Measles (၀က်သက်ရောဂါ)

Measles (၀က်သက်ရောဂါ)

၀က်သက်ရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါလည်းဖြစ်သည်။ ရောဂါဖြစ်သူ အများစုတွင် နောက်ဆက်တွဲ ပြဿနာမများသော်လည်း တချို့ကလေးများတွင် အသက်အန္တရာယ်ရှိနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝက်သက်ဗိုင်းရပ်စ်ပိုး Measles virus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သည်။ ၀က်သက် ရောဂါဗိုင်းရပ်စ်ပိုးရှိသူ ကလေးငယ်များ နှာချေ၊ချောင်းဆိုးရာမှထွက်လာသော အမှုန်အမွှားလေးများသည် လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ကူးစက်သောရောဂါဖြစ်သည်။ အသက် (၅) နှစ်အောက်ကလေးများတွင် အဖြစ်များပြီး ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသောကလေးများတွင် ရောဂါပိုမိုပြင်းထန်တတ်သည်။ လူကြီးများတွင်လည်း ရံဖန်ရံခါ တွေ့ရတတ်သည်။

ရောဂါလက္ခဏာများ

‌ ၀က်သက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် (၇)ရက် မှ (၁၄)ရက်အတွင်း လက္ခဏာများ ပေါ်လာတတ်သည်။ ရောဂါ လက္ခဏာအဆင့် (၃)ဆင့် ရှိသည်။

Measles img1

ကနဦးအဆင့်
တုပ်ကွေးလက္ခဏာများနှင့် ဆင်တူသည်။ ဖျားခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ မျက်စိနာခြင်း၊ လည်ပင်းနာခြင်းများ ဖြစ်တတ်သည်။
ထိုအဆင့်တွင် ပါးစပ်အတွင်းရှိ ပါးစောင်နေရာများတွင် အဖြူရောင် (သို့မဟုတ်) အနီရောင် အနာစက်ကလေးများကို မြင်တွေ့ရတတ်သည်။ ထိုအနီစက်ကလေးများကို Koplik’s spots ဟုခေါ်ပြီး ၀က်သက်ရောဂါ၏ ထူးခြားသောဝိသေသ လက္ခဏာတစ်ခုဖြစ်သည်။

အနီကွက်ထွက်သောအဆင့်
စဖျား၍ (၃)ရက် မှ (၅)ရက်‌နေ့အကြားတွင် အင်ပျဉ်ကဲ့သို့အနီပြင်များ စတင်ထွက်လာတတ်သည်။ မျက်နှာနှင့် နားနောက်ဘက်မှ စတင်ထွက်လာတတ်ပြီး တဖြည်းဖြည်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေ့ ရှိသည်။ ထိုအနီပြင်များစတင်ထွက်ပြီး လေးရက်ခန့်အချိန်အထိ ရောဂါကူးစက်‌နိုင်ခြေ မြင့်မားသောကြောင့် အထူးသတိထားရန် လိုသည်။

Measles img2

နလန်ထအဆင့်
အဖျားနှင့်အခြားလက္ခဏာများ တဖြည်းဖြည်းသက်သာလာပြီး အနီပြင်၊ အနီစက်များလည်း လျော့နည်းလာသည်။ နောက်ပိုင်း အညိုရောင်အကွက်များအဖြစ်သာ ကျန်နေတတ်သည်။

နောက်ဆက်တွဲပြဿနာများ

၀က်သက်ရောဂါတွင် အသက်အန္တရာယ်ရှိနိုင်သည့် အောက်ပါ ပြင်းထန်လက္ခဏာများ ရှိတတ်သည်။ အချို့မှာ_

  • ၀မ်းပျက်၊ ၀မ်းလျှောခြင်း
  • နားပိုး၀င်ရောင်ရမ်းခြင်း
  • အဆုတ်အအေးမိခြင်း(နမိုးနီးယား)
  • လေပြွန်ရောင်ခြင်း
  • ဦးနှောက်ရောင်ခြင်း
  • ကိုယ်၀န်ဆောင်အမျိုးသမီးများ ကူးစက်ခံရလျှင် ကိုယ်၀န် ပျက်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စသည်တို့ဖြစ်ပွားတတ်သည်။

