သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များ – မွေးစမှ အသက် (၁၉)နှစ်ကြားတွင် အဖြစ်များဆုံး ကင်ဆာအမျိုးအစားများဖြစ်သည်။ ကလေးကင်ဆာ ရောဂါများ၏ (၃၀) ရာခိုင်နှုန်းခန့်သည် သွေးကင်ဆာရောဂါရှိသူများဖြစ်ပြီး (၁၀) ရာခိုင်နှုန်းခန့်သည် ပြန်ရည်ကျိတ်ကင်ဆာရောဂါရှိသူများ ဖြစ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို အတိအကျ မသိရှိနိုင်သော်လည်း မွေးရာပါ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အဓိကဖြစ်နိုင်သည်ဟု ယူဆကြသည်။ ထို့အပြင် အချို့ ကင်ဆာရောဂါ အမျိုးအစားများသည် မိဘများတွင် ရောဂါမျိုးရိုးရှိခဲ့ပါက သားသမီးများတွင်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်ဟု ဆိုသည်။
မျိုးရိုးဗီဇကြောင့် မဟုတ်သော လူနေမှုဘဝ (သို့မဟုတ်) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (ဥပမာ_ဆေးလိပ်၊ အရက်၊ စိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ကင်ဆာ ဖြစ်စေနိုင်သော အချို့ ဗိုင်းရပ်စ်ပိုးများ – HIV virus၊ HPV virus၊ EB virus စသည်တို့) ကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ရောဂါလက္ခဏာများ
သွေးကင်ဆာရောဂါ
သွေးကင်ဆာရောဂါသည် သွေးနှင့် ရိုးတွင်းခြင်ဆီတွင် ဖြစ်သည့် ကင်ဆာတစ်မျိုး ဖြစ်သည်။ ရိုးတွင်းခြင်ဆီဆိုသည်မှာ ခန္ဓာကိုယ်၏ သွေးဆဲလ်များကို ထုတ်လုပ်ရာနေရာဖြစ်သည်။ သွေးကင်ဆာသည် ရိုးတွင်းခြင်ဆီမှ စဖြစ်သည်။
ရိုးတွင်းခြင်ဆီသည် အရိုးများ၏အလယ် အတွင်းပိုင်းတွင် တည်ရှိပြီး ပျော့ပြောင်းနူးညံ့သော တစ်ရှူးအလွှာမျိုးဖြစ်သည်။ ရိုးတွင်းခြင်ဆီကို –
- သွေးနီဥများ (ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ဆဲလ်များ)
- သွေးဖြူဥများ (ခန္ဓာကိုယ်ကို ပိုးမွှားများနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသော ဆဲလ်များ)
- သွေးဥမွှားများ (သွေးကြောများ ပျက်စီးသွားသောအခါတွင် သွေးထွက်ခြင်းကို ရပ်တန့်ရန် သွေးခဲများ ဖြစ်ပေါ်လာစေသော ဆဲလ်များ)
- ခြင်ဆီပင်မဆဲလ်များ
- အဆီတစ်ရှူးများ
- သွေးကြောများဖြင့် ဖွဲ့စည်းထားသည်။
ပုံမှန်အားဖြင့် ခြင်ဆီပင်မဆဲလ်များမှ သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများအဖြစ် အသွင်ပြောင်း ထုတ်လုပ်ပေးပြီး ကိုယ်ခန္ဓာအတွင်းသို့ သွေးဆဲလ်များအဖြစ် လှည့်လည် စီးဆင်းစေခြင်း ဖြစ်သည်။ သွေးကင်ဆာရောဂါတွင်မူ ရိုးတွင်းခြင်ဆီမှ ပုံမှန်ထုတ်လုပ်လျက်ရှိသော သွေးဆဲလ်များအစား ပုံသဏ္ဌာန် မမှန်သော သွေးဖြူဥဆဲလ်များကို ပမာဏများစွာ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ သွေးထဲရှိ ပုံမှန်လုပ်ငန်းဆောင်တာများ ပြုလုပ်ပေးနေသော သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားများကို ထုတ်လုပ်မှု လျော့နည်းသွားနိုင်သလို ပုံမမှန်သော သွေးဖြူဥဆဲလ်များကြောင့် ရောဂါလက္ခဏာများ ပေါ်လာသည်။
ကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိရပါက သွေးကင်ဆာရောဂါဟု သံသယရှိသင့်သည်။ လက္ခဏာ ဆင်တူသော အခြားရောဂါများစွာ ရှိသော်လည်း သွေးကင်ဆာရောဂါကို စောစီးစွာ ရှာဖွေသိရှိခြင်းဖြင့် ကုသမှုကိုပိုမိုအောင်မြင်စေနိုင်သည်။
ကလေးသွေးကင်ဆာ အမျိုးအစားများတွင် - လတ်တလောသွေးကင်ဆာရောဂါ (acute leukemia)
- နာတာရှည်သွေးကင်ဆာရောဂါ (chronic leukemia) ဟူ၍ အုပ်စုကြီး နှစ်ခု ရှိသည်။
လတ်တလောသွေးကင်ဆာ ရောဂါသည် ကလေးများတွင် ပို၍ အဖြစ်များသည်။ ရောဂါလက္ခဏာများမှာ လပိုင်းအတွင်း မြန်ဆန်စွာ ဖြစ်ပေါ်လာပြီး ပြင်းထန်နိုင်ကာ စောစီးစွာ ဆေးကုသမှုမရရှိပါက အသက်ဆုံးနိုင်ခြေမြင့်မားသောရောဂါဖြစ်သည်။ နာတာရှည်သွေးကင်ဆာရောဂါသည် ကလေးများတွင် ရှားပါးတတ်ပြီး ရောဂါလက္ခဏာများမှာ အချိန်ကြာမှ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခြင်းမျိုးဖြစ်သည်။
အတွေ့ရများသော လက္ခဏာများမှာ - ပင်ပန်းနွမ်းနယ်ခြင်း
- အသားအရေ ဖြူဖျော့ခြင်း
- မကြာခဏ ဖျားတတ်ခြင်း
- အရေပြားတွင် သွေးခြည်ဥလွယ်ခြင်း
- နှာခေါင်းသွေးထွက်လွယ်ခြင်း၊ သွားဖုံးသွေးယိုလွယ်ခြင်း
- နုံးချည့်၍ အားနည်းတတ်ခြင်း
- မောခြင်း၊ ချောင်းဆိုးခြင်း
- အသက်ရှူကျပ်ခြင်း
- အစားအသောက်ပျက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျဆင်းခြင်း
- ခြေလက် အရိုးအဆစ်များ နာကျင်ခြင်း၊ ရင်ညွန့်ရိုး၊ ညှပ်ရိုးများပါ တစ်ခါတစ်ရံ နာကျင်ခြင်း
- ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်တွင် အလုံးအကျိတ်များ စမ်းမိတတ်ခြင်း
- လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် အကျိတ်များထွက်လာတတ်ခြင်း
- မူးဝေ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း
- တက်ခြင်း၊ လမ်းလျှောက်စဥ် ဟန်ချက်မညီခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- သွားဖုံးများ ပုံမှန်ထက် ပို၍ ထူလာခြင်း စသည်တို့ ဖြစ်သည်။
ပြန်ရည်ကျိတ်ကင်ဆာ
ပြန်ရည်ကျိတ်ကင်ဆာ ဆိုသည်မှာ ခန္ဓာကိုယ် အတွင်းရှိ ပြန်ရည်ကြောစနစ်တွင် ဖြစ်ပွားသည့် ကင်ဆာတစ်မျိုးဖြစ်သည်။ ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြင်ပမှဝင်လာသော ပိုးမွှားများနှင့် ကူးစက်ရောဂါများကို တွန်းလှန်တိုက်ခိုက်ပေးသည့် လုပ်ငန်းတွင်ပါဝင်သည်။ ပြန်ရည်ကျိတ်ဂလင်းများသည် ပုံစံနှင့် အရွယ်အစားမျိုးစုံရှိပြီး ခန္ဓာကိုယ်အနှံ့ အလုံး (၆၀၀)ခန့် ရှိကာ လည်ပင်း၊ ချိုင်းကြား နှင့် ပေါင်ခြံ နေရာများတွင်ရှိသောအကျိတ်များသည် လက်ဖြင့် စမ်းမိတတ်သော အကျိတ်ဂလင်းများ ဖြစ်သည်။ ခန္ဓာကိုယ် အတွင်းပိုင်းတွင်လည်း အများအပြားရှိသည်။
ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား နှစ်မျိုးရှိသည်။
- ဟော့ဂျ်ကင်းပြန်ရည်ကျိတ်ကင်ဆာ (Hodgkin lymphoma)
- ဟော့ဂျ်ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ (non-Hodgkin lymphoma) တို့ဖြစ်ပြီး တွေ့ရှိရသော ဆဲလ်အမျိုးအစားပေါ် မူတည်၍ ခွဲခြားထားခြင်း ဖြစ်သည်။
