ဂေါက်ရောဂါဆိုသည်မှာ သွေးထဲတွင် ယူရစ်အက်ဆစ် (uric acid) များလာသောအခါ အဆစ်များထဲတွင် ယူရိတ်အနည်အမှုန်များ (urate crystals) စုပုံလာသောကြောင့် အဆစ်ရောင်ရမ်း နာကျင်လာခြင်းဖြစ်သည်။ သွေးထဲတွင် ယူရစ်အက်ဆစ်များလာခြင်းနှင့် ယူရိတ်အနည်အမှုန်များ စုပုံလာသောကြောင့် အဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်၏ အညစ်အကြေး စွန့်ထုတ်သည့် ပြွန်ချောင်းတွင် အမှုန်များဖြင့် ပိတ်ဆို့သောကြောင့် ကျောက်ကပ်အားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် ယူရစ်အက်ဆစ်သည် သွေးထဲတွင် ပျော်ဝင်ပြီး ကျောက်ကပ်မှတစ်ဆင့် ဆီးထဲသို့ စွန့်ပစ်သည်။ ခန္ဓာကိုယ်မှ ယူရစ်အက်ဆစ်များစွာ ထုတ်၍သော်လည်းကောင်း၊ ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှုနည်း၍သော်လည်းကောင်း သွေးတွင်းယူရစ်အက်ဆစ် ပမာဏများလာသည်။ သွေးထဲတွင် ယူရစ်အက်ဆစ်များလာသောအခါ အဆစ်များတွင် ချွန်ထက်၍ အပ်သဏ္ဌာန်ရှိသော အမှုန်များအဖြစ် အနည်ကျစုပုံလာပြီး အဆစ်များ ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်ထဲတွင် သဘာဝအလျောက် ရှိနေသော သို့မဟုတ် အချို့သော အစားအသောက်များတွင် ပါဝင်သော ဓာတ်တစ်မျိုးဖြစ်သည့် ပျူရင်း(purine)ကို ဖြိုခွဲလိုက်သောအခါ ယူရစ်အက်ဆစ် ဖြစ်ပေါ် လာသည်။ ပျူရင်းပါဝင်သော ယူရစ်အက်ဆစ်များစေနိုင်သော အစားအသောက်များမှာ အနီရောင်ရှိသော အသားများ (ဥပမာ_အမဲသား၊ ဝက်သား)၊ ကလီစာများ၊ ပင်လယ်စာများ၊ အရက်၊ ဘီယာနှင့် အချိုရည်)တို့ဖြစ်ကြသည်။
ယူရစ်အက်ဆစ် ထုတ်လုပ်မှုများစေသော အကြောင်းရင်းများမှာ
- အထက်တွင်ဖော်ပြထားသော ယူရစ်အက်ဆစ်များစေသော အစားအသောက်များစားခြင်း (high purine intake)
- အချို့သော သွေးရောဂါ နှင့် ပြန်ရည်ကြော ရောဂါများ (Myeloproliferative and lymphoproliferative disease)
- အချိုစားသုံးမှု များခြင်း ( high fructose intake)
- အချို့သော မွေးရာပါ ရောဂါများ ( ဥပမာ- Lesch-Nyhan syndrome) တို့ဖြစ်ကြသည်။
ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှု နည်းစေသော အကြောင်းရင်းများမှာ
- ကျောက်ကပ်လုပ်ငန်းအားနည်းခြင်း (renal failure)
- အရက်သောက်ခြင်း (alcohol)
- ခဲ ဆိပ်သင့်ခြင်း (lead toxicity)
- အချို့သော ဆေးများ
- ဆီးဆေးများ (thiazide and loop diuretics)
- သွေးကျဲဆေး (low dose aspirin)
- သွေးပေါင်ကျဆေး (ACE inhibitor)
- တီဘီရောဂါ ကုဆေး (Pyrazinamide)
- ကင်ဆာဆေးသွင်းကုသခြင်း (Cancer chemotherapy)
- ကိုယ်ခံအားချဆေး (ciclosporin) တို့ဖြစ်ကြသည်။
ဂေါက်ရောဂါ ဖြစ်နိုင်ခြေ များသူများ
- အမျိုးသားများ (အသက် ၃၀ နှင့် ၅၀ ကြား)
- သွေးဆုံးပြီးသော အမျိုးသမီးများ
- မိသားစုဝင်များတွင် ဂေါက်ရောဂါ ရှိသူများ
- ကိုယ်အလေးချိန်များသူများ နှင့် အဝလွန်ရောဂါရှိသူများ
- သွေးတိုးရောဂါ ရှိသူများ
- ဆီးချိုရောဂါ ရှိသူများ
- နှလုံး နှင့် ကျောက်ကပ်ရောဂါ ရှိသူများ
