ခဲဓာတ်သည် သဘာဝအတိုင်း တည်ရှိနေသည့် သတ္တုတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပါက ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်စေနိုင်သော သတ္တုမျိုးဖြစ်သည်။ ကလေးများ (အထူးသဖြင့် အသက် (၆)နှစ်အောက် ကလေးများ)တွင် ခဲဆိပ်သင့်ခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေး ပြဿနာများသည် ပိုမိုအန္တရာယ်များပြီး ပြင်းထန်တတ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေရုံသာမက ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် သင်ယူရခက်ခဲခြင်း နှင့် အပြုအမူဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ် စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အိမ်များတွင် ခဲအခြေခံပါသော အိမ်သုတ်ဆေးများ သုံးစွဲခဲ့ကြသောကြောင့် ယင်းအိမ်တွင် နေထိုင်သောကလေးများသည် အက်ကွဲ၊ ကွာကျနေသော ဆေးဖတ်များမှခဲအစအနများကို မတော်တဆ ပါးစပ်ထဲထည့်မိခြင်းကြောင့်ဖြစ်စေ၊ ခဲမှုန့်များရှူမိခြင်းကြောင့်ဖြစ်စေ ခဲဆိပ်သင့်နိုင်သည်။
လေဆိပ်အနီးတွင်နေထိုင်သော ကလေးများတွင် အင်ဂျင်လေယာဉ်များမှ ထုတ်လွှတ်သောဓာတ်ငွေ့ များ လေထဲပျံ့နှံ့ခြင်း သို့မဟုတ် မြေဆီလွှာများအတွင်း အနည်ထိုင်ခြင်းမှ ခဲများကို ထိတွေ့နိုင်ပြီး ခဲဆိပ်သင့်စေနိုင်သည်။
သောက်ရေသယ်ယူသော ရေပိုက်ခေါင်းအချို့တွင် ခဲပိုက်များ ဖြစ်နေခြင်း၊ ကစားစရာ အရုပ်များ၊ လက်ဝတ်ရတနာများ နှင့် ရှေးဟောင်းပစ္စည်းများ ကဲ့သို့သော လူသုံးကုန်ပစ္စည်းအချို့ကို ခဲဖြင့် ပြုလုပ်ကြခြင်း၊ အချို့သောအစားအစာများ၊ အလှကုန်များနှင့် တိုင်းရင်းဆေးဝါးများတွင် ခဲဓာတ်ပါဝင်နေခြင်း၊ ဘက်ထရီလုပ်ငန်းနှင့် မှန်ဂဟေဆက်လုပ်ငန်းကဲ့သို့ ခဲအခြေခံထုတ်ကုန်စက်ရုံများအနီးတွင် နေထိုင်ခြင်းစသည်တို့သည်လည်း ခဲဆိပ်သင့်စေသော အကြောင်းရင်းများတွင် ပါဝင်သည်။
ရောဂါလက္ခဏာများ
ကာလရှည်ကြာစွာ ခဲဓာတ်ထိတွေ့မှုများသော ကလေးများ၏ သွေး၊ ကျောက်ကပ်၊ အူလမ်းကြောင်း၊ အရိုး များနှင့် ဦးနှောက် စသော အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများတွင် ခဲဓာတ်များ စုပုံလာ၍ ခဲဆိပ်သင့်သော လက္ခဏာများ တဖြည်းဖြည်း ပေါ်လာတတ်သည်။ အများအားဖြင့်
- အန်ခြင်း
- ဗိုက်အောင့်ဗိုက်နာတတ်ခြင်း
- ယားယံခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ပင်ပန်းနွမ်းနယ်လွယ်ခြင်း
- ဖြူဖျော့နေခြင်း
- ဝမ်းချုပ်တတ်ခြင်း
- အာဟာရ မရှိသော၊ အစားအစာ မဟုတ်သည့် ပစ္စည်းများကို စားတတ်ခြင်း (Pica ဟုခေါ်သည်)
- ကိုယ်ခန္ဓာ နှင့် ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
