Jaw dislocation and jaw fracture (မေးရိုးအဆစ်လွဲခြင်းနှင့်မေးရိုးကျိုးခြင်း)

Jaw dislocation and jaw fracture (မေးရိုးအဆစ်လွဲခြင်းနှင့်မေးရိုးကျိုးခြင်း)

နားထင်မေးရိုးအဆစ်အစုအဝေးတွင် အောက်မေးရိုးနှင့် ဦးခေါင်းခွံရိုးအားဆက်ထားသော အဆစ်များ၊ မေးရိုးကြွက်သားများနှင့် အရွတ်များပါဝင်သည်။ မေးရိုးသည် ၎င်းနားထင်မေးရိုးအဆစ် အစုအဝေးအတွင်း ရှိမနေဘဲ နေရာလွဲနေခြင်းသည် မေးရိုးအဆစ်လွဲခြင်းဖြစ်သည်။ ပုံမှန် ပါးစပ် အဖွင့်၊ အပိတ်ပြုလုပ်ရန် အထက်ပါ အစိတ်အပိုင်းများ အတူတကွ ကောင်းမွန်စွာ လုပ်ဆောင်ရန်လိုအပ်သည်။ မေးရိုးအဆစ်လွဲလျှင် အစာမစားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း၊ ပါးစပ်ပိတ်မရခြင်းများရှိသဖြင့် အရေးပေါ်ကုသမှုပေးရန် လိုအပ်သည့် အခြေအနေတစ်ခုဖြစ်သည်။ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိလျှင် အောက်မေးရိုးကျိုးသည့်ဒဏ်ရာ ရနိုင်သည်။ အချို့အခြေအနေတွင် မေးရိုးအဆစ်လွဲခြင်းနှင့် မေးရိုးကျိုးခြင်းတွဲပြီး ဖြစ်နေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. မေးရိုးအဆစ်လွဲခြင်း
    မေးရိုးအဆစ်လွဲခြင်းတွင် ထိခိုက်ဒဏ်ရာကြောင့် အဆစ်လွဲခြင်းနှင့် ထိခိုက်ဒဏ်ရာမရှိပဲ အဆစ်လွဲခြင်း ဟူ၍နှစ်မျိုးရှိသည်။
    မွေးရာပါမေးရိုးဖွဲ့စည်းပုံမူမမှန်ခြင်း၊ ကြွက်သားနှင့်အရွတ်အားနည်းသည့်ရောဂါများ (Marfan Syndrome၊ Ehler-Danlos syndrome)၊ အသက်အရွယ်ကြီးသူများ၊ မေးရိုးအဆစ်လွဲခြင်း ဖြစ်ဖူးသည့်သူများတွင် ထိခိုက်ဒဏ်ရာမရှိပဲ မေးရိုးဆစ်လွဲခြင်း ဖြစ်နိုင်သည်။
    ပါးစပ်ကို ကျယ်ပြန့်စွာ ဟရသည့်အခြေအနေများ (ဥပမာ_သမ်းခြင်း၊ သွားနှင့်ခံတွင်းကုသမှုများ)၊ မေးရိုးကြွက်သားများ ပြင်းထန်စွာ ရုန်းကန်ခြင်း၊ တောင့်တင်းခြင်းဖြစ်သည့်အခြေအနေများ (ဥပမာ_တက်ခြင်း၊ မေးခိုင်ရောဂါ) တွင် အောက်မေးရိုးသည် ဦးခေါင်းခွံ၊ နားထင်ရိုးမှ ပြုတ်ထွက်နိုင်သည်။ မေးရိုးအဆစ်လွဲခြင်းတွင် ပထမဆုံးအကြိမ် ရုတ်တရက် ဖြစ်နိုင်သကဲ့သို့ အချို့တွင် မကြာခဏအဆစ်လွဲခြင်းဖြစ်နိုင်သည်။
    မေးရိုးအဆစ်လွဲသည့် ဦးတည်ချက် အပေါ်မူတည်၍
    • အရှေ့ဘက် (သို့မဟုတ်) အနောက်ဘက်သို့ လွဲခြင်း
    • အပေါ်ဘက်သို့လွဲခြင်း
    • ဘေးဘက် ဘယ်၊ ညာသို့လွဲခြင်းဟူ၍ ခွဲခြားနိုင်သည်။
      အဖြစ်အများဆုံး အဆစ်လွဲခြင်းမှာ အရှေ့ဘက်သို့ လွဲခြင်းဖြစ်သည်။
  2. မေးရိုးကျိုးခြင်း
    မေးရိုးကို ပြင်းထန်စွာ တိုက်ရိုက်ထိခိုက်ဒဏ်ရာရခြင်းကြောင့် မေးရိုးကျိုးခြင်းဖြစ်နိုင်သည်။
    • ယာဉ်မတော်တဆဖြစ်ခြင်း
    • အားကစားနှင့်ဆက်စပ်၍ထိခိုက်မှုများ
    • အမြင့်မှပြုတ်ကျခြင်း
    • လုပ်ငန်းခွင်မတော်တဆဖြစ်ခြင်းများတွင် မေးရိုးကျိုးခြင်းအဖြစ်များသည်။ အောက်မေးရိုးတွင် တစ်နေရာတည်း၌လည်းကောင်း၊ တစ်နေရာထက်ပို၍လည်းကောင်း ကျိုးနိုင်သည်။
ရောဂါလက္ခဏာများ

