ဤရောဂါသည် အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ခြင်းကြောင့် ဝမ်းဗိုက်မအီမသာဖြစ်စေသည့် အဖြစ်များသော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ တစ်ရှူးများကို ထိခိုက်မှုမရှိ၊ ပြင်းထန်မှုမရှိသော အခြေအနေဖြစ်သည်။ သို့သော် ကာလကြာရှည်စွာ ရောဂါလက္ခဏာများကို ခံစားရနိုင်သည်။ သက်သာစေရန် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် ဆေးသောက်ခြင်းတို့ဖြင့် ကုသမှုခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ ဖြစ်ပေါ်ရသော အကြောင်းအရင်း အတိအကျကို မသိပါ။ သို့သော် ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဦးနှောက်နှင့် အူလမ်းကြောင်း ကြားရှိ အာရုံကြောဆက်သွယ်မှုများ ကောင်းစွာအလုပ်မလုပ်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- အူမကြီးတုန့်ပြန်မှု လွန်ကဲခြင်း
- အူလမ်းကြောင်းကြွက်သား လှုပ်ရှားမှု မမှန်ခြင်း
- အချို့သော အစားအသောက်များနှင့် ဓာတ်မတည့်ခြင်း
- အူလမ်းကြောင်း အဏုဇီဝပိုးများ
- အစာအိမ်နှင့် အူလမ်းကြောင်းတွင်ပြင်းထန်သော ရောဂါပိုးဝင်ခြင်း
အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါ ဖြစ်နိုင်ခြေများသူများမှာ - အသက်ငယ်သောသူများ (အသက်၅၀ အောက်တွင် အဖြစ်များသည်)
- အမျိုးသမီးများ
- မိသားစုမျိုးရိုးတွင် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ ခံစားနေရသူများ ရှိခြင်း
- စိတ်ဖိစီးမှုများသူများ၊ စိတ်ကျရောဂါ ရှိသူများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများ ဖြစ်ကြသည်။
ရောဂါကို ပိုဆိုးစေနိုင်သော အချက်များမှာ - အချို့သော အစားအသောက်များ
- အူလမ်းကြောင်းပိုးဝင်ခြင်း
- ရာသီသွေးပေါ်ခြင်း
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျရောဂါ တို့ကြောင့် ပိုဆိုးစေနိုင်သည်။
ရောဂါလက္ခဏာများ
အနည်းဆုံး သုံးလအတွင်း တစ်ပတ်လျှင် အနည်းဆုံး တစ်ရက်ခန့် မကြာခဏ ဗိုက်နာလေ့ရှိသူများတွင် အောက်ဖော်ပြပါ အချက်နှစ်ချက်နှင့် အထက်ရှိလျှင် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါရှိသည်ဟု သတ်မှတ်သည်။
- အဆိုပါဗိုက်နာခြင်းသည် ဝမ်းသွားမှုနှင့် ဆက်စပ်ခြင်း
- ဝမ်းသွားသည့်အကြိမ်အရေအတွက်ပြောင်းသွားခြင်း
- ဝမ်းပုံစံပြောင်းခြင်း (ဝမ်းပျော့ခြင်း၊ ဝမ်းမာခြင်း)
ထို့အပြင် အခြားလက္ခဏာများအနေနှင့်
- ဗိုက်တင်းခြင်း၊ လေပွခြင်း
- ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက်ဖြစ်ခြင်း
- ဝမ်းထဲတွင် အချွဲပါခြင်း
- ဝမ်းသွားပြီးလျှင် ဝမ်းကျန်နေသည်ဟု ခံစားရခြင်းတို့ ဖြစ်ကြသည်။
ခံစားရသည့် ရောဂါလက္ခဏာပေါ် မူတည်၍ အမျိုးအစား (၄) မျိုးခွဲခြားထားသည်။
- ဝမ်းချုပ်ခြင်း အဓိကဖြစ်သည့် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သော ရောဂါ (IBS-C)
- ဝမ်းလျှောခြင်းအဓိကဖြစ်သည့် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (IBS – D)
- ဝမ်းလျှောလိုက်၊ ဝမ်းချုပ်လိုက် ဖြစ်သည့် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (IBS – M)
- အထက်ပါပုံစံ ( ၃ ) မျိုးမဟုတ်သည့် အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (IBS – U) ဟူ၍ခွဲခြားထားသည်။
အစာအိမ်နှင့် အူလမ်းကြောင်းနှင့်မသက်ဆိုင်သည့် အောက်ပါ ရောဂါလက္ခဏာများလည်း ဖြစ်ပေါ်လာ နိုင်သည်။
- ခေါင်းကိုက်ခြင်း (headache)