- သွေးကင်ဆာရောဂါ ရှိသူများ
- လတ်တလော ခွဲစိတ်ထားသူများ (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ရထားသူများ တွင် ဂေါက်ရောဂါ ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ
ဂေါက်ရောဂါ ၏ အဓိကလက္ခဏာမှာ အဆစ်ရောင်ရမ်း နာကျင်ခြင်း ဖြစ်သည်။ခြေမအရင်းပိုင်းအဆစ်တွင် အဓိက ဖြစ်ပေါ် ပြီး အခြားနေရာများဖြစ်သော ခြေထောက်အရှေ့ပိုင်း၊ ခြေကျင်းဝတ်၊ ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများတွင်လည်း ရောင်ရမ်းနာကျင်နိုင်သည်။ ထိုသို့ ရောင်ရမ်းနာကျင်ခြင်းတွင်
- ရုတ်တရက်ဖြစ်ပေါ်လာခြင်း (acute attack or flares)
ရုတ်တရက် အလွန်နာကျင်ခြင်း နှင့်အတူ နီရဲရောင်ရမ်းခြင်း၊ ပူနွေးခြင်း ၊ အဆစ်များတောင့်တင်းခြင်း တို့ဖြစ်ပေါ်လာသည်။ ထိုသို့နာကျင်ခြင်းမှာ တစ်ပတ်မှနှစ်ပတ်ခန့် ကြာပြီးနောက် ပြန်လည်သက်သာလေ့ရှိသည်။ - နာတာရှည် ရောင်ရမ်းနာကျင်ခြင်း (chronic gout)
တစ်နှစ်တွင် အနည်းဆုံး နှစ်ကြိမ်နှင့်အထက် အဆစ်ရောင်ရမ်းနာကျင်မှုဖြစ်လျှင် နာတာရှည် ဂေါက်ရောဂါဟုခေါ်သည်။ အချိန်ကြာလာသောအခါ အဆစ်များနှင့် အနီးတဝိုက်ရှိ အရေပြား၊ တစ်ရှူးတို့တွင် မာကျောသောယူရစ်အက်ဆစ်အလုံးများ (တိုဖိုင်း – tophi)များဖြစ်ပေါ်လာပြီး အဆစ်ပုံစံ ပျက်စီးထိခိုက်ခြင်းများ ဖြစ်လာသည်။
နောက်ဆက်တွဲပြဿနာများ
- မကြာခဏပြန်ဖြစ်သော ဂေါက်ရောဂါ (recurrent gout) ဖြစ်ပြီး မကုသလျှင် အဆစ်များပျက်စီးခြင်း
- တိုဖိုင်း (tophi) ဖြစ်ပေါ်ခြင်း
ဂေါက်ရောဂါကို မကုသလျှင် အရေပြားအောက်တွင် ယူရစ်အက်ဆစ်အမှုန်များ စုပုံလာသောအခါ မာကျောသော အလုံးများ (တိုဖိုင်း) ဖြစ်ပေါ်လာပြီး အဆစ်များ ပုံစံပျက်စီးထိခိုက်လာနိုင်သည်။ တိုဖိုင်းဖြစ်ပေါ်နိုင်သော နေရာများမှာ လက်ချောင်း၊ လက်၊ ခြေထောက်၊ နားရွက်၊ တံတောင်ဆစ် (သို့မဟုတ်)ခြေကျင်းဝတ် အနောက်ဘက်ရှိ ဖနောင့်ဆွဲ အရွတ်တို့တွင် ဖြစ်ပေါ်နိုင်သည်။ - ကျောက်ကပ် ကျောက်တည်ခြင်း (kidney stone)
- နှလုံးရောဂါ ဖြစ်ခြင်းတို့သည် နောက်ဆက်တွဲ ပြဿနာအနေနှင့် ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အဆစ်များ ပြင်းထန်စွာ နာကျင်ခြင်း (အထူးသဖြင့် နီရဲရောင်ရမ်းခြင်း) ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ထိရောက်သောကုသမှု ခံယူရမည်။ မကြာခဏဂေါက်ရောဂါဖြစ်ခြင်း၊ ပုံမှန်ထက် ပိုမိုနာကျင်ခြင်းတို့ ဖြစ်ပေါ်ပါကလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်၍ ကုသမှုခံယူရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဂေါက်ရောဂါကို ရှာဖွေရန် ရောဂါလက္ခဏာများ သေချာစွာ မေးမြန်းခြင်းနှင့် အဆစ်များကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်ပြီး အဆစ်အတွင်းမှ အရည်ကို အပ်ဖြင့်စုပ်ယူ၍ ဓာတ်ခွဲခန်းသို့ပို့ပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ယူရိတ်အမှုန်များကို ရှာဖွေခြင်းဖြင့် သိရှိနိုင်သည်။ သွေးထဲတွင် ယူရစ်အက်ဆစ်ကို တိုင်းတာခြင်းဖြင့်လည်း သိရှိနိုင်သည်။ သို့သော် ယူရစ်အက်ဆစ်တက်တိုင်း ဂေါက်ရောဂါ မခံစားရပါ။ ထို့အပြင် အဆစ်ပျက်စီးမှု အတိုင်းအတာကို သိရှိရန် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းနှင့် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