ပြန်ရည်ကျိတ်ကင်ဆာလက္ခဏာများ
ပြန်ရည်ကျိတ်ကင်ဆာတွင် အဖြစ်အများဆုံးရောဂါလက္ခဏာမှာ လည်ပင်း၊ ချိုင်းအောက် နှင့် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ နာကျင်မှုမရှိဘဲ သိသိသာသာကြီးလာခြင်းဖြစ်သည်။ အခြားလက္ခဏာများမှာ ရောဂါစဖြစ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအပေါ်တွင် မူတည်၍ ရောဂါလက္ခဏာများကွဲပြားကြသည်။ အများအားဖြင့် - ၆ လအတွင်းတွင် စုစုပေါင်းကိုယ်အလေးချိန်၏ (၁၀%) ကျော်အထိ လျော့နည်းလာခြင်း
- ညဘက်တွင် ချွေးအထွက်လွန်ခြင်း [အိပ်ရာခင်းများ (သို့မဟုတ်) ညအိပ်ဝတ်စုံများ လဲရလောက်သည် အထိ ပြင်းထန်တတ်သည်]
- သုံးရက် (သို့မဟုတ်) သုံးရက်နှင့်အထက် အကြောင်းရင်းမရှိဘဲ ဆက်တိုက်ဖျားခြင်း (38’C အထိ တက်ခြင်း)
- ချောင်းဆိုးခြင်း (သို့မဟုတ်) အသက်ရှူမဝခြင်း
- ဗိုက်နာခြင်း
- အော့အန်ခြင်း
- အသားအရေ ဖြူဖျော့လာခြင်း
- အရိုး၊ အဆစ်များ နာကျင်ကိုက်ခဲခြင်း
- ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်တွင် အလုံးအကျိတ်များ စမ်းမိတတ်ခြင်း
- အရေပြားတွင် အနီစက်၊ အနီကွက်များ ထွက်လာခြင်း စသည်တို့တွဲ၍ ရှိတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကလေး သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများသည် စောစီးစွာကုသမှုမရရှိပါက အသက်သေဆုံးနိုင်ခြေ မြင့်သည့်အပြင် ရိုးတွင်းခြင်ဆီနှင့် ကိုယ်ခံအားစနစ်ကို ထိခိုက်သောကြောင့် မကြာခဏဖျားခြင်း၊ ပိုးဝင်ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်အနှံ့သွေးထွက်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ မကြာခဏ ကြုံတွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေး သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများသည် ပြင်းထန်၍ အသက်အန္တရာယ်ရှိသော ရောဂါများဖြစ်သောကြောင့် လက္ခဏာများထဲမှ အချို့ကိုသတိထားမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အထက်ပါကင်ဆာရောဂါများအားလုံးအတွက် ရောဂါရှာဖွေရန် စစ်ဆေးမှုများသည် ယေဘုယျအားဖြင့် ဆင်တူလေ့ရှိသည်။ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကလေးအား စမ်းသပ်စစ်ဆေးမှုများအပြင် ရောဂါအနေအထားပေါ် မူတည်၍
- အခြေခံသွေးစစ်ဆေးမှုများ (သွေးနီဥ၊ ဟီမိုဂလိုဘင်၊ သွေးဖြူဥ၊ သွေးဥမွှားပမာဏများနှင့်ကျောက်ကပ်၊ အသည်းစသည်တို့၏ စွမ်းဆောင်ရည်များ စစ်ဆေးခြင်း)
- ပြန်ရည်ကျိတ်များ၏ တည်နေရာကိုသိရှိရန် ရင်ဘတ်ဓာတ်မှန်၊ အာထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ရိုက်ခြင်း စသည့် ဓာတ်မှန်ဆိုင်ရာစစ်ဆေးမှုများ
- ကင်ဆာ ရှိမရှိ ဆုံးဖြတ်ရန် ရိုးတွင်းခြင်ဆီမှ အရည်နှင့် တစ်ရှူးအသားစနမူနာကို ထုတ်ယူစစ်ဆေးမှုများ (Bone marrow examination)၊ ပြန်ရည်ကျိတ်မှ တစ်ရှူးအသားစနမူနာ ထုတ်ယူစစ်ဆေးမှုများ
