Smegma pearl in boys (ယောက်ျားလေး လိင်အင်္ဂါ အရေပြားအောက်ရှိ အဖုများ)

Smegma pearl in boys (ယောက်ျားလေး လိင်အင်္ဂါ အရေပြားအောက်ရှိ အဖုများ)

Smegma Pearlသည် ယောက်ျားလေး လိင်အင်္ဂါ အရေပြားအောက်တွင် အဆီများ၊ ချွေးများ၊ အရေပြားဆဲလ်များနှင့် အရည်များ စုပြုံ၍ ဖြစ်ပေါ်နေသောအဖုများဖြစ်သည်‌။ ထိုအဖုများသည် အဖြူရောင် (သို့မဟုတ်) အဝါရောင်၊ နို့အနှစ်ကဲ့သို့ဖြစ်ပြီး တစ်ခါတစ်ရံ အနံ့ရှိတတ်သည်။ ယေဘုယျအားဖြင့် အန္တရာယ်မရှိသော်လည်း မိဘများ စိုးရိမ်လေ့ရှိသော လက္ခဏာတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးကင်းစကလေး အများစုတွင် လိင်တံထိပ်ကို အုပ်ထားသောအရေပြားသည် နောက်သို့ပြန်၍ ဆွဲလှန်မရပါ။ သို့သော် အချိန်ကာလတစ်ခုအကြာတွင် ထိုအ‌ရေပြားနှင့် လိင်တံထိပ်သည် ကွာထွက်လာပြီး နောက်သို့ ပြန်၍ ဆွဲလှန်နိုင်လာသည်။
ထိုအရေပြားသည် ကလေးအသက် (၁)နှစ်အရွယ်တွင် လိင်တံထိပ်မှ စတင်ကွာလာပြီး (၉၀%) ခန့်သည် အသက်(၄)နှစ်အရွယ်တွင် အတော်အသင့်ကွာနေမည်။ ထိုသို့မကွာမီ အရေပြားအောက်တွင် အရေပြားဆဲလ် သေများ၊ အဆီများ၊ ချွေးနှင့် အရည်များစုပြီး အဖု ဖြစ်ပေါ် လာခြင်းဖြစ်သည်။

‌‌ရောဂါလက္ခဏာများ

လိင်အင်္ဂါအ‌ရေပြားအောက်တွင်

  • အဖြူရောင် ( သို့မဟုတ်) အဝါရောင် အဖုများ၊ အလုံးများဖြစ်ခြင်း
  • နို့အနှစ်ကဲ့သို့ အဖြူ (သို့မဟုတ်) အဝါရောင် အဖတ်များထွက်ခြင်း
  • ယားယံခြင်း
  • အနံ့ရှိခြင်း
  • ရောင်ရမ်းခြင်း
  • နာကျင်ခြင်း စသည့်လက္ခဏာများ ရှိတတ်သည်။
နောက်ဆက်တွဲ ပြဿနာများ

ယေဘုယျအားဖြင့် နောက်ဆက်တွဲ ပြဿနာမရှိပါ။ တစ်ခါတစ်ရံ အရေပြားအောက်စုပြုံနေသော ဆဲလ်သေများ၊ အဆီများနှင့် ချွေးများကြောင့် ပိုးဝင်ရောက်နိုင်သည်။

ဆေးရုံ၊ ဆေးခန်း ပြသရန်

လိင်တံနီရဲ၍ ရောင်နေခြင်း၊ လိင်တံမှ ပြည်ထွက်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်းနှင့် ဆီးသွားလျှင် လိင်တံထိပ် အရေပြားဖောင်းလာခြင်း စသည့် ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေး စစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ပုံမှန်အားဖြင့် ကလေး၏ လိင်အင်္ဂါထိပ်ရှိ အရေပြားကို ကြည့်၍ ရောဂါသိရှိနိုင်သည်။ ပိုးဝင်ရောက်သော လက္ခဏာရှိပါက သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။

ကုသခြင်း

ယေဘုယျအားဖြင့် ကုသရန်မလိုပါ။ နီခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင်နာခြင်းစသော ပိုးဝင်သည့်လက္ခဏာများရှိမှ ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

လိင်အင်္ဂါပတ်ဝန်းကျင်ကို ဆပ်ပြာနှင့် ရေသန့်ကို အသုံးပြု၍ ဆေးကြောသန့်စင်ပေးရန်လိုသည်။ ကလေး၏ လိင်တံထိပ်အ‌ရေပြားကို အတင်းဆွဲလှန်၍ သန့်ရှင်းရေး မလုပ်ရပါ။ ငယ်ရွယ်သောကလေးများတွင် ထိုအရေပြားကို သန့်ရှင်းပေးရန် မလိုသောကြောင့် အတင်းဆွဲလှန်ပါက အနာဖြစ်တတ်သည်။ ညစ်ပတ်နေသော သေးခံများကို ချက်ချင်းလဲပေးရန် လိုသည်။

References:

  1. Smegma. (2024). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/24281-smegma
  2. The Royal Children’s Hospital & The Victorian State Government. (2018). Penis and foreskin care. Retrieved June 17, 2024, from https://www.rch.org.au/uploadedFiles/Main/Content/kidsinfo/english-penis-and-foreskin-care.pdf
  3. Clinical Practice Guidelines : The penis and foreskin. (n.d.). Retrieved June 17, 2024, from https://www.rch.org.au/clinicalguide/guideline_index/the_penis_and_foreskin/

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.