မေးရိုးအဆစ်လွဲခြင်းတွင်

  • ပါးစပ်မစေ့နိုင်ခြင်း
  • သွားရည်ကျခြင်း
  • စကားပြောရန်ခက်ခဲခြင်း
  • စကားပြောလျှင်ပီသမှုမရှိခြင်း
  • အစာစားရန်ခက်ခဲခြင်း
  • အလွန်နာကျင်ခြင်း
  • နားအရှေ့တွင် သိသိသာသာချိုင့်ဝင်နေခြင်း စသည်တို့ဖြစ်သည်။

မေးရိုးကျိုးခြင်းတွင်

  • နှာခေါင်း (သို့မဟုတ်) ပါးစပ်တွင် သွေးထွက်ခြင်း
  • မေးရိုး (သို့မဟုတ်) ပါးတွင် အညိုအမည်းစွဲခြင်း၊ ရောင်ရမ်းခြင်း
  • သွားများပဲ့ခြင်း (သို့မဟုတ်) ကျိုးခြင်း
  • ပါးစပ်စေ့သောအခါ အပေါ်မေးရိုး နှင့် အောက်မေးရိုးရှိသွားများကိုက်ညီမှုမရှိခြင်း
  • ပါးစပ် ဖွင့်၊ ပိတ်၍မရခြင်း
  • အသက်ရှူရခက်ခြင်း
  • အစားစားသည့်အခါ (သို့မဟုတ်) စကားပြောသည့်အခါတွင် နာကျင်ခြင်း
  • နားကိုက်ခြင်း
  • မျက်နှာထုံကျဥ်ခြင်း စသည်တို့ကို တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း (ဥပမာ_ထိခိုက်ဒဏ်ရာရခြင်း၊ ပါးစပ်အကျယ်ကြီးဖွင့်မိခြင်း၊ ဆေးကုသမှုခံယူခြင်း)၊ အောက်မေးရိုးအားစစ်ဆေးခြင်း၊ မေးရိုးလွဲခြင်း၊ ကျိုးခြင်းတို့ကို သိရှိရန် မေးရိုးဓာတ်မှန် ရိုက်ခြင်း၊ ဦးခေါင်းသွေးယိုမှု ရှိမရှိသိရှိနိုင်ရန်နှင့် အခြားအဆစ်များ၏ အခြေအနေကိုသိရှိရန် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။

ကုသခြင်း

မေးရိုးအဆစ်လွဲခြင်းအားကုသခြင်း

မေးရိုးအဆစ်လွဲခြင်းသည် အရေးပေါ်ကုသမှု‌ပေးရမည့် အခြေအနေတစ်ခုဖြစ်သည်။ အရေးပေါ် ဆရာဝန်မှ နာကျင်မှုသက်သာဆေး၊ ထုံဆေး၊ အိပ်ဆေးများအသုံးပြု၍ လွဲနေသောမေးရိုးကို နေရာပြန်ချခြင်းဖြင့် ကုသပေးနိုင်သည်။ ဆရာဝန်မှ သူ၏လက်မနှစ်ဖက်ကို အောက်မေးရိုး သွားဖုံးနှစ်ဖက်ပေါ်တွင် တင်ထားပြီး မေးရိုးအား အရှေ့နှင့်အောက်ဘက်သို့ ဆွဲချသည်။ ထို့နောက် အနောက်ဘက်သို့တွန်း၍ အဆစ်တွင်းသို့ မေးရိုးကို ပြန်လည်နေရာချထားသည်။ ထို့နောက် မေးရိုး၏အောက်ဘက်နှင့် ဦးခေါင်းအနောက်ဘက်အားသိုင်း၍ ပတ်တီးစည်းသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နာကျင်မှု သက်သာသွားသည်အထိ မေးရိုးအားနေရာတွင် ထိန်းထားနိုင်သည်။

