Tonsillitis (အာသီးရောင်ခြင်း)

Tonsillitis (အာသီးရောင်ခြင်း)

အာခေါင်အနောက် ဘေးတစ်ဖက်စီတွင်ရှိသော အာသီးများ နီရဲရောင်ရမ်းလာခြင်းကို အာသီးရောင်ခြင်းဟု ခေါ်သည်။ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးများကြောင့် ရောင်ရမ်းခြင်းဖြစ်သည်။ အာသီးသည် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (၅)နှစ် မှ (၁၅)နှစ်အရွယ် ကလေးများတွင် အာသီးရောင်ခြင်း အဖြစ်များသည်။

Tonsillitis IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. ဗိုင်းရပ်စ်ပိုးများ
    Herpes simplex virus, Epstein-Barr virus (EBV), Cytomegalovirus, other herpes viruses, Adenovirus, Measles virus
  2. ဘက်တီးရီးယားပိုးများ
    Streptococcus pyogenes and other bacteria

ကူးစက်နိုင်သည့် နည်းလမ်းများမှာ

  • ရောဂါပိုးရှိသူမှ နှာချေ၊ ချောင်းဆိုးလျှင်ထွက်သော အမှုန်အမွှားများမှတစ်ဆင့် ကူးခြင်း
  • ရောဂါပိုးရှိသူ၏ နှာခေါင်း၊ ပါးစပ်မှထွက်သော အမှုန်အမွှားများ ကပ်ငြိနေသော အရာဝတ္ထုများကို ကိုင်မိပြီးနောက် မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်ကို ကိုင်တွယ်မိခြင်းတို့ကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ
  • အာသီးများ နီရဲရောင်ကိုင်းနေခြင်း
  • အာသီးတွင် အဖြူ (သို့မဟုတ်) အဝါရောင်အဖတ်များ ဖုံးနေခြင်း
  • အာခေါင်နာခြင်း
  • အစာမျိုရခက်ခြင်း၊ အစာမျိုချလျှင်နာခြင်း
  • ဖျားခြင်း
  • လည်ပင်းအကျိတ်များကြီးခြင်း
  • အသံအက်ကွဲခြင်း
  • ခံတွင်းအနံ့ နံခြင်း
  • ဗိုက်အောင့်ခြင်း
  • လည်ပင်းနာခြင်း၊ တောင့်တင်းခြင်း
  • ခေါင်းကိုက်ခြင်း

ကလေးငယ်များတွင် ရောဂါလက္ခဏာခံစားနေရခြင်းကို မပြောပြတတ်သဖြင့် အာသီးရောင်လျှင်

  • အစာစားရန် ငြင်းဆိုခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • မျိုရခက်ခြင်း
  • နာကျင်ခြင်းကြောင့် သွားရည်ကျခြင်းများကို တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
  • အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း
  • အာသီး၏အနောက်တွင် ပြည်များစုခြင်း
  • အာသီးအနီးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း
  • ကျောက်ကပ်ရောင်ရမ်းခြင်း
  • အဆစ်များရောင်ရမ်းခြင်း
  • ပိုးလေးဘက်နာဖြစ်ခြင်း
  • မကြာခဏ အာသီးရောင်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် မကြာခဏ အာသီးရောင်ခြင်းဟုခေါ်သည်။

  • တစ်နှစ်အတွင်း အနည်းဆုံး (၇) ကြိမ် ရောင်ခဲ့ဖူးခြင်း။
  • (၂) နှစ်အတွင်း (၁) နှစ်လျှင် အနည်းဆုံး (၅) ကြိမ် ရောင်ခဲ့ဖူးခြင်း။
  • (၃) နှစ်အတွင်း အနည်းဆုံး (၁) နှစ်လျှင် (၃) ကြိမ် ရောင်ခဲ့ဖူးခြင်း။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
မကြာခဏ အာသီးရောင်ခြင်း၊ ပြင်းထန်စွာ ဟောက်ခြင်းနှင့် အသက်ရှူရပ်ခြင်း စသည့် ပြဿနာများရှိလာပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့်တိုင်ပင်၍ အာသီးဖြတ်ထုတ်ခြင်းကဲ့သို့ ခွဲစိတ်မှုများ လိုအပ်လာနိုင်သည်။

