Pertussis (ကြက်ညှာချောင်းဆိုး ရောဂါ)

Pertussis (ကြက်ညှာချောင်းဆိုး ရောဂါ)

ကြက်ညှာချောင်းဆိုးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ အုပ်စုတွင် ပါ၀င်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကြက်ညှာချောင်းဆိုးရောဂါသည် ဘက်တီးရီးယားပိုး (Bordetella pertussis) ကြောင့် ဖြစ်သည်။ ကြက်ညှာချောင်းဆိုးရောဂါပိုး ရှိသူကလေးများ နှာချေ၊ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ပြီး အခြားသူထံသို့ ကူးစက်နိုင်သည်။ အသက်တစ်နှစ်အောက် ကလေးများတွင် အဖြစ်များပြီး အသက်ခြောက်လအောက် ကလေးငယ်များတွင် ပိုမိုပြင်းထန်တတ်သည်။

ရောဂါလက္ခဏာများ

ကြက်ညှာချောင်းဆိုး ရောဂါပိုး ကူးစက်ခံရပြီးနောက် (၅)ရက် မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ တစ်ခါတစ်ရံ လက္ခဏာပေါ်ရန် (၃) ပတ်ခန့်အထိ ကြာတတ်သည်။ လက္ခဏာအဆင့် (၃) ဆင့်ရှိသည်။

ကနဦးအဆင့်
(၁)ပတ် မှ (၂)ပတ်ခန့်အထိ ကြာတတ်သည်။ အဖျားငွေ့‌ငွေ့ ရှိခြင်း၊ နှာချေခြင်း၊ နှာရည်ကျခြင်း၊ ချောင်းအနည်းငယ်ဆိုးခြင်းများ ဖြစ်တတ်သည်။ အသက်ငယ်လွန်းသော ကလေးများတွင် ရုတ်တရက် အသက်ရှူရပ်တတ်သည်။

ချောင်းဆိုးအဆင့်
ကနဦး အဆင့်ပြီးနောက် (၃) ပတ်မြောက်တွင် ချောင်းဆိုးခြင်းသည် ပို၍ပြင်းထန်လာတတ်သည်။ ချောင်းတစ်ကြိမ်ဆိုးလျှင် အဆက်မပြတ် ဆက်တိုက်ဆိုးတတ်ပြီး မျက်နှာတပြင်လုံး နီရဲရာမှ ပြာနှမ်းလာသည်အထိ ဖြစ်တတ်သည်။ ချောင်းဆက်တိုက်ဆိုးပြီးတိုင်း အရှိန်ပြင်းပြင်းနှင့် အသံထွက်အောင် အသက်ရှူသွင်းတတ်သည်။ ချောင်းဆက်တိုက်ဆိုးခြင်းကြောင့် အန်ခြင်း၊ မောခြင်း၊ အသက်ရှူခက်ခဲခြင်း၊ နို့ကောင်းကောင်းမစို့နိုင်ခြင်း၊ တစ်ခါတစ်ရံ ကလေးငယ်များ၏ မျက်သားအဖြူတွင် သွေးထွက်ခြင်း စသော လက္ခဏာများလည်း တွေ့ရတတ်သည်။ ဤကာလသည် (၁) ပတ်မှ (၆) ပတ် ခန့်၊ တစ်ခါတစ်ရံ (၁၀) ပတ်အထိ ကြာတတ်ပြီး ဤအဆင့်တွင် အခြားသူထံသို့ ‌ရောဂါကူးစက်နိုင်ခြေလည်း မြင့်မားသည်။

Pertussis img1

နာလန်ထအဆင့်
ဤအဆင့်တွင် အထက်ပါချောင်းဆိုးလက္ခဏာများ တဖြည်းဖြည်းသက်သာလာပြီး ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်ထိကြာမြင့်တတ်သည်။

နောက်ဆက်တွဲပြဿနာများ

လသားအရွယ် ကလေးများတွင် ပိုမိုဖြစ်တတ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာအချို့မှာ_

  • အဆုတ်ရောင်‌ရောဂါ (နမိုးနီးယား – pneumonia)ဖြစ်ခြင်း
  • အသက်ရှူရပ်ခြင်း
  • ‌‌ရေဓာတ် ဆုံးရှုံးခြင်း
  • အာဟာရချို့တဲ့လာခြင်း
  • တက်ခြင်း၊ သတိလစ်ခြင်း
  • ဦးနှောက်ရောင်ခြင်း (encephalitis)တို့ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှုခံယူရန် လိုသည်။

