Jaundice (အသားဝါခြင်း)

Jaundice (အသားဝါခြင်း)

အသားဝါခြင်းသည် ရောဂါအမည်မဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာဖြစ်သည်။ အသားဝါခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် အဝါရောင်ဓာတ် (Bilirubin)များခြင်းကြောင့်ဖြစ်သည်။ ထိုအဝါဓာတ်များခြင်းကြောင့် ‌အရေပြား၊ မျက်လုံးအဖြူသားနှင့် ခန္ဓာကိုယ်ရှိအင်္ဂါများကို ဖုံးအုပ်ပေးသည့် အမြှေးပါး (mucous membrane)တို့ ဝါလာကြသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ပုံမှန်အားဖြင့် သွေးထဲမှ သွေးနီဥများပျက်စီးခြင်းကြောင့် ထွက်လာသော အဝါဓာတ်များကို အသည်းမှတစ်ဆင့် အစာအိမ်အူလမ်းကြောင်းအတွင်းသို့ အညစ်အကြေးအနေနှင့် စွန့်ထုတ်ပြီး ဝမ်းနှင့်ဆီးမှတစ်ဆင့် စွန့်ပစ်သည်။ အဆိုပါဖြစ်စဉ်တစ်ခုခုတွင် ပုံမှန်မဟုတ်လျှင် အသားဝါနိုင်သည်။

အသားဝါခြင်းကိုဖြစ်‌ပေါ်စေသော အကြောင်းရင်း (၃)မျိုးရှိသည်။

  1. သွေးနီဥ ပျက်စီးခြင်း‌များသောကြောင့် အသည်းမှ စွန့်ထုတ်နိုင်သည့် ပမာဏထက် အဝါဓာတ်ပိုများလာပြီး အသားဝါခြင်း (Pre-hepatic or haemolytic jaundice)
    ဥပမာ_
    • သာလာဆီးမီးယား (Thalassaemia) သွေးအားနည်းရောဂါများ
    • G6PDဓာတ်ချို့တဲ့ခြင်း
  2. အသည်းမကောင်းခြင်းကြောင့် အသားဝါခြင်း (Hepatic jaundice)
    • အသည်းရောင် အသားဝါရောဂါများ (အသည်းရောင်အသားဝါရောဂါ အေ၊ ဘီ၊ စီပိုးများနှင့် အပ်စတိန်းဘား (Epstein Barr) ဗိုင်းရပ်စ်ပိုးများဝင်ခြင်း)
    • အရက်ကြောင့် အသည်းထိခိုက်ပျက်စီးခြင်း
    • ခန္ဓာကိုယ်၏ ခုခံစွမ်းအား ချို့ယွင်းမှုကြောင့် အသည်းရောင်ခြင်း
    • ချို့သောဆေးဝါးများ (ပင်နီဆီလင်၊ သန္ဓေတားဆေးများ၊ ပါရာစီတမော စသည့် ဆေးဝါးများ)
  3. အသည်းမှ စွန့်ထုတ်ပြီးသော အဝါရောင်ဓါတ်များကို အစာအိမ်၊ အူလမ်းအကြောင်းအတွင်းသို့ စွန့် ပစ်သည့် လမ်းကြောင်းပိတ်ခြင်းကြောင့် အသားဝါခြင်း (Post-hepatic/ obstructive jaundice)
    • သည်းခြေကျောက်တည်ခြင်း
    • သည်းခြေအိတ်ရောင်ရမ်းခြင်း
    • သည်းခြေကင်ဆာဖြစ်ခြင်း
    • ပန်ကရိယကင်ဆာဖြစ်ခြင်း
ရောဂါလက္ခဏာများ

အသားမဝါမီ မျက်လုံးနှင့်ဆီး ဦးစွာဝါလာသည်။ အသားဝါခြင်းနှင့် ဆက်စပ်သော ရောဂါလက္ခဏာများမှာ_

