ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သော်လည်း ကလေးငယ်များသည် ဝေဒနာခံစားရမှုကို ကျနသေချာစွာ ပြောဆိုနိုင်ခြင်း မရှိသောကြောင့် ဆီးပိုးဝင်ခြင်းကို သတိမထားမိဘဲ လုံလောက်သောကုသမှုများ မရရှိပါ။
ဆီးလမ်းကြောင်းတွင် အောက်ပါတို့ပါဝင်သည်။
- ကျောက်ကပ် (kidney) – ခန္ဓာကိုယ်မှလိုအပ်သော ဓာတ်ပစ္စည်းများကို ပြန်လည်စုပ်ယူကာ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ် စွန့်ထုတ်ပေးသည်
- ဆီးပြွန် (ureter) – ကျောက်ကပ်နှင့်ဆီးအိမ်ကို ဆက်သွယ်ပေးသည်
- ဆီးအိမ် (bladder) – ဆီးများကို ခန္ဓာကိုယ်မှမစွန့်ပစ်မီ ခေတ္တသိုလှောင်ထားပေးသည်
- ဆီးစွန့်ပြွန် (urethra) – ကိုယ်ခန္ဓာမှ ဆီးများကို အပြင်သို့စွန့်ထုတ်ပေးသည်။
ဆီးလမ်းကြောင်း၏ မည်သည့်နေရာ အစိတ်အပိုင်းတွင်မဆို ရောဂါပိုးဝင်ရောက်ကာ ဆီးပိုးဝင်ခြင်း ဖြစ်စေနိုင်သည်။ ဆီးပိုးဝင်ခြင်းသည် ကလေးတစ်ဦးမှတစ်ဦး မကူးစက်နိုင်ပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်တွင် ကလေးတစ်ဦး၏ဆီးသည် ရောဂါပိုးမရှိချေ။ ခန္ဓာကိုယ်အခြားနေရာများမှ ဘက်တီးရီးယားပိုးများ (ဥပမာ_အူလမ်းကြောင်းမှ ပိုးမွှားများ)ဝင်ရောက်လာသောအခါ ဆီးပိုးဝင်ခြင်းဖြစ်စေသည်။ မစင်အညစ်အကြေးမှတစ်ဆင့် အူလမ်းကြောင်းရှိ E.coli ဘက်တီးရီးယားပိုးကြောင့် ဆီးပိုးဝင်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။
ဆီးပိုးဝင်နိုင်သောအခြေအနေများမှာ –
- တင်းကြပ်သော သေးခံ (Diaper)၊ အတွင်းခံများ (ဥပမာ_ နိုင်လွန်)ဝတ်ဆင်ပေးခြင်း
- သန့်ရှင်းရေးလုပ်ရာတွင် စအိုဝနေရာမှ ဆီးစွန့်ပြွန်ရှိရာဖက်သို့ သုတ်၍ဆေးကြောခြင်း
- ကိုယ်ခံအားစနစ်အားနည်းခြင်း
- ကိုယ်ခံအားကိုလျော့ကျစေသော ဆေးများသောက်သုံးနေခြင်း
- မွေးရာပါဆီးလမ်းကြောင်းဖွဲ့စည်းမှု ပုံမှန်မဟုတ်ခြင်း
- မွေးရာပါဆီးအိမ်အတွင်းမှဆီးများ ဆီးပြွန်များအတွင်းပြန်လျှံတက်ခြင်း (versicoureteric reflux)
- လိင်တံအရေပြားရှည်ထွက်နေ၍ ရောဂါပိုးခိုအောင်းနိုင်ခြင်း
- ဝမ်းချုပ်လေ့ရှိခြင်း
- ဆီးသွားလိုသည့်အခါတိုင်း မသွားဘဲ ဆီးထိန်းထားလေ့ရှိခြင်း (ဥပမာ_အလွန်ကစားမက်ခြင်း)
ရောဂါလက္ခဏာများ
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ယေဘုယျအားဖြင့် (၂) ပိုင်းခွဲခြားနိုင်သည်။
- ဆီးအိမ်နှင့်အောက်ဘက် ဆီးလမ်းကြောင်းတစ်လျှောက် ဆီးပိုးဝင်ခြင်း
- ကျောက်ကပ်နှင့် ဆီးပြွန်လမ်းကြောင်းတစ်လျှောက် ဆီးပိုးဝင်ခြင်းတို့ဖြစ်သည်။
ဆီးအိမ်နှင့် အောက်ပိုင်းလမ်းကြောင်းတစ်လျှောက် ဆီးပိုးဝင်လျှင်
- ဆီးအရောင်နောက်ခြင်း
- ဆီးထဲသွေးပါခြင်း၊ ပြည်၊ အနည်များပါခြင်း
- ဆီးသွားလျှင် အောင့်ခြင်း၊ ပူခြင်း၊ နာကျင်ခြင်း
- အလျင်အမြန်ဆီးသွားလိုခြင်း၊ မကြာခဏဆီးသွားလိုခြင်း၊ သို့သော် ဆီးသွားပြီးသော်လည်း ဆီးကျန်သကဲ့သို့ ခံစားရခြင်း
- ဆီးကောင်းစွာမထိန်းနိုင်ဘဲ ညဘက်သာမက နေ့အချိန်များတွင်ပါ ဆီးထွက်ကျတတ်ခြင်း
- ချမ်းတုန်ဖျားခြင်း
- ပျို့အန်ခြင်း၊ ဗိုက်နာခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆီးလမ်းကြောင်း အထက်ပိုင်းပိုးဝင်ခြင်း (အထူးသဖြင့် ကျောက်ကပ် ပိုးဝင်ခြင်း) ဖြစ်လျှင် ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်းထက် လက္ခဏာများ ပိုမိုပြင်းထန်နိုင်သည်။ အလွန်အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကျော၊ ခါးအောင့်ခြင်းများ ပိုမိုတွေ့ရှိရသည်။