- သင်ယူမှု အခက်အခဲ ရှိခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း
- အကြားအာရုံ ဆုံးရှုံးခြင်း
- ကျောက်ကပ် ပျက်စီးခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း စသည့် လက္ခဏာများစွာ ရှိတတ်သည်။
ကိုယ်ဝန်ဆောင် မိခင်များ ခဲဆိပ်သင့်ပါက လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများအပြင် မွေးကင်းစကလေးများတွင်
- မွေးကင်းစ ကိုယ်အလေးချိန် နည်းခြင်း
- ကြီးထွားမှု နှေးကွေးခြင်း
- ကျောက်ကပ်နှင့် ဦးနှောက် ထိခိုက်နိုင်ခြင်း
- နောက်ပိုင်းတွင် စာသင်ကြားမှုနှင့် ဉာဏ်ရည် ထိခိုက်နိုင်ခြင်းတို့အထိ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခဲဓာတ်ပမာဏ နည်းပါးသည့်တိုင် ထိတွေ့မှု အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှု ပိုများစေနိုင်သည်။ အထူးသဖြင့် အသက်(၆)နှစ်အောက် ကလေးများတွင် ခဲဆိပ်သင့်ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်မှုများ ဖြစ်လာပါက ပြန်လည်ကောင်းမွန်နိုင်ခြေ နည်းပါးသောကြောင့် ခဲဆိပ်သင့်ခြင်း သံသယရှိလျှင် သတိထား၍ စောစီးစွာ စစ်ဆေးသင့်သည်။ ခဲဓာတ် မြင့်မားသောအဆင့်သည် ကလေးများသာမက လူကြီးများတွင်လည်း ကျောက်ကပ်နှင့် အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သည်။ ခဲဓာတ် အလွန်မြင့်မားသောအဆင့်တွင် တက်ခြင်း၊ သတိလစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ လက္ခဏာများ သတိထားမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်ပါသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါစစ်ဆေးခြင်း
ခဲဆိပ်သင့်သောကလေးများကို စမ်းသပ်စစ်ဆေးကြည့်လျှင် သွားဖုံးများတလျှောက် lead line ဟုခေါ်သော ခရမ်းရောင်အတန်းများကို တစ်ခါတစ်ရံ တွေ့မြင်ရတတ်သည်။ ခဲဆိပ်သင့်ခြင်း ဟုတ်မဟုတ် သွေးစစ်၍ သွေးအတွင်းမှ ခဲဓာတ်ပမာဏ (blood lead level)ကို တိုင်းတာခြင်းဖြင့် အလွယ်တကူ သိရှိနိုင်သည်။ ခန္ဓာကိုယ်အတွက် အန္တရာယ်ကင်းသော ခဲဓာတ်ပမာဏဟူ၍မရှိပေ။
ခဲဓာတ်ပမာဏကို မိုက်ခရိုဂရမ်ပါဒက်စီလီတာ (mcg/dl)ယူနစ်ဖြင့် တိုင်းတာသည်။ ကလေးများအတွက် သွေးတွင်း ခဲဓာတ် (3.5) mcg/dl ကို အန္တရာယ် စတင်ဖြစ်ပေါ်စေသောအဆင့်ဟု သတ်မှတ်ကြပြီး ယေဘုယျအားဖြင့် (45) mcg/dl နှင့်အထက်ရှိလျှင် အန္တရာယ်အရှိဆုံးဟု သတ်မှတ်ပြီး အမြန်ဆုံး ဆေးဝါးကုသမှု ခံယူသင့်သည်။ ကလေးများတွင် (3.5) mcg/dlပမာဏ စတင်တွေ့ရှိပါလျှင် ဆက်တိုက်စောင့်ကြည့်ပြီး သွေးတွင်းခဲဓာတ်ကို မှန်မှန်စစ်ဆေးသင့်သည့်အပြင် ခဲဓာတ်နှင့် ထပ်မံထိတွေ့မှု မရှိစေရန် သို့မဟုတ် လျော့နည်းစေရန် စတင်အရေးယူဆောင်ရွက်သင့်သည်။