- အိပ်မပျော်ခြင်း (sleep disturbance)
- စိုးရိမ်စိတ်များခြင်း (anxiety)
- စိတ်ဓာတ်ကျခြင်း (depression)
- ခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ့ နာကျင်တတ်ခြင်း (fibromyalgia)
ပုံမှန်ခံစားနေရသော ရောဂါလက္ခဏာများမဟုတ်ဘဲ သတိထားရမည့် အရေးကြီးအချက်များမှာ အောက်ပါအတိုင်းဖြစ်ပြီး ထိုလက္ခဏာများရှိလျှင် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသောကြောင့် ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။ - အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- အသက် (၅၀)နှင့်အထက်တွင် ရောဂါလက္ခဏာ စတင်ခံစားရခြင်း
- ညဘက်တွင် ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း
- သွေးဝမ်းသွားခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
- ဝမ်းသွားသည့် အလေ့အထပြောင်းလဲခြင်း (အတန်ကြာ ဝမ်းချုပ်နေရာမှ ဝမ်းလျှောခြင်းသို့ ပြောင်းလဲခြင်း)
- ဝမ်းသွားပြီးနောက် နာကျင်မှု မသက်သာခြင်း
- သွေးအားနည်း၍ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း
- အူမကြီးကင်ဆာ မျိုးရိုးရှိသူများ စသည်တို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကို ကြာရှည်စွာခံစားရသည့်အတွက် လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်သည်။ ထို့အပြင် အရည်အသွေးပြည့်ဝသော လူနေမှုဘဝကို မရရှိခြင်း (poor quality of life)နှင့် စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ စမ်းသပ် စစ်ဆေးမှုများပြုလုပ်ပြီး လက္ခဏာများသက်သာစေရန် ဆေးကုသမှု ခံယူနိုင်သည်။ အထက်တွင် ဖော်ပြထားသည့် အရေးကြီးလက္ခဏာများရှိပါက အမြန်ဆုံး ဆရာဝန်နှင့်တိုင်ပင်၍ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် လိုအပ်ပါက အူလမ်းကြောင်း အထူးကုဆရာဝန်များထံ လွှဲပြောင်းကုသခြင်း နှင့် စိတ်ကျန်းမာရေးပြဿနာများရှိလျှင် စိတ်ကျန်းမာရေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသခြင်း ခံယူရမည်။
ရောဂါရှာဖွေခြင်း
အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ ရှာဖွေရန် ခံစားနေရသော ရောဂါလက္ခဏာများနှင့် အရေးကြီးသော လက္ခဏာများ ရှိမရှိကို သေချာစွာမေးမြန်းခြင်းနှင့် လူနာကိုစမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက စအိုလမ်းကြောင်းစမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ဝမ်းစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ အကယ်၍ အရေးကြီးလက္ခဏာများရှိ၍ လိုအပ်ပါက အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်ရမည်။
ကုသခြင်း
ရောဂါကုသရာတွင် အဓိကအားဖြင့် ရောဂါလက္ခဏာများသက်သာစေရန်
- နေထိုင်စားသောက်မှု ပုံစံပြောင်းလဲခြင်း
- ဆေးဝါးဖြင့်ကုသခြင်း
- စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။
- နေထိုင် စားသောက်မှု ပုံစံပြောင်းလဲခြင်း
အစားအသောက်နှင့် ပတ်သက်၍- ရောဂါလက္ခဏာကို ပိုဆိုးစေနိုင်သော အစားအစာများကို ရှောင်ကြဥ်၍ မိမိနှင့် သင့်တော်သော အစားအသောက်များကို ရွေးချယ်စားသုံးပါ
- ဝမ်းချုပ်သောသူများတွင် အမျှင်ဓာတ်များစွာပါဝင်သော အစားအသောက်များနှင့် ဝမ်းပျော့စေသော ဖြည့်စွက်စာများ ကိုစားပါ
- နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ကန့်သတ်ပါ
- လေပွစေသော အစားအသောက်များကို ကန့်သတ်စားသောက်ပါ
- အစာခြေရန်ခက်ခဲသော အစားအသောက်များကို လျှော့စားပါ