Jaw Dislocation and Jaw Fracture IMG


အဆစ်လွဲခြင်းကို အချိန်မီကုသမှု မပေးနိုင်လျှင် အဆစ်ပတ်လည်တွင် ရောင်ရမ်းလာမှုကြောင့် နေရာပြန်ချခြင်းဖြင့် ကုသမှုသည် အောင်မြင်နိုင်ခြေ နည်းပါးသည်။ အချို့လူနာများတွင် ခွဲစိတ်၍ အဆစ်ပြန်လည်နေရာချခြင်း ပြုလုပ်ရနိုင်သည်။

ခွဲစိတ်ခြင်း

အကယ်၍မေးရိုးသည် မကြာခဏအဆစ်လွဲခြင်းဖြစ်လျှင် (သို့မဟုတ်) အချိန်ကြာသွားသဖြင့် နေရာ ပြန်ချရန်ခက်ခဲလျှင် ခွဲစိတ်ခြင်းပြုလုပ်နိုင်သည်။ ခွဲစိတ်ခြင်းဖြင့် မေးရိုးအားထောက်ပံ့ပေးထားသော အရွတ်များ အား တင်းသွားစေရန် ပြုပြင်နိုင်သည်။

မေးရိုးကျိုးခြင်းအားကုသခြင်း

မေးရိုးကျိုးခြင်းအား ကုသရာတွင် ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ စောင့်ကြည့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းဟူ၍ ရှိသည်။ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ အရောင်သက်သာစေရန် ရေခဲကပ်ပေးခြင်း၊ ဆရာဝန်၏ညွှန်ကြားချက်အတိုင်း အစာစားခြင်းတို့ပြုလုပ်ရသည်။ တစ်နေရာမက ကျိုးသောမေးရိုးကျိုးခြင်းတွင် လိုအပ်ပါက ကျိုးနေသော အစိတ်အပိုင်းများအကြား မူလီစုပ်၍ထိန်းခြင်း၊ သတ္တုပြားခံ၍ ထိန်းခြင်းတို့အပြင် နေရာလွဲသွားသော သွားနှင့်သွားဖုံးများကိုပါ ဝါယာဖြင့်တွဲခြင်းများ ပြုလုပ်ရသည်။

ကာကွယ်ခြင်း

ထိခိုက်ဒဏ်ရာကြောင့်မဟုတ်သည့် မေးရိုးအဆစ်လွဲခြင်းများတွင် အဆစ်လွဲခြင်း မကြာခဏဖြစ်ပါက မေးရိုးခံတွင်း ခွဲစိတ်ကုဆရာဝန်များနှင့် တိုင်ပင်ကုသပြီး နောက်တစ်ကြိမ်မဖြစ်ရန် ကာကွယ်ပါ။ ထိခိုက်ဒဏ်ရာကြောင့် မေးရိုးအဆစ်လွဲခြင်း၊ မေးရိုးကျိုးခြင်းများမဖြစ်ရန်မှာ မတော်တဆမှုများကို ကာကွယ်ရန်ပင်ဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ လုပ်ငန်းခွင်စည်းကမ်းများ လိုက်နာခြင်း၊ အရက်သေစာနှင့်မူးယစ်ဆေးဝါး သုံးစွဲမှုရှောင်ကြဉ်ခြင်း၊ လိုအပ်သည့် အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်းဖြင့် ထိခိုက်ဒဏ်ရာရရှိမှုကို ကာကွယ်နိုင်သည်။

References:

  1. Dislocated Jaw. (2023). Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diseases/24882-dislocated-jaw
  2. Healthdirect Australia. (2023). Jaw dislocation. Symptoms, Treatment and Self-care | Healthdirect. Retrieved July 2, 2024, from https://www.healthdirect.gov.au/jaw-dislocation
  3. Wajdowicz, M. N. (n.d.). Jaw Dislocation. MSD Manual Consumer Version. Retrieved July 2, 2024, from https://www.msdmanuals.com/home/mouth-and-dental-disorders/urgent-dental-problems/jaw-dislocation
  4. Kandola, A. (2019). Is my jaw broken or dislocated? Retrieved July 2, 2024, from https://www.medicalnewstoday.com/articles/324412#takeaway
  5. Broken Jaw (Fractured Jaw). (2024). Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/diseases/25072-broken-jaw
  6. Broken or Dislocated Jaw. (2021). WebMD. Retrieved July 2, 2024, from https://www.webmd.com/oral-health/broken-jaw

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.