ဂေါက်ရောဂါ ကုသရာတွင်
- နာကျင်ရောင်ရမ်းခြင်းကို သက်သာစေရန် ကုသခြင်း
- သွေးတွင်း ယူရစ်အက်ဆစ်ချခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်း
- ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသနိုင်သည်။
(၁) နာကျင်ရောင်ရမ်းခြင်းကို သက်သာစေရန် ကုသခြင်း
နာကျင်ရောင်ရမ်းမှုကို သက်သာစေရန် အောက်ဖော်ပြပါ ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။
- အကိုက်အခဲပျောက်ဆေး (NSAIDs – ibuprofen, naproxen, indomethacin, celecoxib) – ထိုဆေးများသည် ဘေးထွက်ဆိုးကျိုးအနေနှင့် အစာအိမ်နာခြင်း၊ သွေးထွက်ခြင်းနှင့် အစာအိမ်အနာများ ဖြစ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန် အရေးကြီးသည်
- ကိုချီဆင်း (Colchicine – အရောင်ကျဆေး) – ဘေးထွက်ဆိုးကျိုးအနေနှင့် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း ဖြစ်ပေါ်နိုင်သည်
- စတီးရွိုက် (Corticosteroids) – နာကျင်မှုနှင့်ရောင်ရမ်းမှုကို ထိန်းချုပ်ပေးနိုင်ပြီး သောက်ဆေးအနေဖြင့် သောက်နိုင်သည့်အပြင် ဆရာဝန်မှ အဆစ်ထဲသို့ ဆေးထိုးပေးပြီး ကုသနိုင်သည်၊ စတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများမှာ စိတ်အနေအထား ပြောင်းလဲခြင်း၊ သကြားဓာတ်မြင့်တက်ခြင်း၊ သွေးပေါင်ချိန် တက်ခြင်းတို့ ဖြစ်နိုင်သည်
(၂) သွေးတွင်းယူရစ်အက်ဆစ်ချခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်း
သွေးတွင်းယူရစ်အက်ဆစ် များလျှင် အထက်တွင်ဖော်ပြခဲ့သော ဂေါက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် သွေးတွင်းယူရစ်အက်ဆစ်ချသည့်ဆေးများကို အောက်ဖော်ပြပါ အခြေအနေများတွင် ပေးရန်လိုအပ်သည်။
- မကြာခဏ ဂေါက်ရောဂါဖြစ်ခြင်း (တစ်နှစ်လျှင် နှစ်ကြိမ်ထက်ပိုဖြစ်ခြင်း)
- တိုဖိုင်းရှိခြင်း
- အဆစ်များ ထိခိုက်ပျက်စီးခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း
- ကျောက်ကပ်ကျောက်တည်ခြင်း
- ကင်ဆာဆေးသွင်း ကုသခြင်းကြောင့် ယူရစ်အက်ဆစ်များခြင်း အစရှိသော အခြေအနေများတွင် ယူရစ်အက်ဆစ်ချသော ဆေးများပေးရန်လိုအပ်သည်။
ယူရစ်အက်ဆစ်လျှော့ချသော ဆေးများ
(၁) ယူရစ်အက်ဆစ်ထုတ်လုပ်ခြင်းကို တားဆီးသောဆေး
- Allopurinol
(ဘေးထွက်ဆိုးကျိုးများမှာ ဖျားခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်) - Febuxostat
(ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အသည်းလုပ်ငန်း ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်)
(၂) ယူရစ်အက်ဆစ် စွန့်ထုတ်ခြင်းကို အားပေးသော ဆေး
