အသားဝါခြင်းသည် မွေးကင်းစကလေးများတွင် အဖြစ်များပြီး အများအားဖြင့် ဘေးဥပဒ်မပေးသော အခြေအနေတစ်ခု ဖြစ်သော်လည်း တစ်ခါတစ်ရံ အန္တရာယ်ရှိသောရောဂါများကြောင့်လည်း အသားဝါနိုင်သည်။ ကလေး၏ကိုယ်ခန္ဓာတွင် ဘီလီရူဘင် (bilirubin)ဟုခေါ်သော အဝါရောင်ခြယ်ပစ္စည်းများ များပြားနေသောကြောင့် အသားဝါရခြင်းဖြစ်သည်။အထူးသဖြင့် လမစေ့ဘဲ မွေးသောကလေးများတွင် ပို၍အဖြစ်များသည်။ ယေဘုယျအားဖြင့် ပုံမှန်မွေးကင်းစကလေး (၁၀) ယောက်တွင် (၆) ယောက်ခန့်တွင်လည်းကောင်း၊ လမစေ့ဘဲ မွေးသော ကလေး (၁၀)ယောက်လျှင် (၈)ယောက်ခန့်တွင်လည်းကောင်း အသားဝါတတ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဘီလီရူဘင်သည် လူ့ခန္ဓာကိုယ်ရှိ သွေးနီဥများပြိုကွဲရာမှ ထွက်ပေါ်လာသည်။ ထိုဓာတ်များကို ပုံမှန်အားဖြင့် အသည်းမှ စုစည်းပုံပြောင်းကာ အူလမ်းကြောင်းအတွင်း စွန့်ပစ်သည်။ ဆီးတွင်လည်း အဝါဓာတ် အကြွင်းအကျန်များကို အနည်းငယ်စွန့်ပစ်သည်။ မွေးကင်းစကလေးငယ်များတွင်
- သွေးနီဥများသက်တမ်း ပိုတိုခြင်း
- သွေးနီဥထုတ်လုပ်မှု ပိုမိုများပြားခြင်း
- အသည်းကောင်းစွာ မဖွံ့ဖြိုးခြင်းတို့ကြောင့် အသားဝါကြသည်။
ကလေးအသက် (၂)ပတ်ကျော်လျှင် အသည်းလုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်လာသဖြင့် အသားဝါခြင်း သက်သာပျောက်ကင်းလာသည်။ ဤဖြစ်စဉ်ကို ပုံမှန်အသားဝါခြင်း (Physiological jaundice) ဟုခေါ်သည်။ နေ့စေ့လစေ့မွေးသောကလေးများတွင် အသက်(၂)ရက်-(၃)ရက်မှစ၍ အသားဝါတတ်ပြီး (၂)ပတ်အကြာတွင် သက်သာလေ့ရှိသည်။ လမစေ့ဘဲမွေးသောကလေးငယ်များတွင် အထက်ပါအကြောင်းရင်းများအပြင် အူများလှုပ်ရှားမှု ပိုနှေးသောကြောင့် အဝါဓာတ်စွန့်ထုတ်မှုပိုကြာတတ်ပြီး အသားပိုဝါတတ်သည်။ မွေးပြီး (၃) ပတ်အထိ အသားဝါတတ်ကြသည်။
ပုံမှန်အသားဝါခြင်းမျိုးမဟုတ်ဘဲ ရောဂါအခြေအနေတစ်ခုခုကြောင့် အသားဝါလျှင် ပုံမှန်မဟုတ်သော အသားဝါခြင်း (pathological jaundice) ဟုခေါ်သည်။ အတွေ့ရများသော အကြောင်းရင်းများမှာ
- မိခင်နှင့်ကလေးသွေးအုပ်စု အမျိုးအစားမကိုက်ညီခြင်း [ဥပမာ-အေဘီအို (ABO) သွေးအုပ်စု မကိုက်ညီခြင်း၊ အာအိတ်ချ်သွေးအုပ်စု (Rh) မကိုက်ညီခြင်းများ]
- G6PDဓာတ်ချို့တဲ့ခြင်း
- သွေးထွက်ခြင်း (မွေးဖွားစဉ်ရရှိသောဒဏ်ရာများမှ ဦးခွံအရေပြားအောက် သွေးထွက်ခြင်း)
