Xerophthalmia (ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သောမျက်စိရောဂါလက္ခဏာစု)

Xerophthalmia (ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သောမျက်စိရောဂါလက္ခဏာစု)

ဗီတာမင်အေသည် အမြင်အာရုံ ဖွံဖြိုးမှု၊ ခန္ဓာကိုယ် ဆဲလ်ပွားသည့် လုပ်ငန်းစဥ်များ၊ မျိုးပွားခြင်း နှင့် ကိုယ်ခံအားစနစ်တို့အတွက် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ဗီတာမင်အေချို့တဲ့ခြင်းကြောင့် ဖြစ်သော မျက်စိရောဂါလက္ခဏာစုတွင် ညဘက်ကောင်းစွာမမြင်နိုင်ခြင်းမှ နောက်ဆုံးမျက်စိကွယ်ခြင်းအထိ လက္ခဏာအဆင့်ဆင့်ပါဝင်သည်။ ၎င်းသည် ကလေးများ မျက်စိကွယ်ခြင်း၏ အတွေ့ရအများဆုံး အကြောင်းရင်းတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဗီတာမင် အေ သည် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်း ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် အစားအစာထဲတွင် ဗီတာမင် အေ လုံလောက်စွာ မပါဝင်ခြင်း၊ ခန္ဓာကိုယ်မှ ဗီတာမင် အေ ကို အကျိုးရှိစွာ သုံးစွဲနိုင်ခြင်းမရှိသော အခြေအနေများတွင် ဗီတာမင် အေ ချို့တဲ့ခြင်းဖြစ်လာသည်။

ဗီတာမင် အေ သည် အမြင်အာရုံအတွက် အရေးကြီးသော နေရာတွင် ပါ၀င်သည်။ မျက်ကြည်လွှာကို အစိုဓာတ်ဖြင့် ချောမွေ့စေပြီး အမြင်လွှာအတွက်လိုအပ်သော ရောင်ခြယ်ပစ္စည်းများကို ပြုလုပ်ရန် ဗီတာမင် အေ ကိုလိုအပ်သည်။

ဖြစ်နိုင်ခြေ ပိုမိုများသော အုပ်စုမှာ

  • အသက် (၅) နှစ်အောက် ကလေးများ
  • ၀က်သက်ရောဂါ ဖြစ်ပွားသောကလေးများ
  • အာဟာရချို့တဲ့သော ကလေးများ
  • နာတာရှည် ဝမ်းပျက်နေသောကလေးများ
  • အချို့သောနာတာရှည်ရောဂါ (ဥပမာ_အသည်းရောဂါ၊ အူလမ်းကြောင်းစုပ်ယူမှုအားနည်းသောရောဂါ) ခံစားနေရသောကလေးများ
  • ဆင်းရဲနွမ်းပါး၍ ကျန်းမာရေး ဗဟုသုတ နည်းပါးသော မိသားစုရှိ ကလေးများ
ရောဂါလက္ခဏာများ

ဗီတာမင်အေချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်လေ့ရှိပြီး အောက်ပါအတိုင်း အဆင့်ဆင့်ဖြစ်ပေါ် တတ်သည်။

  • ညဘက် (သို့မဟုတ်) အလင်းရောင်အားနည်းသည့် အချိန်များတွင် ကောင်းစွာမမြင်နိုင်ခြင်း (Night Blindness)
  • မျက်သားခြောက်ခြင်း (Conjunctival xerosis)
  • မျက်သားပေါ်တွင် တြိဂံပုံစံအဖြူရောင် အနာစက်ပေါ်လာခြင်း (Bitot spots)
  • မျက်ကြည်လွှာခြောက်ခြင်း (Corneal xerosis)
  • မျက်ကြည်လွှာအနာဖြစ်ခြင်း (Corneal ulcers)
  • မျက်ကြည်လွှာအမာရွတ်ဖြစ်ခြင်း (Keratomalacia)
  • မြင်လွှာပျက်စီး၍ အမြင်အာရုံ ဆုံးရှုံးခြင်း (Xerophthalmic fundus)
Xerophthalmia img1
နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲအနေဖြင့် အရေပြား၊ နှလုံး၊ အဆုတ်နှင့် ကိုယ်ခံအားစနစ်တွင်ပါ ချို့ယွင်းပျက်စီးခြင်း ဖြစ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထူးသဖြင့် မိမိ၏ကလေးသည် ဖြစ်နိုင်ခြေများသောအုပ်စုတွင် ပါဝင်ခြင်း၊ အမြင်အာရုံနှင့် မျက်စိပြဿနာ ရှိခြင်း တစ်ခုခုရှိပါက မိမိ၏မိသားစုဆရာ၀န်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဤရောဂါဟုသတ်မှတ်ရန်အတွက် စားသောက်မှုပုံစံအပါအ၀င် ရောဂါရာဇ၀င်ကို မေးမြန်းခြင်း၊ မျက်စိတွင်ဖြစ်နေသောလက္ခဏာများကိုရှာဖွေခြင်း၊ ဗီတာမင်အေ ပမာဏကို တိုင်းတာခြင်းတို့အပြင် လိုအပ်ပါက မျက်စိဆရာ၀န်နှင့် ပြသ၍ စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း