မွေးကင်းစနှင့် အသက်သုံးနှစ်အောက်ကလေးငယ်များတွင် ယေဘုယျရောဂါလက္ခဏာများသာ အတွေ့ရများသည်။
- ဖျားခြင်း
- အန်ခြင်း
- နို့မစို့ခြင်း
- ကလေးမလန်းဘဲ ဂျီကျခြင်း
- ကိုယ်အလေးချိန်မတက်ခြင်း
- တစ်ခါတစ်ရံ ဆီးအလွန်နံခြင်း၊ ဆီးထဲသွေးပါခြင်း၊ အသားဝါခြင်း၊ ဝမ်းလျှောခြင်းများဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ_
- ပိုးဆိပ်ပြန့်ခြင်း
- ခန္ဓာကိုယ်ကြီးထွားမှု နှောင့်နှေးခြင်းတို့ ဖြစ်သည်။
မကြာခဏ ဆီးပိုးဝင်ခြင်း (recurrent UTI)ကို ကောင်းစွာကုသမှုမရှိလျှင် တဖြည်းဖြည်း ကျောက်ကပ်ထိခိုက်လာပြီး
- သွေးတိုးခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်းများ ဖြစ်ပွါးတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှလိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးမှုများကို အသေးစိတ်ပြုလုပ်ပြီး သွေး၊ ဆီးစစ်ဆေးခြင်း ပြုလုပ်လေ့ရှိသည်။ လိုအပ်ပါက အာထရာဆောင်းရိုက်ခြင်း၊ ဆီးလမ်းကြောင်း အခြေအနေနှင့် လုပ်ဆောင်ချက် စစ်ဆေးရန် ဆေးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
ဆီးပိုးဝင်ခြင်းကို ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသရသည်။ ထိုးဆေးမလိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း နေအိမ်၌ သောက်ဆေး တိုက်ကျွေးကုသနိုင်သည်။ ကလေးကို အရည်များများတိုက်၍ မကြာခဏ ဆီးသွားစေခြင်းဖြင့် ဆီးလမ်းကြောင်းမှ ရောဂါပိုးများ အမြန်ရှင်းထုတ်နိုင်ရန် ပြုလုပ်ရမည်။
ကာကွယ်ခြင်း
ဆီးပိုးဝင်ခြင်းကို ရာနှုန်းပြည့် တားဆီးနိုင်ခြင်းမရှိသော်လည်း ဂရုတစိုက်ကာကွယ်မှုများဖြင့် ဆီးပိုးဝင်နိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်သည်။
- ကလေးငယ်ကို ပုံမှန်ဆီးသွားကျင့်ရှိရန်၊ ကုန်စင်အောင်သွားရန် လေ့ကျင့်ပေးခြင်း
- သန့်ရှင်းရေးပြုလုပ်ရာတွင် ဆီးသွားသည့်နေရာမှ စအိုဝဘက်၊ အနောက်ဘက်သို့ သုတ်ကာ သန့်ရှင်းတတ်အောင် လေ့ကျင့်ပေးခြင်း
- ချောင်ချိအေးမြသော အတွင်းခံများ၊ သေးခံများအသုံးပြုခြင်း၊ သေးခံမကြာခဏလဲပေးခြင်း
- ရေနှင့်အရည်ဓာတ်များများ မကြာခဏသောက်ရန် အားပေးခြင်း
- မကြာခဏ လက်ဆေးစေခြင်း
- ဝမ်းမချုပ်ရန် ဂရုစိုက်ခြင်းများ ပြုလုပ်ပေးရမည်။
မကြာခဏဆီးပိုးဝင်သော တချို့ကလေးများတွင် လိုအပ်ပါက ညစဉ် ပဋိဇီဝပိုးသတ်ဆေးများ ရေရှည်တိုက်ခြင်းဖြင့် ကာကွယ်နိုင်သည်။
References:
- Urinary Tract Infection (UTI) in Kids. (2024). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/diseases/12415-urinary-tract-infection-childrens#:~:text=A%20UTI%20in%20kids%20is,soon%20as%20they%20show%20symptoms.
- If Your Child Gets a UTI. (2023). WebMD. Retrieved June 26, 2024, from https://www.webmd.com/children/if-your-child-gets-a-uti
- Kids Health Info : Urinary tract infection (UTI). (n.d.). Retrieved June 26, 2024, from https://www.rch.org.au/kidsinfo/fact_sheets/Urinary_tract_infection_(UTI)/
- NHS inform. (2023). Urinary tract infection (UTI) in children | NHS inform. NHS Inform. Retrieved June 26, 2024, from https://www.nhsinform.scot/illnesses-and-conditions/kidneys-bladder-and-prostate/urinary-tract-infection-uti-in-children/
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.