- သန္ဓေသားဘဝ (သို့မဟုတ်) မွေးကင်းစအရွယ် ရောဂါပိုးဝင်ခြင်း၊ ပိုးဆိပ်ပြန့်ခြင်း
- မွေးရာပါ သွေးနီဥရောဂါများ
- မွေးရာပါ အသည်းပြဿနာများ
- မွေးရာပါ သည်းခြေနှင့် သည်းခြေပြွန်လမ်းကြောင်းပြဿနာများ
- မွေးရာပါ အူလမ်းကြောင်း ပြဿနာများကြောင့်ဖြစ်သည်။
ပုံမှန်မဟုတ်သောအသားဝါခြင်းသည် နေ့စေ့လစေ့မွေးသောကလေးများတွင် (၂)ပတ်ကျော်ထိနှင့် လမစေ့ဘဲ မွေးသောကလေးငယ်များတွင် (၃)ပတ်ထက်ကျော်အောင် ဝါတတ်သည်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသော ကလေးအချို့တွင် ပုံမှန်ထက်ပိုကြာအောင် အသားဝါတတ်သည်။ ဆရာဝန်နှင့် ပြသစစ်ဆေးရန် လိုအပ်သော်လည်း ပြင်းထန်လေ့မရှိပါ။ မိခင်နို့တိုက်ခြင်း ရပ်နားရန်လည်း မလိုပါ။ အချိန်ကာလတစ်ခုအကြာတွင် အလိုအလျောက် သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။
ရောဂါလက္ခဏာများ
မွေးကင်းစကလေး အသားဝါခြင်းသည် အလင်းရောင်အောက်တွင် ကြည့်ရှုစစ်ဆေးပါက သိသာသော လက္ခဏာဖြစ်သည်။ ကလေးငယ်၏ နဖူး (သို့မဟုတ်) နှာခေါင်းရင်းပိုင်းကို ညင်သာစွာဖိ၍ ပြန်လွှတ်ကြည့်ပါက ဖိထားသောနေရာမှအရေပြား အဝါရောင်သန်းလာလျှင် အသားဝါနေခြင်းဖြစ်နိုင်သည်။ ကျန်နေရာများထက် ဖြူဖျော့နေလျှင် အသားဝါနိုင်ခြေနည်းသည်။ အိမ်တွင်မွေးဖွားသော မွေးကင်းစကလေးများကိုလည်း အထက်ပါနည်းအတိုင်း စစ်ဆေးနိုင်သည်၊။ အသားဝါခြင်းအပြင် မိမိကလေး၌
- မှိန်းခြင်း၊ နှိုးရခက်ခြင်း
- နို့ကောင်းကောင်းမစို့ခြင်း
- ဆီးအရောင်ပိုရင့်လာခြင်း
- ဝမ်းအရောင်ပိုဖျော့လာခြင်း စသည့် အရေးကြီး လက္ခဏာများကို စောင့်ကြည့်သင့်သည်။
နောက်ဆက်တွဲပြဿနာများ
မွေးကင်းစကလေးအသားဝါခြင်းသည် အများအားဖြင့် နောက်ဆက်တွဲ ပြဿနာများဖြစ်လေ့မရှိဘဲ ပျောက်ကင်းသွားတတ်သည်။ အရေးကြီးဆုံးသောနောက်ဆက်တွဲပြဿနာမှာ အဝါဓာတ်များ ဦးနှောက်အတွင်း ဝင်ရောက်ခြင်းဖြစ်သည်။ ဘီလီရူဘင်အဝါဓာတ်သည် ဦးနှောက်ဆဲလ်များအတွက် အဆိပ်အတောက်ဖြစ်သဖြင့် ဦးနှောက်ထိခိုက်ခြင်း (acute bilirubin encephalopathy) ကိုဖြစ်စေသည်။ ၎င်းသည် ပုံမှန်မဟုတ်သော အသားဝါခြင်းများတွင်သာ ဖြစ်ပွားလေ့ရှိသည်။ အဝါဓာတ်ကြောင့် ဦးနှောက်ထိခိုက်ခြင်းတွင်
- အလွန်မှိန်းခြင်း၊ နှိုးရခက်ခြင်း
- အလွန်ဂျီကျခြင်း၊ မအီမသာဖြစ်ခြင်း
