Autism spectrum disorder (အော်တစ်ဇင်)

Autism spectrum disorder (အော်တစ်ဇင်)

အော်တစ်ဇင်ဆိုသည်မှာ ကလေးတစ်ဦး၏ အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း၊ ပေါင်းသင်း ဆက်ဆံခြင်း ပုံစံတို့သည် သူ၏ငယ်စဥ်ဘဝမှစ၍ ဘ၀တလျှောက်လုံး၌ ပုံမှန်မဟုတ်သော အခြေအနေ တစ်မျိုးဖြစ်သည်။ အော်တစ်ဇင်သည် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတစ်မျိုးမဟုတ်ပါ။ Developmental disability ဟုခေါ်သော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပုံမမှန်ခြင်း တစ်မျိုးသာဖြစ်သည်။ လူမျိုး၊ ဘာသာ၊ နေရာ၊ ဒေသမရွေး တစ်ကမ္ဘာလုံးတွင်ဖြစ်နိုင်ပြီး ယောက်ျားလေးများသည် မိန်းကလေးများထက် (၄)ဆပို၍ ဖြစ်တတ်သည်။

အော်တစ်ဇင်ဖြစ်နှုန်းသည် တစ်ကမ္ဘာလုံး၌ (၁၉၇၀) ခန့်မှစ၍ မြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် (၁၉၉၀) နောက်ပိုင်းတွင် သိသိသာသာ တိုးတက်လာသည်။ ဤသို့မြင့်တက်လာခြင်းမှာ အမှန်တကယ်ရောဂါဖြစ်ပွားနှုန်း မြင့်တက်နိုင်ခြင်းကြောင့်သာမက စောစီးစွာထိထိရောက်ရောက်ကုသနိုင်ရန်အတွက် ရောဂါသတ်မှတ်ချက် စံနှုန်းများ ပြောင်းလဲလာခြင်း၊ ဆရာဝန်များသာမက မိသားစု (သို့မဟုတ်) မိဘများအနေနှင့် အော်တစ်ဇင်လက္ခဏာများကို ပို၍သတိထားမိလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ထင်မြင်ယူဆချက် အမျိုးမျိုးရှိသော်လည်း ယခုအချိန်အထိ မည်သည့်အကြောင်းကြောင့် အော်တစ်ဇင်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးပါ။ တချို့သောသုတေသနများမှ မျိုးရိုးဗီဇသည် အော်တစ်ဇင်ဖြစ်ရခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု တွေ့ရှိခဲ့သော်လည်း အမြဲမျိုးရိုးလိုက်သည့် ရောဂါဟု တိတိကျကျမပြောနိုင်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သောအခြေအနေတချို့နှင့် ဆက်စပ်ကြောင်းလည်း တွေ့ရှိထား ပါသည်။ ယခင်က ယူဆခဲ့ကြသကဲ့သို့ အော်တစ်ဇင်နှင့် ကာကွယ်ဆေးများသည် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါ။

အော်တစ်ဇင်လက္ခဏာများ

အော်တစ်ဇင်ကလေးတစ်ယောက်နှင့် ပုံမှန်ကလေးတစ်ယောက်အကြား အဓိကကွာခြားချက်မှာ ပြင်ပလောကနှင့် မည်သို့မည်ပုံ တုံ့ပြန်ဆက်ဆံကြသည် ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ အော်တစ်ဇင် လက္ခဏာအများစုကို ကလေးအသက် နှစ်နှစ်-သုံးနှစ်ခန့်တွင် စတင်တွေ့ရှိရသော်လည်း တချို့ကလေးများတွင်မူ အသက်တစ်နှစ်အောက်တွင်လည်းကောင်း၊ ကျောင်းတက်သောအရွယ်ရောက်မှ လည်းကောင်း သတိပြု မိတတ်ပါသည်။ အော်တစ်ဇင်တစ်ဦးနှင့်တစ်ဦး တွေးခေါ်ပုံ၊ ပြုမူပုံလက္ခဏာများသည်လည်း ထပ်တူညီမှု မရှိပါ။