ဗီတာမင် အေ ချို့တဲ့ခြင်းအတွက် ဗီတာမင် အေ တိုက်ကျွေးခြင်း၊ ဗီတာမင် အေ ကြွယ်ဝသော အစားအစားများ စားသုံးခြင်းဖြင့် ကုသနိုင်သည်။ မျက်စိပြဿနာများအတွက် မျက်စဥ်းဆေးများ ခပ်ပေးခြင်း၊ မျက်ရည်တု ခပ်ပေးခြင်း အစရှိသည့် ကုသမှုများကို ပြုလုပ်နိုင်သည်။ ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့် ဖြစ်သော မျက်စိရောဂါလက္ခဏာစုသည် အချိန်မီကုသလျှင် ပြန်လည်ကောင်းလာနိုင်သော်လည်း ကုသမှုကိုမရရှိခြင်း သို့မဟုတ် ကုသမှုနှောင့်နှေးပါက မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။

ကာကွယ်ခြင်း

ဗီတာမင် အေ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါစုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အစားအစာထဲတွင် ဗီတာမင် အေ လုံလောက်အောင်စားခြင်းဖြစ်သည်။ ဗီတာမင် အေ ပါ၀င်သော အစားအစာများမှာ_

  • အစိမ်းရင့်ရောင်အရွက်များ (ဥပမာ_ဟင်းနုနွယ်ရွက်)
  • အ၀ါရောင်နှင့် လိမ္မော်ရောင် အသီးအနှံများ (ဥပမာ_သင်္ဘောသီး ၊ လိမ္မော်သီး)
  • အ၀ါရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ_ဖရုံသီး)
  • မုန်လာဥနီ
  • ဥအနှစ်များ
  • အသည်း
  • ငါးကြီးဆီ
  • နို့ နှင့် နို့ထွက်ပစ္စည်းများ
  • ဗီတာမင် အေ ပါဝင်သောဖြည့်စွက်စာများ
    သို့သော် ဗီတာမင် အေ ပါဝင်သောဖြည့်စွက်စာများသည် လိုအပ်သည်ထက် ပမာဏများစွာ စားသုံးမိလျှင် အန္တရာယ်ရှိသောကြောင့် သတိထားရန် လိုအပ်သည်။

References:

  1. What Is Xerophthalmia? (2023). WebMD. Retrieved May 27, 2024, from https://www.webmd.com/eye-health/what-is-xerophthalmia
  2. Vitamin A deficiency. (n.d.). Retrieved May 27, 2024, from https://www.who.int/data/nutrition/nlis/info/vitamin-a-deficiency#:~:text=In%20its%20more%20severe%20forms,months%20of%20losing%20their%20sight
  3. Feroze, K. B., & Kaufman, E. J. (2023). Xerophthalmia. StatPearls – NCBI Bookshelf. Retrieved May 27, 2024, from https://www.ncbi.nlm.nih.gov/books/NBK431094/
  4. Xerophthalmia. (2024). Cleveland Clinic. Retrieved May 27, 2024, from https://my.clevelandclinic.org/health/diseases/24430-xerophthalmia
  5. Hecht, M. (2017). Everything You Should Know About Xerophthalmia. Healthline. Retrieved May 27, 2024, from https://www.healthline.com/health/eye-health/xerophthalmia#outlook

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.