ရောဂါရှာဖွေခြင်း

အများအားဖြင့် ကြက်ညှာချောင်းဆိုး ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်၊ ရောဂါလက္ခဏာအဆင့်များပေါ် မူတည်၍ ကြက်ညှာချောင်းဆိုးရောဂါဖြစ်ကြောင်း သိရှိနိုင်သည်။ အသေးစိတ် တိတိကျကျ စစ်ဆေးသိရှိလိုပါက ကြက်ညှာချောင်းဆိုးရောဂါ သံသယရှိသူ ကလေး၏ သွေးနှင့်အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးနိုင်သည်။

ကုသခြင်း

ဘက်တီးရီးယား ရောဂါပိုးကြောင့် ကူးစက်သော ရောဂါဖြစ်သောကြောင့် ဆေးရုံတက်ပြီး ပဋိဇီဝပိုးသတ်ဆေးများနှင့် စောစီးစွာ ကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ပဋိဇီဝပိုးသတ်ဆေးများကို (၁၀) ရက်မှ (၁၄) ရက်အထိ ရက်ပြည့်အောင် သောက်သင့်သည်။ ကနဦးအဆင့်တွင် ပဋိဇီဝပိုးသတ်ဆေးကုသမှုကို ရရှိထားပါက နောက်ဆက်တွဲပြဿနာများ လျော့နည်းနိုင်သည့်အပြင် ကူးစက်မှုနှုန်းကိုလည်းကျဆင်းစေနိုင်သည်။ သို့သော် ပဋိဇီဝပိုးသတ်ဆေးများကြောင့် ချောင်းဆိုးသောကာလ သိသိသာသာ လျော့နည်းသွားခြင်းမရှိပါ။ ပဋိဇီဝပိုးသတ်ဆေးအပြင် ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ခြင်း၊ အရည်များများတိုက်ခြင်း၊ အာဟာရပြည့်၀သော အစားအစာများကို ပမာဏနည်းနည်းနှင့် မကြာခဏကျွေးပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း

ကြက်ညှာချောင်းဆိုးရောဂါအတွက် အထိရောက်ဆုံးကာကွယ်နည်းမှာ ကာကွယ်ဆေးထိုးခြင်းပင်ဖြစ်သည်။ ကလေးငယ်တိုင်းအား ‌ကြက်ညှာချောင်းဆိုး ရောဂါပိုးအပါအဝင် ပိုးငါးမျိုးကာကွယ်ပေးသော ငါးမျိုးစပ်ကာကွယ်ဆေးကို အသက်(၂) လ၊ (၄) လ၊ (၆) လတွင် တစ်ကြိမ်စီ၊ တစ်နှစ်ခွဲတွင် တစ်ကြိမ်၊ (၄)နှစ် မှ (၆)နှစ်ကြားတွင် တစ်ကြိမ် စုစုပေါင်း (၅) ကြိမ် ထိုးပေးခြင်းအားဖြင့် (၉၈) ရာခိုင်နှုန်းအထိ ထိရောက်သော ကာကွယ်မှုရရှိမည်ဖြစ်သည်။

ထို့အပြင် ကြက်ညှာချောင်းဆိုး ရောဂါ ခံစားနေရသော ကလေးမှ အခြား ကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် ချောင်းစတင်ဆိုးသည့်နေ့မှ (၃)ပတ်မြောက်ခန့် အထိ မူကြို (သို့မဟုတ်) ကျောင်းသွားခြင်း မပြုဘဲ သီးခြားနေရန် လိုအပ်သည်။

Reference:

  1. Whooping Cough (Pertussis). (2024). Cleveland Clinic. Retrieved June 7, 2024, from https://my.clevelandclinic.org/health/diseases/15661-whooping-cough-pertussis
  2. Pertussis (Whooping Cough). (n.d.). Whooping Cough (Pertussis). Retrieved June 7, 2024, from https://www.cdc.gov/pertussis/index.html
  3. Website, N. (2024). Whooping cough. nhs.uk. Retrieved June 7, 2024, from https://www.nhs.uk/conditions/whooping-cough/
  4. Whooping cough – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/whooping-cough/symptoms-causes/syc-20378973
  5. Whooping cough – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/whooping-cough/diagnosis-treatment/drc-20378978

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.