အော်တစ်ဇင်လက္ခဏာများကို အောက်ပါနယ်ပယ်နှစ်ခုတွင် အဓိကတွေ့ရှိရသည်။

  1. လူမှုပေါင်းသင်းဆက်ဆံမှုနှင့် အပြန်အလှန်တုံ့ပြန်မှုနယ်ပယ် (Social communication and social interaction)
    တွေ့ရှိရတတ်သော ဥပမာလက္ခဏာများမှာ –
    • စကားပြောနောက်ကျခြင်း (speech delay)၊ တတ်ပြီးသားစကားအချို့မပြောတော့ခြင်း၊ အဓိပ္ပါယ်ဖော်မရသော အသံများထွက်ခြင်း၊ သံယောင်လိုက်ခြင်း
    • တစ်ယောက်တည်း သီးသီးသန့်သန့် နေတတ်ပြီး ရွယ်တူကလေးအချင်းချင်းမကစားခြင်း၊ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရာတွင်အခက်အခဲရှိခြင်း
    • သာမန်လူအများနားလည်သော ကိုယ်ဟန်အမူအရာ၊ မျက်နှာအမူအရာ၊ အသံနေအသံထားတို့ကို နားမလည်ခြင်း၊ မိမိကိုယ်တိုင်လည်း အမူအရာမပြတတ်ခြင်း ( ဥပမာ – လက်ညှိုးထိုးမပြတတ်ခြင်း၊ မျက်လုံးချင်းဆိုင်မကြည့်ခြင်း)
  2. အမူအကျင့်နှင့် စိတ်ဝင်စားမှုထူးခြားချက်များနယ်ပယ် (Limited interests and repetitive behaviors)
    တွေ့ရှိရတတ်သော ဥပမာလက္ခဏာများမှာ –
    • စိတ်ကူးပုံဖော်ရသော ကစားနည်းများကို မကစားနိုင်ခြင်း၊ ပုံမှန်မဟုတ်သော ကစားနည်းတစ်ခုတည်းကို ထပ်ခါထပ်ခါ ကစားနေတတ်ခြင်း
    • အသံ၊ အရသာ၊ အထိအတွေ့ အစရှိသော အာရုံခံစားမှုများပုံမှန်မဟုတ်ခြင်း (ဥပမာ -အစားအသောက်၏ အရသာ၊အပျော့အမာကို ရွေးချယ်ရာတွင် အလွန်ချေးများတတ်ပါသည်။ အသံတချို့ကို လုံးဝ သည်းမခံနိုင်ပါ)
    • အသက်အရွယ်နှင့်လိုက်ဖက်သော စိတ်ဝင်စားစရာမဟုတ်သည့် ထူးထူးခြားခြားအကြောင်းအရာ၊ အရာဝတ္ထုတစ်ခုခု (ဥပမာ – သာမန်အဝတ်စလေးတစ်စ၊ ပန်ကာကဲ့သို့ လည်နေသောပစ္စည်းများ) တို့နှင့် တစ်နေ့လုံးအချိန်ကုန်နေတတ်ခြင်း၊ အစွဲအလန်းကြီးခြင်း၊ ထိုအရာဝတ္ထုကို သွားလေရာ ယူသွားတတ်ခြင်း
    • အဝတ်အစား၊ အသုံးအဆောင်၊ အစားအသောက်စသည်တို့ကို ပြောင်းလဲပေး၍မရခြင်း
    • သူ၏ထုံးစံ၊ အကျင့်တစ်ခုခုကိုဖောက်ဖျက်၊ ပြောင်းလဲမိလျှင် အလွန်အမင်း ပေါက်ကွဲဒေါသထွက်ခြင်း (ဥပမာ – သူတန်းစီထားသော အရုပ်တန်းကြီးကို သွားဖျက်မိခြင်း)
    • ယခင်ကြည့်ခဲ့ဖူးသည့် ကာတွန်းကား၊ ရုပ်ရှင်စသည်တို့မှ အမူအရာ၊ သီချင်း၊ စကားပြောသံ စသည်တို့ကို ထပ်ခါထပ်ခါ ပြန်လည်ပြုမူနေတတ်ခြင်း
    • လက်ခုပ်တီး၊ လက်ခါ၊ ခန္ဓာကိုယ်ရှေ့နောက်လှုပ်စသည့် လှုပ်ရှားမှုများကို ထပ်ခါထပ်ခါ အချိန်ကြာရှည်စွာ ပြုလုပ်နေတတ်ခြင်း
      သတိပြုရန်မှာ အထက်ပါလက္ခဏာတစ်ခု၊ နှစ်ခုရှိရုံမျှနှင့် အော်တစ်ဇင်မဟုတ်ပါ။ ကလေး၏ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုအပိုင်း၊ ပြောဆိုဆက်သွယ်သည့်အပိုင်း၊ ထူးထူးခြားခြားအမူအရာ၊ အမူအကျင့်၊ စွဲလမ်းမှု စသည့်နေရာ တော်တော်များများမှာ ပုံမှန်မဟုတ်သောအချက်များရှိရမည်။

