ကလေးအဆုတ်လေပြွန်ရောင်ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများကြောင့် အဆုတ်အတွင်းရှိ လေပြွန်လေးများရောင်ရမ်းသည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သည်။ အဆိုပါရောဂါသည် အသက် (၂) နှစ်အောက် ကလေးများတွင် ဖြစ်ပွါးလေ့ရှိပြီး အသက် (၃)လနှင့်(၆)လ ကြားတွင် အများဆုံး တွေ့ရသည်။ ဆောင်းရာသီကဲ့သို့ အေးသောရာသီဥတုတွင် ပိုမိုတွေ့ရတတ်သည်။ အသက်ရှူကျပ်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပြီး တစ်ခါတစ်ရံ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ပြင်းထန်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော Respiratory syncytial virusကြောင့် ဖြစ်ပွါးမှု အများဆုံးဖြစ်ပြီး Influenza virus, Adenovirus, Parainfluenza virus ကဲ့သို့ အခြားဗိုင်းရပ်စ်ပိုးများကြောင့်လည်း ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ပိုးရှိသူ ကလေးငယ်များ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ပိုးများကြောင့် အဆုတ်အတွင်းရှိ လေပြွန်လေးများ ရောင်ရမ်းခြင်း၊ ကျဉ်းလာခြင်း၊ ချွဲများ ပိတ်ဆို့ခြင်း စသည်တို့ ဖြစ်ပေါ်လာသည်။
အောက်ပါကလေးများတွင်ကလေးအဆုတ်လေပြွန်ရောင်ရောဂါဖြစ်နိုင်ခြေပိုများသည်။
- လမစေ့ဘဲ မွေးခဲ့သော ကလေးများ (အထူးသဖြင့် ကိုယ်ဝန် (၃၂)ပတ် အောက်တွင် မွေးဖွားခဲ့သော ကလေးများ)
- အသက် (၃) လအောက် ကလေးများ
- မွေးရာပါ နှလုံးရောဂါ၊ အဆုတ်နာတာရှည် ရောဂါ၊ အာရုံကြောနှင့်ကြွက်သား အားနည်းရောဂါ၊ ကိုယ်ခံအားနည်း ရောဂါရှိသော ကလေးများ
ရောဂါလက္ခဏာများ
ပထမ(၃)ရက်အတွင်းတွင် ရာသီတုပ်ကွေးလက္ခဏာများကဲ့သို့ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုး ခြင်း၊ ဖျားခြင်းတို့ စတင်ဖြစ်ပေါ်လာတတ်သည်။
(၃) ရက်မှ (၅) ရက်အတွင်း အဖျားကြီးလာတတ်သည်။ ထိုအချိန်တွင် ပြင်းထန်သော အဆုတ်ရောင် လက္ခဏာများဖြစ်သည့်
- ချောင်း အဆက်မပြတ်ဆိုးခြင်း
- အသက်ရှူမြန်ခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
- ရင်ဘတ်အောက်နှင့် နံရိုးကြား ချိုင့်ဝင်ခြင်း စသည့် လက္ခဏာများ တွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကလေးအဆုတ်လေပြွန်ရောင် ရောဂါအများစုသည် မပြင်းထန်သော်လည်း တစ်ခါတစ်ရံ အဆုတ်လုပ်ငန်း ပျက်စီးခြင်း၊ ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လာခြင်း၊ အဆုတ်လေပြွန်များတွင် ချွဲများပိတ်ဆို့သဖြင့် အဆုတ်၏အစိတ်အပိုင်း အချို့အတွင်းသို့ လေမဝင်နိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ပေါ်လာတတ်သည်။ အသက်ရှူကျပ်သောကြောင့် နို့ကောင်းစွာ မစို့နိုင်ခြင်း၊ အစားအသောက် သိသိသာသာ လျော့သွားခြင်းတို့ ဖြစ်လာပြီး ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ပေါ်ပေါက်တတ်သည်။အသက် (၃)လအောက် အရွယ်ကလေးများတွင် ရုတ်တရက် အသက်ရှူရပ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ပြင်းထန်သည့်အဆုတ်ရောင်လက္ခဏာများဖြစ်သော အသက်ရှူအလွန်မြန်ခြင်း၊ ရင်ဘတ်အောက်နှင့် နံရိုးကြား ချိုင့်ဝင်အောင် အသက်ရှူရခြင်း၊ နို့မစို့နိုင်ခြင်း၊ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပေါ်ပေါက်ခြင်း၊ နှုတ်ခမ်းနှင့် လျှာတို့ပြာလာခြင်း၊ မှိန်းလာခြင်းတို့ ဖြစ်ပေါ် လာပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ သို့သော် ပြင်းထန်အဆုတ်ရောင် လက္ခဏာများ ဖြစ်ပေါ် လာပါက ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။ နှာခေါင်းနှင့် လည်ချောင်းတို့ဖတ်ယူပြီး ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။
ကုသခြင်း