- ကင်ဆာစတင်ဖြစ်ပွားစေသော ဆဲလ်အမျိုးအစားများနှင့် ကင်ဆာအမျိုးအစား အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ကင်ဆာမော်လီကျူးနှင့် ဗီဇပြောင်းလဲမှုများကို ရှာဖွေစစ်ဆေးခြင်း စသည်တို့ကို ဆက်လက် လုပ်ဆောင်နိုင်သည်။
ကုသခြင်း
ကင်ဆာရောဂါကုသမှုသည် ကင်ဆာအမျိုးအစားနှင့် ရောဂါပြင်းထန်နိုင်ခြေ ပိုများသောကလေးများ (high risk)အုပ်စုပေါ် မူတည်၍ ကုသမှုအမျိုးအစားနှင့် ကုသသောအချိန်ကာလတို့ ကွဲပြားခြားနားသည်။ ယေဘုယျအားဖြင့် အစောပိုင်းတွင် ဆေးရုံတက်၍ ကုသမှုခံယူရန်လိုအပ်ပြီး ဆေးကုသနေစဥ် တစ်လျှောက်လုံးတွင်လည်း ကလေး၏ ကိုယ်ခံအားကောင်းမွန်စေရန် အထူးဂရုစိုက်ရမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာအနေနှင့် ကုသနိုင်သည်။ ဆေးကုသမှုများသည် လပေါင်းများစွာမှသည် တစ်ခါတစ်ရံ နှစ်နှင့်ချီ၍ ကြာမြင့်တတ်သည်။ ကုသနည်းများစွာအနက်
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (အသုံးအများဆုံး ကုထုံးဖြစ်သည်)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း
- ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုသခြင်း
- ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသခြင်း စသည်တို့ ဖြင့်ကုသလေ့ရှိသည်။
သွေးကင်ဆာရောဂါ နှင့် ပြန်ရည်ကျိတ်ကင်ဆာ အများစုသည် စောစီးစွာ သိရှိကုသပါက ယေဘုယျအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ခြေမြင့်မားသော်လည်း ရောဂါအမျိုးအစားပေါ် မူတည်၍ ဆေးကုသမှုကို တုံ့ပြန်မှုနည်းခြင်း (သို့မဟုတ်) ရောဂါလက္ခဏာများ နောက်တစ်ကြိမ် ပြန်ပေါ်လာခြင်းများ ဖြစ်တတ်သည်။ ကုသမှုပြီးမြောက်သော ကလေးများတွင်လည်း ကင်ဆာပြန်ဖြစ်လာခြင်း(recurrence) နှင့် ကုသမှု၏ ရေရှည်အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန် ဆက်လက်စောင့်ရှောက်မှုများ လိုအပ်သည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရောဂါအသိနောက်ကျသော သို့မဟုတ် ကုသမှုကို သတ်မှတ်ကာလအတွင်း ထိထိရောက်ရောက်မယူမိသော ကလေးများတွင် ရောဂါလုံးဝပျောက်ကင်းအောင် ကုသ၍ မဖြစ်နိုင်သော်လည်း ခံစားနေရသော လက္ခဏာများ သက်သာစေရန် “ဝေဒနာ ညင်သာစေရန် ပြုစုကုသမှု” (palliative care) ဖြင့် ရောဂါလက္ခဏာများ တစိတ်တစ်ပိုင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ ဝေဒနာညင်သာစေရန် ပြုစုကုသမှုသည် ကင်ဆာရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် လူနာများနှင့် မိသားစုများ၏ ဘဝနေထိုင်မှု အရည်အသွေးကို တိုးတက်စေရန် ရည်ရွယ်သည်။
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် ကလေးများတွင် ကင်ဆာရောဂါမဖြစ်စေရန် အပြည့်အဝကာကွယ်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ (ဥပမာ_ကင်ဆာဖြစ်ပွါးနိုင်သော ဓာတ်ပစ္စည်းများ၊ ဆယ်ကျော်သက် အရွယ်များ ဆေးလိပ်၊ အရက် သောက်ခြင်း) စသည်တို့ကို ရှောင်ရှားသင့်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.