ရောဂါရှာဖွေခြင်း

အာသီးရောင်ခြင်းအကြောင်းရင်းကိုရှာဖွေရန် ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းနှင့် အာခေါင်တို့ဖတ်ယူ၍ ပိုးမွေးခြင်း၊ သွေးစစ်ခြင်းစသည်တို့ကို ပြုလုပ်လိမ့်မည်။ အာသီးရောင်ခြင်းသည် လည်ချောင်းနာခြင်းနှင့် လက္ခဏာဆင်တူသည်။ အာသီးရောင်ခြင်းတွင် အာခေါင်ဘေးနှစ်ဘက်ရှိ အာသီးနှစ်ခုသည် နီခြင်း၊ ဖောင်းခြင်း၊ နာခြင်းရှိပြီး သာမန်လည်ချောင်းနာခြင်းတွင် အာခေါင်တစ်ဝိုက်တွင်သာ နီရဲနေတတ်သည်။

ကုသခြင်း

အာသီးရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများမရှိလျှင်

  • အနားယူပါ
  • အရည်များများသောက်ပါ
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး အာလုတ်ကျင်းပါ
  • ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပါက ဆရာဝန်မှ ညွှန်ကြားသော ပဋိဇီဝပိုးသတ်ဆေးကို အချိန်မှန် ဆေးပတ်လည်အောင် သောက်ပါ
  • အဖျားရှိပါက သို့မဟုတ် အာခေါင်နာပါက ပါရာစီတမောသောက်ပါ

ခွဲစိတ်ကုသခြင်း

သောက်ဆေးဖြင့် ပျောက်ကင်းခြင်းမရှိလျှင် သို့မဟုတ် အာသီး မကြာခဏရောင်လျှင် သို့မဟုတ် နာတာရှည် အာသီးရောင်လျှင် အာသီးခွဲထုတ်ခြင်း လုပ်ရနိုင်သည်။ ဆေးဝါးဖြင့်ကုသရန်ခက်ခဲသည့် အောက်ပါ နောက်ဆက်တွဲပြဿနာများတွင် အာသီးခွဲစိတ်ထုတ်ခြင်း ပြုရနိုင်သည်။

  • အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်း
  • အသက်ရှူရခက်ခြင်း
  • အစာမျိုရခက်ခြင်း
  • ပိုးသတ်ဆေးမတိုးသော ပြည်တည်ခြင်း
ကာကွယ်ခြင်း
  1. လက်မကြာခဏဆေးခြင်း။ အထူးသဖြင့် နှာခေါင်း၊ ပါးစပ်တို့ကိုမကိုင်ခင် ဆေးရန် လိုအပ်ပါသည်။
  2. ဖျားနာသူများနှင့် အစားအသောက်များ အတူတကွစားသုံးခြင်း သို့မဟုတ် ပန်းကန်၊ ခွက်၊ ဇွန်း၊ ရေဘူးများ မျှဝေသုံးစွဲခြင်းမှ ရှောင်ပါ။
  3. သွားတိုက်တံကို (၃)လ တစ်ခါ အသစ်လဲပါ။
  4. ကျောင်းနေသည့်ကလေးအရွယ်ဖြစ်လျှင် အခြားကလေးများအား ကူးစက်မှုမရှိစေရန် ပြင်းထန်မှုရှိပါက အိမ်တွင်နေစေခြင်း၊ ကျောင်းတက်မည်ဆိုလျှင် နှာခေါင်းစည်းတပ်စေခြင်း ပြုလုပ်ပါ။

References:

  1. Tonsillitis – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 16, 2024, from https://www.mayoclinic.org/diseases-conditions/tonsillitis/symptoms-causes/syc-20378479
  2. Tonsillitis. (2023). Cleveland Clinic. Retrieved June 16, 2024, from https://my.clevelandclinic.org/health/diseases/21146-tonsillitis

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.