- ရေများများသောက်ပါ
- ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သော အစားအသောက်များကို မှတ်တမ်း ( food diary) ပြုလုပ်ထားပါ
နေ့စဥ်လှုပ်ရှားနေထိုင်မှုနှင့် ပတ်သက်၍ - ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ (တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀)ခန့်၊ တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)ခန့်)
- စိတ်ဖြေလျှော့ အပန်းဖြေပြီးနေထိုင်ပါ [ယောဂ (yoga) လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ မိမိနှစ်သက်ရာ ဝါသနာတစ်ခုခုပြုလုပ်ခြင်း (ဥပမာ – စာဖတ်ခြင်း၊ရေကူးခြင်း)]
- အိပ်ရေးဝအောင် အိပ်ပါ၊ အိပ်ယာဝင်ချိန် အိပ်ရာထချိန် ပုံမှန်ဖြစ်အောင်သတ်မှတ်ပါ (တစ်ရက်လျှင် အနည်းဆုံး (၇)နာရီမှ (၉)နာရီပြည့်အောင် နှစ်ခြိုက်စွာ အိပ်ပျော်ရန် လိုအပ်သည်)
- ဆေးဝါးဖြင့် ကုသခြင်း
နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့်တိုင်ပင်၍ ရောဂါလက္ခဏာများ သက်သာစေရန် အောက်ဖော်ပြပါ ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။- ဝမ်းချုပ်လျှင် ဝမ်းပျော့ဆေးများ၊ အမျှင်ဓာတ်ပါသောဖြည့်စွက်စာများ
- ဝမ်းလျှောလျှင် ဝမ်းပိတ်ဆေးများ
- ဗိုက်နာ သက်သာစေသောဆေးများ
- စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းများအတွက် စိတ်ငြိမ်ဆေးများ
- အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အားပေးသော ပရိုဘိုင်အိုတစ် (probiotics) များ ကို ရောဂါလက္ခဏာ သက်သာအောင် သောက်သုံးနိုင်သည်
ထို့အပြင် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ အတွက် သီးသန့်ပေးသောဆေးများ (ဥပမာ – Rifaximine) ကိုလည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်။
- စိတ်ပိုင်းဆိုင်ရာကုသမှုခံယူခြင်း
စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ ပြသနာများသည် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါကို ပိုဆိုးစေနိုင်သဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်တော်သော ကုသမှုများခံယူရန် လိုအပ်သည်။
ကာကွယ်ခြင်း
အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သော ရောဂါမဖြစ်စေရန် ကာကွယ်၍မရသော်လည်း ရောဂါလက္ခဏာများ ပိုမဆိုးလာစေရန် မိမိနှင့်သင့်တော်သည့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်သည်။
References:
- Irritable bowel syndrome – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/irritable-bowel-syndrome/symptoms-causes/syc-20360016
- Irritable bowel syndrome – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/irritable-bowel-syndrome/diagnosis-treatment/drc-20360064
- Irritable Bowel Syndrome (IBS). (2023). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/4342-irritable-bowel-syndrome-ibs
- Irritable Bowel Syndrome (IBS). (n.d.). Johns Hopkins Medicine. Retrieved June 17, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/irritable-bowel-syndrome-ibs
- Rome Foundation. (2023). Rome IV Criteria – Rome Foundation. Retrieved June 17, 2024, from https://theromefoundation.org/rome-iv/rome-iv-criteria/
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.