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေးမလိုဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကို ကုသ၍ သက်သာလာချိန်အထိ အိမ်တွင် စောင့်ကြည့်ရန်သာလိုအပ်သည်။
- အဖျား သက်သာစေရန် ပါရာစီတမော တိုက်ခြင်း
- ရေဓာတ် လုံလောက်အောင် မကြာခဏနို့တိုက်ခြင်း၊ အစားအစာကို ပမာဏနည်းနည်းနှင့် မကြာခဏ ကျွေးပေးခြင်း
- နှာခေါင်းပိတ်သော ကလေးငယ်များအတွက် နှာခေါင်းအစက်ချဆေး(Normal Saline Nasal Drop) ခတ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ရောဂါပြင်းထန်၍ ဆေးရုံတက်ရသော ကလေးငယ်များအတွက် အောက်ဆီဂျင်နှင့် အဆုတ်လေပြွန်အတွက် ရှူဆေးများလိုအပ်နိုင်ပြီး တစ်ခါတစ်ရံ အလွန်ပြင်းထန်လျှင် အသက်ရှူကူစက် (CPAP) တပ်ရသည်အထိ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ရောဂါကူးစက်မှုကို ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- ရောဂါဖြစ်နေသည့် ကလေးငယ်များကို ကိုင်တွယ်သော လူကြီးများ မကြာခဏလက်ဆေးပါ
- ဗိုင်းရပ်စ်ပိုးများ ကပ်ကျန်နိုင်သောနေရာများကို ပိုးသတ်သန့်ရှင်းရေးလုပ်ပါ
- နှာချေ၊ ချောင်းဆိုးလျှင် လက်ဖဝါး၊ တံတောင်ဆစ်နှင့် လက်ကိုင်ပဝါများကို အသုံးပြုပါ
- ပတ်ဝန်းကျင်တွင် လေဝင်လေထွက် ကောင်းစေရန် ပြုလုပ်ပေးပါ
- ကလေး၏ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ
- ရောဂါလက္ခဏာရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဉ်ပါ
- ကလေးများကို ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါပြင်းထန်မှု လျော့ကျအောင် ကာကွယ်ပေးနိုင်သည်။
အဆုတ်လေပြွန်ရောင်ရောဂါဖြင့် ဆေးရုံတင်ရသော ကလေးငယ်များသည်လည်း ဆေးရုံ၌ရှိသော အခြားကလေးလူနာများကို ထပ်မံကူးစက်နိုင်ခြေ မြင့်မားသောကြောင့် မိဘများမှ စနစ်တကျ ကာကွယ်သင့်သည်။ အဆုတ်လေပြွန်ရောင်သော ကလေးများကို အခြားကလေးလူနာများနှင့် တတ်နိုင်သမျှ သီးသန့် အခန်းခွဲထားရမည်။ ထိုအခန်းတွင်းသို့ ဝင်မည့် ဆရာဝန်၊ သူနာပြုနှင့် လူနာစောင့် လူဦးရေကို ကန့်သတ်ထားသင့်သည်။ အခန်းထဲသို့ ဝင်သည့်အခါတိုင်း နှာခေါင်းစည်း (facemask) တပ်ရန်နှင့် ကလေးကို ဆေးထိုးဆေးတိုက်ရန် မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်သေချာဆေးရန် လိုအပ်သည်။
ကလေးအတွက် အသုံးပြုသော အောက်ဆီဂျင်ပိုက်နှင့် အသက်ရှူကူစက်၊ ချွဲစုပ်စက်တို့မှ ပိုက်နှင့် အခြားပစ္စည်းကိရိယာများကိုလည်း သေချာစွာ ပြန်လည်ဆေးကြောသန့်စင်ရန်နှင့် တစ်ခါသုံး ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ရန် အရေးကြီးသည်။ မိဘများသည်လည်း မိမိကလေးမှ အခြားကလေးလူနာများသို့ ထပ်မံ မကူးစက်နိုင်စေရန် နှာခေါင်းစည်း (mask) အမြဲတပ်ထားခြင်း၊ ဧည့်တွေ့လာမည့်လူဦးရေအား ကန့်သတ်ထားခြင်း၊ အခြား ကလေးလူနာများနှင့် ခပ်ခွာခွာ နေခြင်းများ ပြုလုပ်သင့်သည်။ ဆရာဝန်နှင့် သူနာပြုများမှလည်း ကလေးများအား မစမ်းသပ်မီတိုင်း လက်ဆေးခြင်း (သို့မဟုတ်) လက်သန့်ဆေးရည် (hand gel)ဖြင့် လက်ကို သေချာစွာဖျန်းပြီးမှ စမ်းသပ်စစ်ဆေးသင့်သည်။ သို့မှသာ ဆေးရုံတွင် အခြားကလေးလူနာများသို့ ရောဂါ ထပ်မံ ပြန့်ပွားခြင်းကို ထိရောက်စွာကာကွယ်နိုင်မည် ဖြစ်သည်။
References:
- NICE. (2015). Overview | Bronchiolitis in children: diagnosis and management | Guidance | NICE. Retrieved June 17, 2024, from https://www.nice.org.uk/guidance/ng9
- Bronchiolitis. (2024). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/8272-bronchiolitis
- Clinical Practice Guidelines : Bronchiolitis. (n.d.). Retrieved June 17, 2024, from https://www.rch.org.au/clinicalguide/guideline_index/Bronchiolitis
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.