အော်တစ်ဇင်နှင့် ယှဉ်တွဲတွေ့ရသော ရောဂါအခြေအနေများ

အော်တစ်ဇင်ကလေးတစ်ဦးနှင့်တစ်ဦး လက္ခဏာများအတိအကျမတူညီနိုင်သကဲ့သို့ ယှဉ်တွဲ၍ ဖြစ်လာသော အခြားရောဂါအခြေအနေများလည်း မတူညီကြပါ။
အော်တစ်ဇင်ကလေးများတွင် ယှဉ်တွဲတွေ့ရတတ်သော ရောဂါ အခြေအနေများမှာ –

  • အတက်ရောဂါ (epilepsy)
  • အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲခြင်း (ADHD)
  • စိုးရိမ်သောကများခြင်း (anxiety and stress)
  • ခန္ဓာကိုယ်ကြွက်သားများ ဟန်ချက်ညီစွာမလှုပ်ရှားနိုင်ခြင်း (developmental coordination disorder)
  • ကောင်းစွာအိပ်မပျော်ခြင်း (sleep problems)
  • အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ (gastrointestinal disorders)
  • တွေးခေါ်မှု၊ မှတ်သားမှုနှင့် တုံ့ပြန်မှုဆိုင်ရာ အရည်အသွေးမညီမျှမှုများ (uneven cognitive skills) – တချို့အော်တစ်ဇင်ကလေးများတွင် “savant” skills ဟုခေါ်သော အထူးကျွမ်းကျင်မှုများရှိကြပါသည်။ အခြားနယ်ပယ်များမှာ အခက်အခဲများစွာရှိသော်လည်း သူတို့၏ မှတ်ဉာဏ်၊ သင်္ချာ၊ ဂီတ၊ အနုပညာ စသည်တို့တွင် အလွန်ထူးချွန်တတ်သည်။
အော်တစ်ဇင် ဖြစ်ကြောင်းစစ်ဆေးခြင်း

အော်တစ်ဇင်ဖြစ်ကြောင်း သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ပြုလုပ်၍ မသိရှိနိုင်ပါ။ အော်တစ်ဇင်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွမ်းကျင်သူပညာရှင်များမှ ကလေး၏လက္ခဏာ၊ အမူအကျင့်၊ အခက်အခဲများကို ခြုံငုံသုံးသပ်ပြီး နိုင်ငံတကာမှ သတ်မှတ်ထားသော အော်တစ်ဇင်လက္ခဏာများ၊ စံနှုန်းများနှင့် တိုက်ဆိုင်စစ်ဆေးရပါသည်။