၀က်သက်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း (၅)နှစ် မှ (၁၀)နှစ်အတွင်း Subacute Sclerosing Pan-Encephalitis (SSPE) ဟုခေါ်သော ပြင်းထန်သည့် ဦးနှောက်အာရုံကြောရောင်ရောဂါတစ်မျိုး ရှားရှားပါးပါး ဖြစ်တတ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ဝက်သက်ရောဂါဟု သေချာပြီး ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင် ပြုစုကုသနိုင်သည်။ သို့သော် ရောဂါလက္ခဏာ ပြင်းထန်၍ ကလေး မသက်သာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ထို့ပြင် နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာအချို့ဖြစ်သော

  • ဆက်တိုက် အန်ခြင်း
  • ဆက်တိုက် ၀မ်းလျှောခြင်း
  • အသက်ရှူမြန်၍ မောခြင်း
  • ရင်ဘတ်ချိုင့်ဝင်အောင် အသက်ရှူခြင်း
  • သတိလစ်ခြင်း
  • တက်ခြင်း
  • ကယောင်ကတမ်းပြောခြင်း စသည်တို့ ရှိလာပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း

ဝက်သက်ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင် နှင့် အရေပြားလက္ခဏာများအရ ဝက်သက်ရောဂါဖြစ်ကြောင်း သိရှိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများမလိုအပ်ပါ။ အသေးစိတ် တိတိကျကျ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း(Ig M antibody)ကို သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်။

ကုသခြင်း

ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေး မရှိဘဲ ဖြစ်ပေါ်လာသောလက္ခဏာများကို ကုသရင်း သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်နိုင်သည်။

  • ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ပေးခြင်း
  • ကလေးအား နားနားနေနေ နေစေခြင်း
  • အရည်များများ တိုက်ပေးခြင်း
  • အာဟာရရှိသော အစားအစာများ ကျွေးပေးခြင်း
  • လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းစေခြင်း
  • မျက်စိနာလျှင် အလင်းရောင် လျှော့ကြည့်စေခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း

၀က်သက်ရောဂါအတွက် အထိရောက်ဆုံး ရောဂါကာကွယ်ခြင်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။ ၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်းကာကွယ်ဆေးနှင့် ၀က်သက်၊ ဂျိုက်သိုး နှစ်မျိုးပေါင်းဆေးများဟူ၍ အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးစီမံချက်အရ ကလေးငယ်တိုင်း အသက်ကိုးလတွင် တစ်ကြိမ်၊ တစ်နှစ်ခွဲတွင် တစ်ကြိမ် ၀က်သက်ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ရှိသည်။

ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင်ထိုးနှံပေးခြင်းဖြင့် ၀က်သက်ရောဂါကို (၉၇ ရာခိုင်နှုန်း)ထိ ကာကွယ်ပေးနိုင်သည့်အပြင် ၀က်သက်ရောဂါ၏နောက်ဆက်တွဲပြဿနာများကိုပါ ကြိုတင်ကာကွယ်ရာ ရောက်သည်။
ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ ဖြစ်သောကြောင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ နေခြင်းကို ရှောင်ကြဥ်သင့်သည်။ ထို့ပြင် အောက်ပါအချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။

  • ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ချေရှိပြီးလျှင် လက်ကို ဆပ်ပြာ (သို့) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ လက်ဆေးရန်
  • တကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
  • ချောင်းဆိုး၊နှာချေလျှင် လက်ကိုင်ပုဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်
  • မိမိအသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲ ခြင်းမပြုရန်
  • ရောဂါပိုး ကပ်ငြိနေနိုင်သော ပစ္စည်း၊မျက်နှာပြင်များကို မကြာခဏပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။

ဝက်သက်ရောဂါခံစားနေရသောကလေးသည်လည်း အခြားကလေးများသို့ ကူးစက်နိုင်ခြေမြင့်မားသောကြောင့် အနီစက်၊အနီပြင်များ စတင်ထွက်ပေါ်သည့်နေ့မှစ၍ (၄-၅) ရက်ခန့် ကျောင်းသို့မလွှတ်ဘဲ အိမ်တွင်သာ အနားယူရန် လိုအပ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.