အဆုတ်ရောင်ရောဂါဆိုသည်မှာ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများကြောင့် အဆုတ်၏ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အဆုတ်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးတွင် ပိုးဝင်ခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ အဆုတ်ရောင်ရောဂါသည် အသက် (၅) နှစ်အောက်ကလေးများတွင် သေဆုံးမှုမြင့်မားသောရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ပိုးဝင်ခြင်းကြောင့် အဆုတ်လေအိတ်ငယ်များ (alveoli)နှင့် လေပြွန်ငယ်များ (bronchioles) ရောင်ရမ်းလာပြီး အဆုတ်ခဲခြင်း၊ ချွဲများပိုထွက်လာခြင်းတို့ကို ဖြစ်စေသည်။ ထိုချွဲများသည် လေပြွန်များနှင့် အဆုတ်လေအိတ်ငယ်များကို ပိတ်ဆို့မှုဖြစ်စေပြီး ရောဂါလက္ခဏာများကို ဖြစ်စေသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်ရောင်ခြင်းသည် အများအားဖြင့် ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ် (သို့မဟုတ်) မှိုရောဂါပိုးများ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ အဖြစ်များသောပိုးများမှာ Streptococcus pneumoniae, Haemophilus influenzae type b(Hib) ကဲ့သို့သော ဘက်တီးရီးယားပိုးများ၊ တုပ်ကွေးနှင့်အအေးမိခြင်းကို ဖြစ်စေသော ဗိုင်းရပ်စ်များ (Influenza, RSV)နှင့် ကိုဗစ် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သည်။ ထို့အပြင် အစာသီးခြင်း၊ ရေသီးခြင်း (aspiration)ကဲ့သို့ ဖြစ်စဥ်များကြောင့်လည်းဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ကလေး၏အသက်နှင့် အဆုတ်ရောင်ခြင်းဖြစ်စေသည့် အကြောင်းရင်းပေါ် မူတည်သည်။ အဆုတ်ရောင်ခြင်းကို သာမန်အဆုတ်ရောင်ခြင်းနှင့် ပြင်းထန်အဆုတ်ရောင်ခြင်းဟူ၍ ခွဲခြားနိုင်သည်။
သာမန်အဆုတ်ရောင်လက္ခဏာများမှာ_
- အဖျားကြီးခြင်း ၊ ချောင်းဆိုးခြင်း အပြင်
- အသက်ရှူမြန်ခြင်း
- အသက် (၂)လ အောက်- အသက်ရှူနှုန်း အကြိမ် (၆၀) ထက်များခြင်း
- အသက် (၂) လ မှ (၁) နှစ် – အသက်ရှူနှုန်း အကြိမ် (၅၀) ထက်များခြင်း
- အသက် (၁) နှစ် မှ (၅) နှစ် – အသက်ရှူနှုန်း အကြိမ် (၄၀) ထက်များခြင်း
- ရင်ဘတ်အောက်နှင့် နံရိုးကြားချိုင့်ဝင်ခြင်းတို့ ဖြစ်သည်။
ပြင်းထန်အဆုတ်ရောင်လက္ခဏာများမှာ အထက်ဖော်ပြပါလက္ခဏာများအပြင်_
- အရည်မဝင်ခြင်း ၊ နို့မစို့နိုင်ခြင်း၊ ဆက်တိုက်အန်နေခြင်း
- တက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း
- လျှာ၊ နှုတ်ခမ်းတို့ ပြာလာခြင်း
- ကလေးအသက်ရှူချိန်တွင် ဟောက်သံကဲ့သို့ အသံမြည်ခြင်း (stridor)နှင့်
- အာဟာရချို့တဲ့သောကလေးတွင် အဆုတ်ရောင်ခြင်းများဖြစ်ပေါ််ပါက ပြင်းထန်အဆုတ်ရောင်ခြင်းဟု သတ်မှတ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြသသင့်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ_
- အသက် (၆) လအထိ မိခင်နို့ လုံလောက်စွာမရရှိသောကလေးများ
- အသက် (၁)နှစ်အောက်ကလေးများ
- ကိုယ်ခံအားနည်းသည့်ကလေးများ (ဥပမာ_HIV ပိုးရှိသော ကလေးများ)
- ကာကွယ်ဆေး အပြည့်အဝ မထိုးထားသော ကလေးများ
- နာတာရှည်ရောဂါ အခံရှိသူများ (ဥပမာ_မွေးရာပါ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ)
- ပေါင်မပြည့်လမစေ့မွေးပြီး အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိခဲ့သူများ
နောက်ဆက်တွဲပြဿနာများ
အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ
- အဆုတ် တစ်စိတ်တစ်ပိုင်း ခဲသွားခြင်း (consolidation and collapse)
- အဆုတ်အမြှေးပါးအတွင်း ရေစုပုံခြင်း (pleural effusion)
- အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (pneumothorax)
- အဆုတ်နှင့် အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း (lung abscess and empyema)
- သွေးထဲသို့ ဘက်တီးရီးယားပိုးများရောက်ရှိခြင်း (သွေးဆိပ်တက်ခြင်း) (bacteriaemia and sepsis) တို့အပြင် တစ်ခါတစ်ရံ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းများ ပျက်စီးခြင်း (respiratory failure)အထိ ပြင်းထန်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ အဆုတ်ရောင်ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ပြင်းထန်အဆုတ်ရောင်လက္ခဏာရှိသော ကလေးများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပုံမှန်အားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်သော်လည်း ပြင်းထန်အဆုတ်ရောင်လက္ခဏာများရှိလျှင် ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ သလိပ်ပိုးမွေးခြင်းတို့အပြင် အဆုတ်တွင် အရည် (သို့မဟုတ်) ပြည်များရှိပါက အပ်ဖြင့်စုပ်ယူပြီး စစ်ဆေးခြင်း၊ ပိုးမွေးခြင်းစသည်တို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ဘက်တီးရီးယားပိုးကြောင့်အဆုတ်ရောင်ခြင်း (Bacterial pneumonia)