ကျွမ်းကျင်သူပညာရှင်များဟုဆိုရာတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းများအရ အော်တစ်ဇင်နှင့်ပတ်သက်၍ ကျွမ်းကျင်သော ကလေးစိတ်ပညာရှင်၊ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကလေးဆရာဝန်၊ ကလေးဦးနှောက်အာရုံကြော ဆရာဝန်၊ ကလေးစိတ်ကျန်းမာရေးဆရာဝန်နှင့် စကားပြောလေ့ကျင့်ပေးသော ပညာရှင် (child psychologist, community/developmental pediatrician, child neurologist, psychiatrist, speech therapist) များကိုဆိုလိုသည်။

ကလေး၊ မိဘတို့နှင့်အတူ အချိန်ပေး၍ ကလေး၏တုံ့ပြန်မှု၊ ကစားပုံ၊ အသံ၊အမူအရာ စသည်တို့ကို အော်တစ်ဇင်လက္ခဏာများနှင့် တိုက်ဆိုင်စောင့်ကြည့်ရသည်။ မိဘကိုလည်း လိုအပ်သည့်မေးခွန်းများ မေးမြန်းရသည်။

အော်တစ်ဇင်သံသယရှိသောကလေးတိုင်းကို နား ကြားမကြား စမ်းသပ်သင့်သည်။ နားမကြားလျှင် နောက်ဆက်တွဲ စကားမပြောနိုင်သဖြင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း အခက်အခဲဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်နိုင်ငံများစွာတွင် မွေးကင်းစကလေးတိုင်းကို အကြားအာရုံ စမ်းသပ်ခြင်း (hearing screen) ပြုလုပ်ကြသည်။ တခြားယှဉ်တွဲလာသောရောဂါလက္ခဏာများပေါ်မူတည်၍ ခဲဆိပ်သင့်သည် ဟုသံသယရှိပါက သွေးစစ်စမ်းသပ်ခြင်း၊ အတက်ရောဂါရှိပါက EEG စမ်းသပ်ခြင်း၊ အခြားဦးနှောက်အာရုံကြော ရောဂါလက္ခဏာများနှင့်တွဲနေပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ မျိုးရိုးဗီဇစမ်းသပ်ခြင်း (genetic tests) စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။

ဤသို့သော စမ်းသပ်စစ်ဆေးခြင်းများ၏ ရည်ရွယ်ချက်များမှာ အော်တစ်ဇင်မှန်ကန်ကြောင်း၊ အော်တစ်ဇင်နှင့်တူသော အခြားရောဂါအခြေအနေများ မဟုတ်ကြောင်းသိရှိနိုင်ရန်၊ အော်တစ်ဇင်နှင့် တွဲလာတတ်သော ရောဂါအခြေအနေမျိုးကို သိရှိရန်နှင့် ကလေး၏အားသာချက်၊ အားနည်းချက်၊ အထွေထွေ လုပ်ဆောင်နိုင်မှု အခြေအနေများ၊ မိဘနှင့်မိသားစုမှ ပံ့ပိုးပေးရန်လိုအပ်နိုင်သည်များ စသည်တို့ကို အကဲဖြတ်နိုင်ရန် တို့ဖြစ်သည်။ ဤသို့စမ်းသပ်စစ်ဆေးခြင်းများမှ ရရှိလာသော အချက်အလက်များသည် လေ့ကျင့်ကုသရာတွင်လည်း များစွာအသုံးဝင်ပါသည်။

ကုသခြင်း

လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့်နည်းလမ်း၊ ဆေးဝါးမရှိသေးပါ။ သို့သော် အော်တစ်ဇင် ဖြစ်ကြောင်းစောစီးစွာဖော်ထုတ်သိရှိပြီး မှန်ကန်သောလေ့ကျင့်သင်ကြားမှုများ စနစ်တကျ ပုံမှန် ပြုလုပ်ပေးနိုင်ပါက သိသိသာသာတိုးတက်လာနိုင်ပြီး သူတစ်ပါးနှင့်မိသားစုအပေါ် အမှီအခိုနည်းနည်းဖြင့် ရပ်တည်နိုင်စွမ်း ရှိလာပါမည်။