  • ဖျားခြင်း၊ ချမ်းတုန်ခြင်း – ပိုးဝင်ခြင်း၊ အသည်းရောင်ခြင်း၊ သွေးနီဥများ အလွန်အမင်း ပျက်စီးခြင်း အခြေအနေတို့တွင် တွေ့ရတတ်သည်။
  • ဗိုက်အောင့်ခြင်း၊ အန်ခြင်း – အသည်းရောင်ခြင်း၏ လက္ခဏာဖြစ်သည်။
  • ဆီးအရောင်အရင့်များ သွားခြင်း၊ ဝမ်းအဖြူရောင်များ သွားခြင်း – သည်းခြေပြွန်ပိတ်ခြင်း၏ လက္ခဏာဖြစ်သည်။
  • အရေပြားယားယံခြင်း – သည်းခြေပြွန်ပိတ်ခြင်း၏ လက္ခဏာဖြစ်သည်။
  • ကိုယ်အလေးချိန်ကျခြင်း – နာတာရှည်အသည်းရောဂါ၊ သည်းခြေကင်ဆာတို့၏ လက္ခဏာဖြစ်သည်။
  • ကယောင်ကတမ်းဖြစ်ခြင်း၊ အလွန်အိပ်ချင်ခြင်း – အသည်းပျက်စီးခြင်း၏ လက္ခဏာဖြစ်သည်။
  • အလွယ်တကူသွေးခြည်ဥခြင်း၊ သွေးအန်ခြင်း – အသည်းပျက်စီးခြင်း၏ လက္ခဏာဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အသားဝါခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများပေါ် မူတည်၍ နောက်ဆက်တွဲ ပြဿနာများ ကွဲပြားနိုင်ပါသည်။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • နာတာရှည်အသည်းရောင်ရမ်းခြင်း
  • အသည်းခြောက်ခြင်း
  • အသည်းအလုပ်မလုပ်နိုင်တော့ခြင်း
  • ရေဖျဉ်းစွဲခြင်း
  • သွေးထွက်လွယ်ခြင်း၊ သွေးမတိတ်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • သည်းခြေလမ်းကြောင်းပိုးဝင်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အသားဝါသည့် အကြောင်းရင်းကို သိရှိရန် လူနာ၏ ရောဂါရာဇဝင် (အဓိကအားဖြင့် ရောဂါအခံများဖြစ်သည့် ဘီပိုး၊ စီပိုး၊ သည်းခြေလမ်းကြောင်းဆိုင်ရောဂါများအကြောင်း) မေးမြန်းခြင်းနှင့် လူနာကို အထွေထွေစမ်းသပ်ခြင်း၊ လူနာ၏ ဝမ်းဗိုက်၊ အသည်းကို သေချာစွာစမ်းသပ်ခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း ရှိမရှိ စမ်းသပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့နောက် သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

အသားဝါခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသရမည်။

  • အသည်းရောင် အသားဝါဗိုင်းရပ်စ် ဘီပိုး၊ စီပိုးများကြောင့် အသားဝါလျှင် ထိုဗိုင်းရပ်စ်ရောဂါပိုးကို ကုသရမည်
  • ဆေးဝါးသောက်သုံးခြင်းကြောင့် ဖြစ်ပွားလျှင် ထိုဆေးဝါးများ သောက်သုံးခြင်းကို ရပ်ဆိုင်းရမည်
  • အရက်သောက်ခြင်းကြောင့်ဖြစ်လျှင် အရက်ဖြတ်ရမည်
  • သည်းခြေကျောက်တည်ခြင်းကြောင့်ဖြစ်လျှင် သည်းခြေကျောက်ကို မှန်ပြောင်းဖြင့် ဖယ်ထုတ်ခြင်း (ERCP) (သို့မဟုတ်) ခွဲစိတ်ခြင်းဖြင့် ကုသရမည်
ကာကွယ်ခြင်း

အချို့အကြောင်းရင်းများကြောင့် ဖြစ်သည့် အသားဝါခြင်းများကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • အသည်းရောင် အသားဝါကာကွယ်ဆေးများ ထိုးခြင်း၊
  • အစာမစားမီနှင့် အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးခြင်း၊
  • မှိုတက်နေသည့် အစားအသောက်များ ရှောင်ကြဥ်ခြင်း
  • လိင်ဆက်ဆံသည့်အခါ အကာကွယ်သုံးခြင်း
  • အရက်သောက်ခြင်းကို လျှေ့ချခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • မလိုအပ်ဘဲ ဆေးဝါးများသောက်ခြင်းကို ရှောင်ကြဉ်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အသားဝါခြင်းကို လျော့ချနိုင်သည်။

References:

  1. Professional, C. C. M. (2024). Adult Jaundice. Cleveland Clinic. Retrieved June 16, 2024, from https://my.clevelandclinic.org/health/symptoms/15367-adult-jaundice

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.