါ် မူတည်၍ ကုသမှုပေးသည်။ ဆေးဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အဓိကကုသမှုနှစ်ခု ဖြစ်သည်။
ဆေးဖြင့်ကုသခြင်း
ဆေးများသည် နှာခေါင်းအသားပိုအား ဖယ်ရှားနိုင်ခြင်းမရှိသော်လည်း လက္ခဏာများအား သက်သာစေသည်။ အသုံးများသော ကုသမှုများမှာ_
- စတီးရွိုက်ဆေးများ _ အသားပိုများအားကျုံ့သွားရန်နှင့် လက္ခဏာများသက်သာစေရန် (စတီးရွိုက်ဖြန်းဆေးများအပြင် သောက်ဆေးများလည်း အသုံးပြုသည်)
- ဓာတ်မတည့်မှုများအားလျော့နည်းစေရန်အတွက် ဘာမီတွန်ကဲ့သို့သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ
- ပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများ စသည်တို့ပေးနိုင်သည်။
ထို့အပြင်လိုအပ်ပါက ကိုယ်ခံအားထိန်းညှိဆေးများ (monoclonal antibodies) ပေးနိုင်သည်။
ခွဲစိတ်ကုသခြင်း
ဆေးများဖြင့်မသက်သာလျှင်၊ အသားပိုလုံးသည်အရွယ်အစားကြီးလျှင် ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်သည်။ ခွဲစိတ်ကုသ၍ ဖယ်ရှားမှုပြုလုပ်ပြီးသော်လည်း ပြန်ဖြစ်နိုင်သည့်အတွက် စတီးရွိုက်ဖြန်းဆေးများ ဆက်လက်သုံးရန် လိုအပ်သည်။
ကာကွယ်ခြင်း
နှာခေါင်းအသားပိုဖြစ်ခြင်းအား ကာကွယ်ရန် အမြဲမဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေကို လျှေ့ာချနိုင်သည့် နည်းလမ်းများမှာ
- ဆေးများအား ညွှန်ကြားချက်အတိုင်းသောက်ခြင်း
- လေထုထဲတွင်ပါသော ဓာတ်မတည့်မှုဖြစ်စေသော အမှုန်အမွှားများအား ရှောင်ကြဥ်ခြင်း
- အသက်ရှူလမ်းကြောင်းတွင် ခြောက်သွေ့မှုနည်းစေရန် စိုထိုင်းဆထိန်းသည့်စက်အားအသုံးပြုခြင်း
- ဆားရည်အသုံးပြု၍ နှာခေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များကို သေချာစွာပြုလုပ်ခြင်းတို့ ဖြစ်သည်။
References:
- Nasal Polyps. (2024). Cleveland Clinic. Retrieved July 3, 2024, from https://my.clevelandclinic.org/health/diseases/15250-nasal-polyps
- Website, N. (2023). Nasal polyps. nhs.uk. Retrieved July 3, 2024, from https://www.nhs.uk/conditions/nasal-polyps/
- Nasal Polyps. (2023). Johns Hopkins Medicine. Retrieved July 3, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/nasal-polyps
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.