Antibiotics induced diarrhoea (ပဋိဇီဝပိုးသတ်ဆေးများကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း)

Antibiotics induced diarrhoea (ပဋိဇီဝပိုးသတ်ဆေးများကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း)

ခန္ဓာကိုယ်အတွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်လျှင် antibiotics ဟုခေါ်သည့် ပဋိဇီဝပိုးသတ်ဆေးများကို သောက်သုံး၍ ကုသရသည်။ ပိုးသတ်ဆေး သောက်နေစဥ် သို့မဟုတ် သောက်ပြီးနောက် တစ်ပတ် မှ နှစ်လအတွင်း တစ်ရက်လျှင် ဝမ်းပျော့ပျော့ အရည်များ သုံးကြိမ်နှင့်အထက် ဝမ်းသွားခြင်းကို ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း (antibiotics induced diarrhoea)ဟုခေါ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူလမ်းကြောင်းတွင် ခန္ဓာကိုယ်ကို အကျိုးပြုသည့် ဘက်တီးရီးယားပိုးနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများသည် အတူတကွ တွဲဖက်ရှင်သန်နေထိုင်ရင်း အူလမ်းကြောင်းအား ကျန်းမာသန်စွမ်းစေရန် ဟန်ချက်ညီညီ ထိန်းညှိပေးလျက်ရှိသည်။ လူတစ်ဦးသည် နေမကောင်းဖြစ်သောအခါ ပဋိဇီ၀ပိုးသတ်ဆေး များသောက်ခြင်းကြောင့် အူလမ်းကြောင်းအတွင်းမှ အကျိုးပြုဘက်တီးရီးယားပိုးများပါ သေဆုံးစေနိုင်သည့် အတွက် မူလဟန်ချက်ပျက်ယွင်းပြီး အန္တရာယ်ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ ထကြွလာခြင်းကြောင့် ဖြစ်ပွားသော ၀မ်းပျက်၀မ်းလျှောခြင်းကို ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်း ဟုခေါ်သည်။

ပုံမှန်အားဖြင့် ပိုးသတ်ဆေးသောက်သူ ငါးယောက်အနက် တစ်ယောက်၌ ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိပြီး အများစုမှာ သာမန်သာဖြစ်၍ ပိုးသတ်ဆေးရပ်ပြီးနောက် ရက်အနည်းငယ်အတွင်းတွင် သီးခြားကုသရန်မလိုဘဲ သက်သာပျောက်ကင်းနိုင်သည်။ ယခင်က ပိုးသတ်ဆေးသောက်လျှင် ၀မ်းပျက်၀မ်းလျှော ဖြစ်ဖူးသူများ၊ ပိုးသတ်ဆေးကို ကြာရှည်စွာ သောက်သုံးရသူများ၊ ပိုးသတ်ဆေး တစ်မျိုးထက်ပို၍ သောက်ရသူများတွင် အဖြစ်များသည်။

ပဋိဇီဝပိုးသတ်ဆေးများကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည့် Clostridium difficile, Clostridium perfringens, Staphylococcus aureus, Candida, Samonella, Klebsiella oxytoca စသည့် ရောဂါပိုးများအနက် Clostridium difficileကြောင့် အများဆုံးဖြစ်တတ်ပြီး ရောဂါလက္ခဏာလည်း ပိုမိုပြင်းထန်နိုင်သည်။ Clostridium difficile ဘက်တီးရီးယားပိုးမှ ထုတ်သည့် အဆိပ်ဓာတ်(Toxin)သည် အူနံရံကို ထိခိုက်ပျက်စီးစေသောကြောင့် အူရောင်ခြင်း (colitis)မှ အူပေါက်ခြင်း (perforation)အထိဖြစ်နိုင်သဖြင့် အသက်အန္တရာယ်ရှိသည်။

Clostridium difficile ပိုးဝင်နိုင်ခြေများသူများမှာ

  • အသက် (၆၅) နှစ်နှင့်အထက် လူကြီးများ
  • ပိုးသတ်ဆေးကို တစ်ပတ်နှင့်အထက် သောက်ရသူများ
  • ကိုယ်ခံအားနည်းသူများ
  • ဆေးရုံ (သို့မဟုတ်) ဘိုးဘွားရိပ်သာတွင် နေရသူများ
  • ယခင်က Clostridium difficile ပိုးဝင်ဖူးသူများတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

များသောအားဖြင့် တစ်ရက်တွင် သုံးကြိမ်နှင့်အထက် ဝမ်းပျော့ပျော့သွားလေ့ရှိပြီး ဝေဒနာမပြင်းထန်ဘဲ ပိုးသတ်ဆေးရပ်လျှင် သက်သာသွားသည်။

Clostridium difficile ပိုးဝင်ပါက

  • တစ်ရက်ကို ဝမ်းဆယ်ကြိမ်နှင့်အထက် သွားခြင်း
  • အဖျားကြီးခြင်း
  • ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည့် အာခြောက်ခြင်း၊ ရေဆာခြင်း၊ ဆီးနည်းသွားခြင်း၊ အားနည်း၍ နုံးခြင်း
  • ဝမ်းထဲတွင် သွေးနှင့်ပြည်များပါခြင်း
  • ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း တို့ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ

ဝမ်းသွား၍ ရေနှင့် ဓာတ်ဆားများ အလွန်အမင်းဆုံးရှုံးပြီး ရေဓာတ်ခမ်းခြောက်မှုကို ပြင်းထန်စွာ ခံစားရလျှင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ဆေးခန်း ပြသရန်

ရေဓာတ်ခန်းခြောက်မှုကို လုံလောက်စွာ ပြန်​​လည်မဖြည့်တင်းနိုင်လျှင်‌ သော်လည်းကောင်း၊ ရောဂါလက္ခဏာများ ပိုဆိုးလာလျှင် သော်လည်းကောင်း မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ Clostridium difficile ပိုးဝင်သည့် လက္ခဏာများ ခံစားရလျှင် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ဆိုးကျိုးများရှိခြင်းကြောင့် အချိန်မီကုသရန် အလွန်အရေးကြီးသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါ ရာဇ၀င်ကို မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်ရှိသောက်သုံးနေသည့် ပိုးသတ်ဆေး အမျိုးအစားကို စစ်ဆေးခြင်းများကို ဦးစွာ ပြုလုပ်လိမ့်မည်။ Clostridium difficile ပိုး၀င်သည့် လက္ခဏာရှိပါက သွေးစစ်ခြင်း၊ ၀မ်းစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

ရှေးဦးပြုစုခြင်း

ဆုံးရှုံးသွားသော ရေနှင့် ဓာတ်ဆားကို လုံလောက်စွာ ပြန်လည်ဖြည့်တင်းရန် ရေနှင့် ဓာတ်ဆားရည်များများ ပြန်သောက်ရမည်။

ရောဂါပြင်းထန်မှုပေါ် မူတည်၍ ကုသမှု ကွာခြားသည်။

  • သာမန် ဝမ်းလျှောဝမ်းပျက်ဖြစ်လျှင် ရေနှင့် ဓာတ်ဆားကို လုံလောက်အောင်ဖြည့်တင်းခြင်းနှင့် ဖြစ်စေသော ပိုးသတ်ဆေးအသုံးပြုခြင်းကို ရပ်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
  • နို့နှင့် နို့ထွက်ပစ္စည်းများ၊ အမျှင်များသော အစားအသောက်များ ရှောင်ကြဥ်ပါ
  • ဝမ်းပိတ်ဆေး (သို့မဟုတ်) ဝမ်းရပ်ဆေးများ မသောက်သုံးရပါ
  • အူလမ်းကြောင်း ဘက်တီးရီးယားပိုးများ၏ စည်းချက်ညီညီလုပ်ဆောင်ချက်ကို ပြန်လည်ရရှိနိုင်ရန် probiotics ဟုခေါ်သောဆေးများ သောက်သုံးနိုင်သည်
  • ပိုမိုပြင်းထန်သော လက္ခဏာများ ခံစားရလျှင် ဆေးရုံတက်ကုသရန် လိုအပ်သည်
  • ဆုံးရှုံးသွားသော ရေဓာတ်ကို ဓာတ်ဆားသောက်ခြင်းဖြင့် လုံလောက်အောင် ပြန်လည်မဖြည့်တင်းနိုင်လျှင် သွေး​ပြန်ကြောမှတစ်ဆင့် ဖြည့်သွင်းကုသရမည်
  • ဆရာ၀န်သည် လက်ရှိသောက်နေသည့် ပိုးသတ်ဆေးကို ရပ်စေပြီး အခြားပိုးသတ်ဆေး အမျိုးအစားများကို ပြောင်းလဲပေးခြင်း ပြုလုပ်လိမ့်မည်
ကာကွယ်ခြင်း
  • လက်ကို သန့်ရှင်းစင်ကြယ်စွာ မကြာခဏဆေးကြောပါ
  • ပဋီဇီ၀ပိုးသတ်ဆေးသုံးစွဲခြင်းကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာရန်လိုသည်
  • ယခင်က ပိုးသတ်ဆေးသောက်ပြီး ဝမ်းသွားခဲ့ဖူးသော ရာဇဝင်ရှိလျှင် ဆရာဝန်ကို သေချာစွာ ပြောပြရမည်

References:

  1. Harvard Health. (2023). Antibiotic-associated diarrhea. Retrieved May 27, 2024, from https://www.health.harvard.edu/a_to_z/antibiotic-associated-diarrhea-a-to-z
  2. Antibiotic-associated diarrhea – Diagnosis & treatment – Mayo Clinic. (2021). Mayo Clinic. Retrieved May 27, 2024, from https://www.mayoclinic.org/diseases-conditions/antibiotic-associated-diarrhea/diagnosis-treatment/drc-20352237
  3. Villines, Z. (2023). What to know about antibiotic-associated diarrhea. Retrieved May 27, 2024, from https://www.medicalnewstoday.com/articles/antibiotics-diarrhea

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.