အစာအိမ်ရောင်ခြင်းသည် အစာအိမ်၏ အတွင်းသားအမြှေးပါး ရောင်ရမ်းခြင်းဖြစ်သည်။ ထိုအမြှေးပါးအလွှာသည် အစာအိမ်၏ အတွင်းနံရံကို ကာကွယ်ပေးထားသည်။ ထိုအလွှာထိခိုက်ပျက်စီးသွားလျှင် အစာခြေသည့် အက်ဆစ်များသည် အစာအိမ်အတွင်းသားသို့ ဝင်ရောက်ပြီး အစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေသည်။
အစာအိမ်ရောင်ခြင်းသည် ရုတ်တရက်ဖြစ်နိုင်သကဲ့သို့ တဖြည်းဖြည်းရောင်ရမ်းပြီး နာတာရှည်ရောင်သည်အထိ ဖြစ်နိုင်သည်။ တချို့လူများတွင် အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ကင်ဆာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ လူအများစုတွင် အစာအိမ်ရောင်ခြင်းသည် မပြင်းထန်ဘဲ ဆေးသောက်ခြင်းဖြင့် အလွယ်တကူ ပျောက်ကင်းနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစာအိမ်ရောင်စေသောအကြောင်းရင်းများမှာ_
- အကိုက်အခဲပျောက်ဆေးများ ရေရှည်သောက်သုံးခြင်း
- အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း၊ ကိုကိန်းသုံးစွဲခြင်း
- စိတ်ဖိစီးမှုများခြင်း
- H. pylori ဘက်တီးရီးယားပိုးဝင်ခြင်း
- ခန္ဓာကိုယ်၏ ခုခံအားစနစ် ချို့ယွင်းခြင်းကြောင့် မိမိ၏အစာအိမ်ကို ပြန်တိုက်ခိုက်ခြင်း
- နာတာရှည် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါများ
- ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း စသည်တို့ ဖြစ်သည်။
ရောဂါလက္ခဏာများ
အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- အစာအိမ် ပူလောင်ခြင်း၊ အောင့်ခြင်း၊ အစာမကြေခြင်း (အစာစားပြီးနောက် သက်သာသွားခြင်း (သို့မဟုတ်) ပိုဆိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်)
- ပျို့အန်ခြင်း
- အစာစားပြီးနောက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အစာအိမ်ရောင်ခြင်းသည် ပုံမှန်အားဖြင့် ရေရှည်ဆိုးကျိုးများ မဖြစ်ပေါ်နိုင်ပါ။ သို့သော် အစာအိမ်အမြှေးပါးအလွှာ ထိခိုက်ပျက်စီးသွားလျှင် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- အစာအိမ်အနာဖြစ်ခြင်း
- အစာအိမ်သွေးယိုခြင်း
- အစာအိမ်အူလမ်းကြောင်းပိတ်ခြင်း
- အစာအိမ်အူလမ်းကြောင်းပေါက်ခြင်း
- သွေးအားနည်းခြင်း
- အစာအိမ်ကင်ဆာဖြစ်ခြင်း စသည့်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လူအများစုတွင် လက္ခဏာများသည် အချိန်ကြာမြင့်စွာ မခံစားရဘဲ အလိုအလျောက် ပြန်ကောင်းသွားကြလေ့ရှိသည်။ ထိုရောဂါလက္ခဏာများသည် တစ်ပတ်နှင့်အထက် ခံစားနေရခြင်း၊ အစာအိမ်အလွန်အောင့်ခြင်း၊ အစာမစားနိုင်အောင် ပျို့အန်ခြင်းနှင့် ခေါင်းမူးခြင်းတို့ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ပျို့အန်သည့်အခါ သွေးပါခြင်း၊ ဝမ်းသွားသည့်အခါ သွေးပါခြင်း၊ ဝမ်းအမဲရောင်သွားခြင်းစသည်တို့ ခံစားရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဆရာ၀န်သည် လူနာ၏ ရောဂါလက္ခဏာများအကြောင်း မေးမြန်းခြင်း၊ ဆေးဝါးများ သောက်သုံးမှု အကြောင်း မေးမြန်းခြင်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်းအကြောင်း မေးမြန်းခြင်း၊ ရောဂါအခံအကြောင်း မေးမြန်းခြင်းနှင့် လူနာကိုစမ်းသပ်ခြင်းများ ပြုလုပ်လိမ့်မည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ H. pylori ဘက်တီးရီးယားပိုး စစ်ဆေးခြင်း၊ ဝမ်းထဲတွင် သွေးပါမပါ စစ်ဆေးခြင်း၊ ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်ပြီး ကုသရသည်။ အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်း စသည်တို့ကြောင့် ဖြစ်သော အစာအိမ် ရုတ်တရက်ရောင်ခြင်းသည် ထိုဆေးနှင့် အရက်ကို မသောက်သုံးတော့ပါက သက်သာစေနိုင်သည်။
အစာအိမ်ရောင်ခြင်းကို ကုသသည့်ဆေးဝါးများမှာ –
- အစာအိမ်မှ အစာခြေအက်ဆစ်ထွက်ခြင်းကို တားဆီးသည့်ဆေးဝါးများ (Proton pump inhibitors – Omeprazole/Lansoprazole/ Pantoprazole)
- အစာခြေအက်ဆစ် ထွက်ခြင်းကို လျော့ကျစေသည့် ဆေးဝါးများ (H2 Blocker – Ranitidine/ Famotidine)
- အစာခြေအက်ဆစ်၏ အာနိသင်ကို ပျက်ပြယ်စေသည့် ဆေးဝါးများ (Antacids)
- အစာအိမ်ကို အက်ဆစ်ဒဏ်မှ ခံနိုင်အောင်လုပ်ပေးသည့် ဆေးများ (Sucralfate)
- အစာအိမ်ရောင်ခြင်းကို ဖြစ်စေသည့် H. pylori ဘက်တီးရီးယားပိုးကို သတ်သည့် ပိုးသတ်ဆေးများ (Antibiotics)
- ပျို့အန်ခြင်းကို သက်သာစေသည့် ဆေးများ (Antiemetics)
ကာကွယ်ခြင်း
- H. pylori ဘက်တီးရီးယားပိုးသည် လူတစ်ဦးမှတစ်ဦးသို့ အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်း၊ လက်ကို ပုံမှန်ဆေးခြင်း
- ဆေးလိပ်မသောက်ခြင်း
- အရက်သောက်ခြင်းကို လျှော့ချခြင်း
- အကိုက်အခဲပျောက်ဆေးများကို ကြာရှည်စွာ မသောက်သုံးခြင်း
- စိတ်ဖိစီးမှုများ လျှော့ချခြင်း
- အပူအစပ်၊ ကော်ဖီသောက်သုံးခြင်းများ လျှော့ချခြင်းစသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို ကာကွယ်လျှော့ချနိုင်သည်။
References:
- Gastritis – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/gastritis/symptoms-causes/syc-20355807
- Gastritis – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/gastritis/diagnosis-treatment/drc-20355813
- What Is Gastritis? (2024). WebMD. Retrieved June 7, 2024, from https://www.webmd.com/digestive-disorders/digestive-diseases-gastritis
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.