- Probenecid
(ဘေးထွက်ဆိုးကျိုးများမှာ အဖုအပိန့်ထွက်ခြင်း၊ အစာအိမ်နာခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ ဖြစ်နိုင်သည်)
(၃) အထက်ဖော်ပြပါဆေးများနှင့် မသက်သာလျှင် ပေးနိုင်သောဆေး
- Pegloticase
(ဘေးထွက်ဆိုးကျိုးများမှာ ဓာတ်မတည့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်းနှင့် ခေါင်းမူးခြင်းတို့ဖြစ်နိုင်သည်)
အထက်ဖော်ပြပါ သောက်ဆေးများနှင့်အတူ ယူရစ်အက်ဆစ်များစေနိုင်သော အစားအသောက်များကို ရှောင်ကြဥ်ခြင်း၊ ရေများများသောက်ခြင်းနှင့် ကိုယ်အလေးချိန်ထိန်းသိမ်းရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသောက်ခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်သည်။ အဆစ်များနာနေချိန်တွင် အဆစ်ကို မြှောက်ထားခြင်း၊ ရေအေးဝတ်ကပ်ခြင်းနှင့် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ခြင်းမှ ရှောင်ကြဥ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
(၃) ခွဲစိတ်ကုသခြင်း
ဂေါက်ရောဂါအများစုသည် ခွဲစိတ်ရန် မလိုအပ်ဘဲ ကုသနိုင်သည်။ သို့သော် အချိန်ကာလကြာလာလျှင် အဆစ်များထိခိုက်ခြင်း၊ အရွတ်များပြဲခြင်း၊ တိုဖိုင်းများ ပေါ်လာသည့်အခါ၊ အဆစ်များ ပုံသဏ္ဌာန်ပျက်ယွင်းလာသည့်အခါ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ဂေါက်ရောဂါကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
- သွေးတွင်းယူရစ်အက်ဆစ် များစေသော ပျူရင်းများသည့် အစားအသောက်များကို ကန့်သတ်စားသောက်ခြင်း
- ကျောက်ကပ်လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ဆောင်ပြီး ယူရစ်အက်ဆစ်စွန့်ထုတ်မှုများစေရန်နှင့် ရေဓာတ်ခန်းခြောက်ခြင်းမရှိအောင် ရေများများသောက်ခြင်း၊ ကော်ဖီ၊ အဆီထုတ်ထားသော နွားနို့သောက်ခြင်း
- အဝလွန်ခြင်းကို လျှော့ချရန် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- အရက်၊ ဘီယာ၊ အချိုရည် လျှော့သောက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
References:
- Gout – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/gout/symptoms-causes/syc-20372897#:~:text=Gout%20occurs%20when%20urate%20crystals,found%20naturally%20in%20your%20body.
- Gout. (2024). Cleveland Clinic. Retrieved July 8, 2024, from https://my.clevelandclinic.org/health/diseases/4755-gout
- Gout – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/gout/diagnosis-treatment/drc-20372903
- Kinman, T. (2023). Gout: Symptoms, Causes, and Treatments. Healthline. Retrieved July 8, 2024, from https://www.healthline.com/health/gout
- McIntosh, J. (2023). What to know about gout. Retrieved July 8, 2024, from https://www.medicalnewstoday.com/articles/144827
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.