H. pylori infection (အစာအိမ်ရောဂါပိုး)

H. pylori infection (အစာအိမ်ရောဂါပိုး)

အစာအိမ်ရောဂါပိုး (H. pylori )သည် ဘက်တီးရီးယားရောဂါပိုးတစ်မျိုးဖြစ်ပြီး အစာအိမ်ထဲတွင် နေထိုင်ကာ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာနှင့် အစာအိမ်ကင်ဆာတို့ကို အဓိကဖြစ်စေသော ရောဂါပိုးဖြစ်သည်။ ရောဂါပိုးသည် ငယ်စဉ်ကလေးဘဝတွင် အစာလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြမချင်း ရောဂါပိုးရှိနေကြောင်း မသိနိုင်ပါ။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေထက်ဝက်ခန့်သည် ရောဂါပိုးကူးစက်နေနိုင်သည်။ အစာအိမ်ရောဂါပိုးသည် ပဋိဇီဝပိုးသတ်ဆေးသောက်ခြင်းဖြင့် ပျောက်ကင်းသက်သာနိုင်သည်။

Hpi img1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာအိမ်ရောဂါပိုးသည် ကူးစက်တတ်သောရောဂါပိုးဖြစ်ပြီး လူတစ်ဦးမှတစ်ဦးဆီသို့ တံတွေး၊ သွားရည်၊ အန်ဖတ်၊ မစင်မှသော်လည်းကောင်း၊ ၎င်းတို့နှင့် ထိတွေ့ထားသော အစားအစာ၊ ရေများမှသော်လည်းကောင်း ကူးစက်နိုင်သည်။

၎င်းရောဂါပိုးသည် ကူးစက်ခံရပြီးနောက် အစာအိမ်တွင် အများဆုံးရှင်သန်နေထိုင်ပြီး

  • အစာအိမ်ရောင်ရမ်းခြင်း
  • အူသိမ်ဦးပိုင်းရောင်ရမ်းခြင်း
  • အစာအိမ်အနာဖြစ်ခြင်း
  • အူသိမ်အနာဖြစ်ခြင်း
  • အစာအိမ်ကင်ဆာတို့ကို ဖြစ်စေသည်။
    ထို့အပြင် အစာအိမ်ပိုးကူးစက်နေခြင်းကြောင့် သံဓာတ်လျော့နည်းပြီး သွေးအားနည်းခြင်း၊ သွေးမွှားဓာတ်နည်းခြင်းတို့ ဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများ

လူအများစုတွင် ရောဂါပိုးရှိနေတတ်ပြီး မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ရှိနေနိုင်သည်။ အချို့တွင်

  • ရင်ပူခြင်း
  • ဗိုက်အောင့်ခြင်း
  • အစာမရှိလျှင် ဗိုက်ပိုအောင့်ခြင်း
  • အစာစားချင်စိတ် ပျောက်ဆုံးခြင်း
  • ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • လေမကြာခဏတက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အစာအိမ်ရောဂါပိုးသည် သေချာပျောက်ကင်းအောင် မကုသဘဲထားပါက ၎င်းအစာအိမ်ရောဂါပိုးကြောင့် အစာအိမ်နာပိုဆိုးစေပြီး

  • အနက်ရောင် ဝမ်းမည်းမည်းများသွားခြင်း
  • ကော်ဖီရောင် (သို့မဟုတ်) အနက်ရောင် (သို့မဟုတ်) သွေးအန်ခြင်း
  • အစာအိမ်နှင့် အူနံရံများပေါက်နိုင်ခြင်း
  • အနာအမာရွတ်တက်၍ အစာအိမ်၏ ထွက်ပေါက်ကို ပိတ်မိခြင်း
  • အစာအိမ်ကင်ဆာ ပြောင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်ပါ်လျှင်ဖြစ်စေ၊ အစာအိမ်ရောဂါပိုးရှိသည်ဟု သံသယရှိနေလျှင်ဖြစ်စေ မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အစာအိမ်ရောဂါပိုးကို ရှာနိုင်ရန် လူနာအားရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်လိမ့်မည်။

ရောဂါပိုးရှာရန် လိုအပ်သောစစ်ဆေးမှုများဖြစ်သည့်

  • Urea ပါသော အရည်ကိုသောက်ပြီးနောက် ပြန်မှုတ်ထုတ်သောလေတွင် ပါဝင်သည့် carbon dioxide ပမာဏကို စမ်းသပ်ခြင်း (Urea Breath Test)
  • မစင်မှ အစာအိမ်ပိုး ပဋိလှုံ့ပစ္စည်း (H. pylori antigen) ကိုဓာတ်ခွဲစစ်ဆေးခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် စစ်ဆေးခြင်းများဖြင့် ရှာဖွေနိုင်သည်။
ကုသခြင်း

အစာအိမ်ရောဂါပိုးကို ပျောက်ကင်းအောင် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်။ များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေး (၂) မျိုးနှင့် အစာအိမ်အက်ဆစ် လျှော့ချသည့်ဆေး (၁)မျိုး စုစုပေါင်း (၃)မျိုးကို တစ်ပြိုင်တည်းပေးခြင်းဖြင့် ကုသလေ့ရှိသည်။ ၎င်းပိုးသတ်ဆေးများကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရန် လိုအပ်သည်။ ညွှန်ကြားထားသော ရက်ပြည့်သည်အထိ သောက်သုံးမှသာ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။
အစာအိမ်ပိုးကို ကုသနေစဉ် လိုအပ်သည့် အခြားအစာအိမ်ဆေးများကိုပါ တွဲ၍ပေးလေ့ရှိသည်။

ကာကွယ်ခြင်း

အစာအိမ်ရောဂါပိုး မကူးစက်စေရန်

  • လက်ကို မကြာခဏဆေးပါ
  • အစားအသောက် သန့်ရှင်းရေးကို ဂရုစိုက်ပါ
  • ထမင်း၊ ဟင်းများကို ကျက်အောင်ချက်ပါ
  • သန့်ရှင်းသောရေကို သောက်သုံးပါ

References:

  1. Helicobacter pylori (H. pylori) infection – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 16, 2024, from https://www.mayoclinic.org/diseases-conditions/h-pylori/symptoms-causes/syc-20356171
  2. Santacroce, L., MD. (n.d.). Helicobacter Pylori Infection: Practice Essentials, Background, Pathophysiology. Retrieved June 16, 2024, from https://emedicine.medscape.com/article/176938-overview?form=fpf

Published: 30 August 2024

Share

Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.