- ပုံမှန်မဟုတ်သော အသံစူးစူးနှင့်ငိုခြင်း
- နို့ကောင်းစွာမစို့ခြင်း
- ကိုယ်ပူခြင်း
- ကျောကော့ထိုးခြင်း စသည့်လက္ခဏာများတွေ့ရသည်။
ပိုမိုပြင်းထန်လာပါက
- ကလေးငယ်သည် အလွန်ပျော့သွားခြင်း
- အသက်ရှူမမှန်ခြင်း၊ အသက်ရှူရပ်ခြင်း
- တက်ခြင်း
- သတိလစ်ခြင်း စသော အဝါဓာတ်ကြောင့် ဦးနှောက်ပျက်စီးခြင်း (kernicterus) အခြေအနေထိ ဖြစ်နိုင်သည်။
အသက်ဆုံးရှုံးရခြင်းများလည်း ရှိနိုင်သည့်အပြင် ကုသမှုအချိန်မီမရရှိပါက cerebral palsy ကဲ့သို့သော နောက်ဆက်တွဲပြဿနာများ (ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ကြွက်သားများ အလွန်တောင့်တင်းလာခြင်း၊ အကြောဆွဲခြင်း) တသက်လုံး ခံစားရနိုင်သည်။
မွေးရာပါ သည်းခြေနှင့် သည်းခြေပြွန်လမ်းကြောင်း ပြဿနာများကြောင့် အသားဝါသော အချို့ကလေးများ (biliary atresia)တွင် ထိရောက်သောကုသမှုကို အချိန်မီမရရှိပါက ပြင်းထန်သော အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းများအထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပုံမှန်အားဖြင့် ဆေးရုံများတွင်မွေးသော မွေးကင်းစကလေးများ၏ အသားဝါခြင်းကို ဆရာဝန်မှ မွေးပြီးစအချိန်နှင့် မွေးပြီး (၂)ရက်မှ (၃)ရက်အတွင်း စစ်ဆေးလေ့ရှိသည်။ မိမိ၏ကလေးအသားဝါသည်ဟု သံသယရှိလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ အသားဝါခြင်းအပြင် အရေးကြီးလက္ခဏာများဖြစ်သော ဦးနှောက်ထိခိုက်ခြင်းလက္ခဏာများ ရှိလာပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ ကလေး၏ မွေးဖွားမှုရာဇဝင်၊ အသားစတင်ဝါသည့်ရက်များ စသည်တို့ မေးမြန်း၍ အထွေထွေစစ်ဆေးမှုများ ပြုလုပ်ပေးနိုင်သည်။ လိုအပ်ပါက အရေပြားမှတစ်ဆင့် အဝါဓာတ်တိုင်းတာသော ကိရိယာ (bilirubinometer)နှင့် အဝါဓာတ်တိုင်းခြင်း၊ ခြေဖနောင့် (သို့မဟုတ်) သွေးကြောများမှ သွေးထုတ်ယူ၍ အဝါဓာတ်၊ သွေးအုပ်စုနှင့် G6PD ဓာတ်ပမာဏ တိုင်းတာခြင်းများ ပြုလုပ်နိုင်သည်။ အကယ်၍ နေ့စေ့လစေ့မွေးသော ကလေးများတွင် (၂)ပတ်ကျော်ထိနှင့် လမစေ့ဘဲ စောမွေးသော ကလေးငယ်များတွင် (၃)ပတ်ကျော်သည်အထိ အသားဝါနေပါက အခြားသောသွေးစစ်ချက်များပါ စစ်ဆေးနိုင်သည်။ (ဥပမာ_လည်ပင်းအကျိတ် ဟော်မုန်းဓာတ် စစ်ဆေးခြင်း)
ကုသခြင်း
