ဂနိုရောဂါသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဂနိုရောဂါဆိုသည်မှာ ဂနိုရောဂါ ဘက်တီးရီးယားပိုး (Neisseria gonorrhoeae)ကြောင့် ဖြစ်သည်။
ဂနိုဘက်တီးရီးယားရောဂါပိုးသည် ပါးစပ်မှဖြစ်စေ၊ စအိုမှဖြစ်စေ၊ လိင်အင်္ဂါမှဖြစ်စေ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ပြီး ပထမဦးစွာ ရောဂါပိုးထိတွေ့ခံရသောအင်္ဂါများရှိ အပေါ်ယံအရေပြားလွှာ (columnar epithelium)ကို တိုက်ခိုက်သည်။ ထိုမှတစ်ဆင့် ရောဂါပိုးသည် အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ထပ်မံပျံ့နှံ့သွားနိုင်သည်။
တစ်ခါတစ်ရံ ဂနိုရောဂါပိုးရှိသောအရည် (ဥပမာ_သုက်ရည်၊ မိန်းမကိုယ်အရည်)တို့သည် မျက်စိနှင့် ထိတွေ့ပြီး မျက်စိရောင်ရမ်းခြင်းဖြစ်နိုင်သည်။ ရောဂါပိုးရှိသောမိခင်သည် ကိုယ်ဝန်ဆောင်ချိန်တွင်လည်းကောင်း၊ မွေးလမ်းကြောင်းမှတစ်ဆင့် သဘာဝအတိုင်း ကလေးမွေးဖွားသောအခါတွင်လည်းကောင်း၊ နို့တိုက်ချိန်တွင်လည်းကောင်း မိခင်မှတစ်ဆင့် ကလေးဆီသို့ ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
လူ၏ကိုယ်ခန္ဓာထဲသို့ ရောဂါပိုးဝင်ရောက်ပြီး (၂ – ၇) ရက်အကြာတွင် ရောဂါလက္ခဏာများ စတင်ပေါ်လာလေ့ရှိသည်။
အမျိုးသားများတွင်
- ဆီးသွားသည့်အခါ နာကျင်ခြင်း
- လိင်အင်္ဂါမှ ပြည်များထွက်ခြင်း
- ဝှေးစေ့ နာကျင်ခြင်း
- စအိုမှ အရည်ထွက်ခြင်း၊ နာကျင်ခြင်းတို့ ခံစားရလေ့ရှိသည်။
အမျိုးသမီးများတွင်
- ဆီးသွားသည့် အခါ နာကျင်ခြင်း
- မိန်းမကိုယ်မှ အရည်များဆင်းခြင်း
- ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
- လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်းတို့ ခံစားရလေ့ရှိသည်။
မွေးကင်းစကလေးများတွင်
- မျက်စိနာခြင်း
- မျက်စိနီခြင်း
- မျက်ဝတ်ပြည်အရည်များ ထွက်ခြင်းများ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဆီးပူညောင်းကျရောဂါ ဂနိုရောဂါပိုးကို သေချာပျောက်ကင်းအောင် ကုသမှုမခံယူပါက
- မိမိ အိမ်ထောင်ဖက် (သို့မဟုတ်) ချစ်သူရည်းစားကို ကူးစက်နိုင်ခြင်း
- အမျိုးသားများတွင် သုက်ပို့ပြွန် ရောင်ရမ်းခြင်း၊ ဆီးကျိတ် ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း အနီးတစ်ဝိုက် ပြည်တည်ခြင်း၊ လိင်တံထိပ် အရေပြားတစ်ဝိုက် အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း
- အမျိုးသမီးမျိုးပွားအင်္ဂါများဖြစ်သော သားအိမ်၊ သားဥပြွန်သို့ထံ ရောဂါပိုးပျံ့နှံ့ပြီး တင်ပါးဆုံရိုးတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း
- အမျိုးသမီးများတွင် သန္ဓေမတည်နိုင်ခြင်း သို့မဟုတ် ကလေး မရနိုင်တော့ခြင်း
- ပုံမှန်နေရာ (သားအိမ်)တွင်မဟုတ်သော သန္ဓေတည်ခြင်းများ ဖြစ်ပွားနိုင်သည်။
အကယ်၍ ရောဂါပိုးသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့ပါက - အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
- အရေပြားတွင် အဖုအပိန့်များပေါ်ခြင်း၊ ပြည်တည်နာများပေါ်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆီးပူညောင်းကျရောဂါကို လူနာ၏ရောဂါရာဇဝင် (အဓိကအားဖြင့် လိင်မှုဆိုင်ရာ အကြောင်းအရာများ) မေးမြန်းခြင်းနှင့် လက္ခဏာများမှ သိရှိနိုင်သည်။ လိင်တံ၊ လိင်အင်္ဂါ၊ သားအိမ်ခေါင်း၊ ဆီးလမ်းကြောင်း၊ စအို၊ မျက်ခွံ၊ လည်ချောင်းတို့မှ ထွက်သော အရည်များကို တို့ဖတ် (swab) ယူကာ ရောဂါပိုးကို ဓာတ်ခွဲရှာဖွေခြင်း၊ ဆီးနမူနာမှ ရောဂါပိုးကို ရှာဖွေခြင်းတို့ ပြုလုပ်ခြင်းဖြင့် ရှာဖွေနိုင်သည်။
ကုသခြင်း
- မိမိတွင် ဆီးပူညောင်းကျ လက္ခဏာများ ရှိနေသည်ဟု ယူဆမိပါက တတ်ကျွမ်းသော ဆရာဝန်နှင့် စောလျင်စွာ စနစ်တကျ ကုသပါ
- ပဋိဇီဝပိုးသတ်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင်သောက်ရန် အရေးကြီးသည်
- ထိုးဆေးနှင့် သောက်ဆေးများသည် ဘေးထွက်ဆိုးကျိုးရှိသောကြောင့် ကျွမ်းကျင်သော ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မသောက်သုံးသင့်ပါ
- မွေးကင်းစကလေးအတွက်မူ ကလေးအထူးကုဆရာဝန်များ၏ ကြီးကြပ်မှုအောက်တွင် ကုသရမည်၊ သေချာကုသမှုမခံယူပါက ကလေးသည် မျက်စိကွယ်ခြင်းအထိ ဖြစ်ပွားနိုင်သည်။
ကာကွယ်ခြင်း
ဤရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါပိုးဖြစ်သောကြောင့်
- လိင်အပျော်အပါးလိုက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
- လိင်ဆက်ဆံရာတွင် အကာအကွယ် (ကွန်ဒုံး)ကို အသုံးပြုခြင်း
- အတူတူမနေခင် နှစ်ဦးစလုံးရောဂါရှာဖွေပြီးမှ အတူနေခြင်း
- ရောဂါဖြစ်နေသည်ဟု သံသယရှိသူနှင့် လိင်ဆက်ဆံခြင်းမပြုရန် ရှောင်ကြဉ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
References:
- Gonorrhea – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 12, 2024, from https://www.mayoclinic.org/diseases-conditions/gonorrhea/symptoms-causes/syc-20351774
- Gonococcal Infections Among Adolescents and Adults – STI Treatment Guidelines. (n.d.). Retrieved June 12, 2024, from https://www.cdc.gov/std/treatment-guidelines/gonorrhea-adults.htm
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.