အော်တစ်ဇင်ကလေးများကိုကုသရာမှာ အောက်ပါအပိုင်းများပါဝင်ပါသည်။

  1. ကျွမ်းကျင်သောဆရာ၊ ဆရာမများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားမှုများ
    စောစောစီးစီး အချိန်မှန်မှန်သင်ကြားရန် နှင့် မိဘများကပါ နားလည်ကူညီ သင်ကြားပေးနိုင်ရေးသည် အရေးကြီးပါသည်။ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေး၊ အမူအကျင့်ပိုင်းနှင့် ခံစားမှုပိုင်း ဆိုင်ရာများကို လေ့ကျင့်ပေးရပါသည်။
  2. အော်တစ်ဇင်လက္ခဏာနှင့် တွဲလာသော အခြားရောဂါအခြေအနေများကို ကုသခြင်း
    ဥပမာ – အတက်ရောဂါ၊ အလွန်အမင်း ဂနာမငြိမ်ခြင်း၊ မအိပ်ခြင်းစသည်တို့နှင့် တွဲ၍ဖြစ်လာပါက ဆေးဝါးများ လိုအပ်နိုင်ပါသည်။
  3. မိဘများကိုလည်း အော်တစ်ဇင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာများပေးရန် နှင့် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးခြင်း
ကာကွယ်ခြင်း

အော်တစ်ဇင်သည် ကာကွယ်၍ရသော ရောဂါမဟုတ်ပါ။ သို့သော် အော်တစ်ဇင်ဖြစ်စဉ်ကို ယေဘုယျလေ့လာကြည့်လျှင် ဗီဇနှင့် ပတ်ဝန်းကျင် ရိုက်ခတ်မှုတို့သည် အဓိကအကျဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေတချို့နှင့်ဆက်စပ်ကြောင်းလည်းတွေ့ရှိထားပါသည်။ ထို့ကြောင့် ဗီဇကို ပြောင်းလဲပြုပြင်ကာကွယ်၍ မရသော်လည်း တချို့သော ပတ်ဝန်းကျင်ရိုက်ခတ်မှု အခြေအနေများကို ကြိုတင်ကာကွယ်နိုင်သည်။

အောက်ပါတို့ကိုအကြံပြုလိုပါသည်။

  1. မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်သင့်သည်၊ ဆေးလိပ်၊ အရက်သုံးစွဲခြင်းမှ ရှောင်ကြဉ်ရမည်၊ မိခင်လောင်း၏ ကိုယ်ဝန်ဆောင်စဥ် စိတ်အေးချမ်းတည်ငြိမ်မှုသည် အရေးကြီးသည်
  2. မိခင်လောင်းသည် ကိုယ်ဝန်ကို ကျန်းမာရေးဝန်ထမ်းများနှင့် စောစီးစွာအပ်နှံ၍ ပုံမှန်ပြသရမည်
  3. ဆေးရုံ၊ဆေးခန်းများတွင် မီးဖွားသင့်သည်
  4. ကာကွယ်ဆေးများကို စီမံချက်အတိုင်း သတ်မှတ်ချက်ပြည့်အောင် ထိုးနှံရပါမည်
  5. မိမိကလေးကို မေတ္တာနှင့်ပြုစုစောင့်ရှောက်မှု အပြည့်ပေးနိုင်သော၊ အေးချမ်းလုံခြုံသော မိသားစုဘဝကို တည်ဆောက်ပါ
  6. အော်တစ်ဇင်လက္ခဏာများကို သံသယရှိလျှင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့်အမြန်ပြသပါ

References:

  1. Autism spectrum disorder (ASD) | Autism Speaks. (n.d.). Autism Speaks. Retrieved May 27, 2024, from https://www.autismspeaks.org/what-autism
  2. Autism spectrum disorder – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 27, 2024, from https://www.mayoclinic.org/diseases-conditions/autism-spectrum-disorder/symptoms-causes/syc-20352928
  3. American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). Arlington, VA: Author.

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.