ဘက်တီးရီယားပိုးကြောင့်ဖြစ်လျှင် ပဋိဇီ၀ပိုးသတ်ဆေးဖြင့် ကုသရန် လိုအပ်သည်။ သာမန်အဆုတ်ရောင်လက္ခဏာရှိသော ကလေးများသည် သောက်ဆေးဖြင့် အိမ်တွင်စောင့်ကြည့်နိုင်သည်။ ပိုးသတ်ဆေးစသောက်ပြီး (၄၈) နာရီအတွင်း ရောဂါလက္ခဏာများ သက်သာလေ့ရှိသည်။ ကလေးသက်သာလာသော်လည်း ပိုးသတ်ဆေးအား သတ်မှတ်ရက်ပြည့်အောင်သောက်ရန် လိုအပ်သည်။ ပြင်းထန်အဆုတ်ရောင်လက္ခဏာရှိသော ကလေးများသည် ဆေးရုံတက်ရောက်၍ ပဋိဇီဝပိုးသတ်ဆေးကို သွေးကြောမှသွင်း၍ ကုသရန်လိုအပ်သည်။ တချို့သောကလေးများတွင် အောက်ဆီဂျင်လိုအပ်ခြင်းများ ရှိနိုင်သည်။
ဗိုင်းရပ်စ်ကြောင့်အဆုတ်ရောင်ခြင်း (Viral Pneumonia)
များသောအားဖြင့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အဆုတ်ရောင်ခြင်းကဲ့သို့ မပြင်းထန်ပါ။ သို့သော် သက်သာလာရန်အတွက် နှစ်ပတ် မှ လေးပတ်ခန့်အထိ ကြာနိုင်သည်။ ပဋိဇီ၀ပိုးသတ်ဆေးများဖြင့် ကုသရန်မလိုပါ။
အိမ်တွင်ပြုစုနည်း
- ကောင်းမွန်စွာ အနားယူစေရန် လိုအပ်သည်။
- ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန်အတွက် လုံလောက်သော အရည်ပမာဏကို မကြာခဏတိုက်ရန် အရေးကြီးပါသည် (ဥပမာ_ကလေးငယ်များတွင် မိခင်နို့ (သို့မဟုတ်) အာဟာရမှုန့်၊ ကလေးကြီးများတွင် စွပ်ပြုတ်၊ ဆန်ပြုတ်စသည်)
- ပဋိဇီ၀ပိုးသတ်ဆေးတိုက်ရန် လိုအပ်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း တိုက်ရန်လိုအပ်သည်
- အဖျားရှိပါက ပါရာစီတမော တိုက်ပေးနိုင်သည်
ကာကွယ်ခြင်း
အဆုတ်ရောင်ရောဂါကို ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးနှင့် ဝက်သက်ရောဂါကာကွယ်ဆေးများသည် အဆုတ်ရောင်ရောဂါကို ကာကွယ်နိုင်သည့်အတွက် အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်ရေပြည့်အောင် ထိုးသင့်သည်။
ကလေးများကို အာဟာရမျှတမှုရှိအောင် ကျွေးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်စွမ်းကို တိုးတက်စေသည်။ ကလေးငယ်များတွင် အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၊ အသက် (၆) လကျော်လျှင် ဖြည့်စွက်စာ စနစ်တကျကျွေးခြင်း၊ ကလေးကြီးများတွင် လိုအပ်သောအာဟာရကို ပြည့်စုံအောင်ကျွေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထများကို သင်ကြားပေးခြင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။ အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချရန်၊ လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးထားရမည်။ ကလေးအနီးတစ်ဝိုက်နှင့် အိမ်ထဲတွင် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဥ်ရမည်။
References:
- World Health Organization. (2014). Revised WHO classification and treatment of childhood pneumonia at health facilities: evidence summaries. Retrieved June 17, 2024, from https://iris.who.int/bitstream/handle/10665/137319/9789241507813_eng.pdf
- World Health Organization: WHO. (2022). Pneumonia in children. Retrieved June 17, 2024, from https://www.who.int/news-room/fact-sheets/detail/pneumonia
- Pneumonia (for Parents). (n.d.). Retrieved June 17, 2024, from https://kidshealth.org/en/parents/pneumonia.html
- Pneumonia. (n.d.). Retrieved June 17, 2024, from https://www.childrenscolorado.org/conditions-and-advice/conditions-and-symptoms/conditions/pneumonia/
- Pneumonia – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/pneumonia/symptoms-causes/syc-20354204
- Kids Health Info : Pneumonia. (n.d.). Retrieved June 17, 2024, from https://www.rch.org.au/kidsinfo/fact_sheets/pneumonia/
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.