အငိုကြီး၍ တက်သလိုဖြစ်ခြင်း(Breath Holding Spell) သည် ကလေးအသက် (၆)လ မှ (၆)နှစ်အတွင်း အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ကလေးတချို့တွင် ကြောက်လန့်၍ဖြစ်စေ၊ နာကျင်၍ဖြစ်စေ၊ ထိတ်လန့်စရာတစ်ခုခုနှင့် ကြုံတွေ့လျှင်ဖြစ်စေ ငိုကြွေးသောအခါ အထက်ပါအခြေအနေ ဖြစ်ပေါ်တတ်သည်။ ထို့သို့ဖြစ်ခြင်းသည် မိဘများအတွက် စိုးရိမ်ကြောက်လန့် ဖွယ် ဖြစ်နိုင်သော်လည်း အမှန်တကယ်အားဖြင့် အန္တရာယ်မရှိသော အခြေအနေတစ်ခုဖြစ်သည်။ အငိုကြီး၍ တက်သလိုဖြစ်ခြင်းသည် ကလေးအများစုတွင် အသက်တစ်နှစ်ခွဲအောက်တွင် စတင်ဖြစ်တတ်ပြီး အသက် (၆) နှစ်အရွယ်နောက်ပိုင်းတွင် ဖြစ်ပွါးမှု လျော့နည်းသွားတတ်သည်။ တစ်ရက်အတွင်း အကြိမ်များစွာဖြစ်ပွါးသော ကလေးများရှိသကဲ့သို့ အချို့တွင် တစ်ခါတစ်ရံသာ ဖြစ်ပွါးတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ယေဘုယျအားဖြင့် ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျမသိရှိပါ။ Reflex ဟုခေါ်သော ထိန်းချုပ်၍မရသည့် အလိုအလျောက် ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ အငိုကြီး၊ စိတ်ကြီးလာရာမှတဆင့် ကလေး၏ နှလုံးခုန်နှုန်းနှေးခြင်း၊ အသက်ရှူပုံစံပြောင်းလဲခြင်းတို့ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲလက္ခဏာများ ပေါ်လာခြင်း ဖြစ်သည်။ ကလေးငယ်၏ စိတ်အခြေအနေ ဥပမာ _ ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်း၊ ကြောက်လန့်ခြင်း၊ နာကျင်မှုခံစားရခြင်း)နှင့်လည်း သက်ဆိုင်နိုင်သည်။ အဆိုပါကလေးများ၏မိသားစုဝင်များတွင်လည်း အလားတူဖြစ်စဉ်များ တွေ့ရှိရတတ်သည်။ တချို့ကလေးများတွင် သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါနှင့်တွဲ၍တွေ့ရှိတတ်သည်။ အခြားကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်ပါ။ စိတ်ရောဂါ၊ အတက်ရောဂါ၊ နှလုံးရောဂါများ ခံစားနေရခြင်းမဟုတ်ပါ။
ရောဂါလက္ခဏာများ
ကလေးသည် ပထမဦးစွာ အကြောင်းတစ်ခုခုကြောင့် စငိုပြီး စက္ကန့်ပိုင်း (သို့မဟုတ်) မိနစ်ပိုင်းခန့် အငိုရပ်ကာ အသက်ရှူ ခဏရပ်သွားသည်။ ယင်းသည် အထက်တွင်ဖေါ်ပြခဲ့သော Reflex ဟုခေါ်သည့် အလိုအလျောက် ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ ထိုနောက် ကလေးခန္ခာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ ထိုအချိန်တွင် ကလေး၏နှုတ်ခမ်းများ ပြာလာခြင်း (သို့မဟုတ်) ဖြူဖျော့ခြင်းများ ရှိနိုင်သည်။ အချို့ကလေးများတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားတတ်သည်။ အထက်ပါ ဖြစ်စဉ်များ စက္ကန့်ပိုင်းခန့်ဖြစ်ပေါ် ပြီး ကလေးသည် အသက်ချက်ချင်းပြန်ရှူ၍ ပုံမှန်အတိုင်း ပြန်လည်ပြုမူလှုပ်ရှားသည်။ တစ်ခါတစ်ရံ ခဏအိပ်ပျော်သွားတတ်သည်။ ယေဘုယျအားဖြင့် နောက်ဆက်တွဲ ပြဿနာများ မရှိတတ်ပေ။ အချို့တွင် ဖြစ်ပွားချိန် အနည်းငယ်ကြာမြင့်ပါက ခြေ၊ လက်တို့ အနည်းငယ်တုန်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ သေချာလျှင် ဆေးရုံ၊ ဆေးခန်း ပြသရန်မလိုပါ။ သို့သော် မသေချာပါက ကလေးဖြစ်နေချိန်တွင် ဗွီဒီယိုရိုက်ထားပြီး သင်၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။ ထို့ပြင်
အောက်ပါအခြေအနေများကြုံတွေ့ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။
- နေ့စဉ်နီးပါးဖြစ်လာခြင်း
- ဖြစ်ချိန်ကြာလာခြင်း
- ခန္ဓာကိုယ်တောင့်သည်ထက် ခြေလက်များ ပို၍တုန်နေတတ်ခြင်း
- သတိလစ်ခြင်း၊ အချိန်ကြာမြင့်စွာ မှိန်းနေခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်း
- မိဘများအနေဖြင့် ကလေး၏ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း
ကုသခြင်း
ရှေးဦးကုသခြင်း
ကလေးငယ်၏ အိမ်သားများ ကိုယ်တိုင် အိမ်တွင်ပြုစုစောင့်ရှောက်နိုင်သည်။ ထိုသို့ဖြစ်ချိန်တွင် ကလေး၏အနီးအနား၌ ထိခိုက်ဒဏ်ရာရစေနိုင်သည့် အရာဝတ္ထုများကို ဖယ်ရှားရမည်။ ကလေးသည် အန္တရာယ်ရှိသောနေရာတွင် မရှိစေရပါ။ ကလေး၏ ခန္ဓာကိုယ်ကို ဘေးတစောင်းအနေအထားဖြင့် ထားရှိရမည်။ ထို့သို့ဖြစ်နေစဉ် ကလေး၏မျက်နှာကို ရေအေးဖြင့် ပက်ခြင်း၊ လေဖြင့် မှုတ်ခြင်း၊ ခြေလက်ချိုးခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်သင့်ပါ။ ကလေး၏ပါးစပ်ထဲသို့ လက်ထည့်ခြင်း၊ ပစ္စည်းများထည့်ခြင်း မပြုလုပ်ရပါ။ ကလေးသတိပြန်ရလာသောအခါ ပုံမှန်အတိုင်းပြုမူ ဆက်ဆံရန် အရေးကြီးသည်။
ဤသို့ဖြစ်ခြင်းသည် ရောဂါမဟုတ်သောကြောင့် ယေဘုယျအားဖြင့် သီးသန့်ကုသမှုများပေးရန် မလိုအပ်ပါ။ သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်းများ မလိုအပ်ပါ။ ကလေးအသက်အရွယ် ကြီးလာပါကအလိုအလျောက် ပျောက်သွားလိမ့်မည်။
ကာကွယ်ခြင်း
ကာကွယ်ရန် နည်းလမ်း အတိအကျမရှိသော်လည်း အောက်ပါအချက်များ အကြံပြုလိုပါသည်။
- ကလေး၏ စာသင်ချိန်၊ အနားယူချိန်၊ ကစားချိန်၊ အိပ်ချိန်တို့ ပုံမှန်လုံလောက်ပါစေ
- တချို့စိတ်အလိုမကျဖြစ်လာချိန်များတွင် ကလေးအား အာရုံလွှဲပြောင်းပေးပါ
- ကလေးငိုမည်စိုး၍ အရာရာ အလိုလိုက်နေခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်
References:
- Kids Health Info : Breath holding. (n.d.). Retrieved June 12, 2024, from https://www.rch.org.au/kidsinfo/fact_sheets/Breath_holding/
- Website, N. (2023). Breath-holding in babies and children. nhs.uk. Retrieved June 12, 2024, from https://www.nhs.uk/conditions/breath-holding-in-babies-and-children/
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.