မွေးကင်းစကလေး အသားဝါခြင်းသည် အများအားဖြင့် ပြင်းထန်ခြင်းမရှိဘဲ သက်သာပျောက်ကင်းတတ်သည်။ ကလေးအခြေအနေနှင့် အဝါဓာတ်ပမာဏအပေါ် မူတည်၍ အဝါဓာတ်လျော့ကျစေရန် ကုသမှုများပေးနိုင်သည်။ အာဟာရဓာတ်၊ ရေဓာတ်ဖြည့်တင်းခြင်းဖြင့် ကုသခြင်း၊ မီးချောင်းပြ၍ ကုသခြင်းနှင့် သွေးလဲကုသခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။
မီးချောင်းပြ၍ကုသခြင်း (Phototherapy)
မီးချောင်းပြ၍ကုသခြင်းသည် နေရောင်ခြည်ပြခြင်းမျိုးမဟုတ်ဘဲ အရေပြားအောက်ရှိ အဝါဓာတ်များ ကလေး၏ ဝမ်းနှင့်ဆီးတွင် ပျော်ဝင်လျော့ကျရန် သတ်မှတ်ထားသော ကြိမ်နှုန်းရှိသည့် အပြာရောင်မီးချောင်းဖြင့် ပြသခြင်းဖြစ်သည်။ မီးချောင်းပြနေစဥ်တွင် ကလေး၏မျက်လုံးနှင့် လိင်အင်္ဂါတို့ကို ဖုံးကာထားရန် လိုအပ်သည်။
မီးပြနေချိန်တွင် မိခင်နို့တိုက်ရိုက်တိုက်ခြင်း၊ နို့ညှစ်တိုက်ခြင်းများကို မီးပြခြင်းခေတ္တနား၍ ပုံမှန်အတိုင်း ပြုလုပ်နိုင်သည်။ ကလေး၏အခြေအနေနှင့် ကိုယ်အပူချိန်တို့ကို ပုံမှန်စောင့်ကြည့်စစ်ဆေးရမည်။ အဝါဓာတ်ပမာဏကို သတ်မှတ်ထားသောအချိန်အတိုင်း ပြန်လည်စစ်ဆေးရသည်။
မီးချောင်းပြ၍ကုသခြင်း၏ နောက်ဆက်တွဲလက္ခဏာများအဖြစ် ကလေးပူလွန်း၊ အေးလွန်းခြင်း၊ ဝမ်းပျော့ပျော့ မကြာခဏသွားခြင်း၊ အနီစက်အကွက် ထွက်ခြင်း၊ အသားအရောင် ယာယီပြောင်းသွားခြင်းများ တစ်ခါတစ်ရံ ဖြစ်တတ်သည်။
သွေးလဲကုသခြင်း (Exchange transfusion)
အဝါဓာတ်အလွန်များခြင်း၊ မီးချောင်းပြကုသသော်လည်း တိုးတက်မှုမရှိဘဲ ပိုဆိုးလာခြင်း၊ ဦးနှောက်အတွင်း အဝါဓာတ်ဝင်ရောက်သော လက္ခဏာများရှိခြင်းစသည့် အခြေအနေတို့တွင် အသုံးပြုသည်။
အသားဝါစေသော ရောဂါများကို ကုသခြင်း (ဥပမာ – ဆီးပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ မွေးရာပါသည်းခြေ၊ အူလမ်းကြောင်းပြဿနာများ ခွဲစိတ်ကုသခြင်း) စသည်တို့ကိုလည်း လုပ်ဆောင်နိုင်သည်။
ကာကွယ်ခြင်း
အသားဝါခြင်းကို ကြိုတင်ကာကွယ်၍မရပါ။ အရေးကြီးဆုံးမှာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အခြေအနေပေါ်မူတည်ပြီး မိမိ၏မိသားစုဆရာဝန် သို့မဟုတ် အရေးပေါ်အခြေအနေဖြစ်ပါက ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီပြသကုသမှု ခံယူခြင်းပင်ဖြစ်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.