သွေးစစ်ခြင်းအပြင် ကာလရှည်ကြာစွာ ခဲဆိပ်သင့်သော ကလေးများတွင် အရိုးဓာတ်မှန်နှင့် ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်းဖြင့်လည်း စစ်ဆေးသိရှိနိုင်သည်။
ကုသခြင်း
ခဲဆိပ်သင့်ခြင်းကိုကုသရန် ဆေးဝါးများ ရှိသော်လည်း၊ အရေးကြီးဆုံးအချက်မှာ ခဲဓာတ်နှင့် ထပ်မံ ထိတွေ့မှုမရှိစေရန် ဖယ်ရှားခြင်းပင်ဖြစ်သည်။ ခဲဆိပ်သင့်လူနာ၏ အနီးအနားရှိ ခဲပါသောအရာများအားလုံးကို ချက်ချင်းဖယ်ရှားသင့်သည်။ ယေဘုယျအားဖြင့် သွေးတွင်းခဲဓာတ် ပမာဏ (45) mcg/dl နှင့်အထက် ရှိလျှင် အန္တရာယ်အဆင့်ဟု သတ်မှတ်ပြီး အမြန်ဆုံး ဆေးကုသရမည်။ ခဲဆိပ်ပြယ်စေသော Chelation ကုထုံးသည် ခန္ဓာကိုယ်အတွင်းမှ ခဲဓာတ်များကို ဓာတ်ပြယ်စေပြီး ဆီးမှတဆင့် ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးနိုင်သည်။ သောက်ဆေးအပြင် သွေးကြောမှသွင်းနိုင်သော ထိုးဆေးအမျိုးအစားများလည်းရှိသည်။ ဆေး၏ဘေးထွက်ဆိုးကျိုးအနေနှင့် ပျို့ခြင်း၊ အန်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများ အနည်းငယ် ခံစားရတတ်သည်။
ကာကွယ်ခြင်း
ခဲဆိပ်သင့်ခြင်းမှ ကာကွယ်ရန် ကလေးများဆော့ကစားနေကျ အရုပ်များကို သေချာ ဆေးကြောသင့်သည်။ ညစ်ညမ်းသော ဖုန်မှုန့် (သို့မဟုတ်) မြေဆီလွှာများ လက်မှတဆင့် ပါးစပ်ထဲသို့ ဝင်ရောက်ခြင်းကို လျှော့ချရန် ပြင်ပတွင် ကစားပြီးတိုင်း၊ အစာမစားမီတိုင်းနှင့် အိပ်ရာဝင်ချိန်တိုင်း လက်များကို သေချာစွာ ဆေးကြောပေးရန်လိုသည်။။ အိမ်တွင် ခဲပိုက်များကဲ့သို့ ပိုက်အဟောင်းများရှိပါက အသုံးမပြုမီ အနည်းဆုံး တစ်မိနစ်ခန့် ရေကို ဖွင့်ချထားပေးရန်လိုသည်။ ကလေးများအတွက် နို့ဘူးဖျော်ရန် သို့မဟုတ် အစားအစာ ချက်ပြုတ်ရန်အတွက် ပိုက်ရေကို လုံးဝ မသုံးသင့်ပေ။
ဖုန်ထူသော မျက်နှာပြင်များနှင့် ကြမ်းပြင်များကို သန့်ရှင်းခြောက်သွေ့အောင် လုပ်သင့်သည်။ အိမ်အပြင်ဘက်တွင်သာ ဖိနပ်ချွတ်သင့်သည်။ ခဲပါဝင်သော မြေကြီးနှင့် အိမ်အတွင်းပိုင်းကို ထိတွေ့မှုနည်းစေရန်ဖြစ်သည်။ ကလေးများကိုလည်း မြေကြီးများ၊ သဲများနှင့် ကစားခြင်းကို တားမြစ်သင့်သည်။ သန့်ရှင်းသော အစားအစာများနှင့် ရေသန့်ကိုသာ စားသုံးသင့်သည်။ အထူးသဖြင့် ခဲဓာတ်စုပ်ယူမှုကို လျှော့ချနိုင်ရေးအတွက် ကလေးများ စားသောအစားအစာများတွင် ကယ်လ်စီယမ်၊ ဗီတာမင်စီနှင့် သံဓာတ် လုံလောက်စွာပါရှိရန် လိုအပ်သည်။
အိမ်ကို အမြဲစစ်ဆေး၍ ထိန်းသိမ်းထားသင့်သည်။ အိမ်တွင် ခဲအခြေခံသော သုတ်ဆေးများရှိခဲ့ပါက နံရံမှဆေးသားများ ကွာကျခြင်း ရှိမရှိ ပုံမှန်စစ်ဆေးပြီး ချက်ချင်းဖြေရှင်းသင့်သည်။ ကလေးများသည် ဘက်ထရီလုပ်ငန်းနှင့် မှန်ဂဟေဆက်လုပ်ငန်းကဲ့သို့ ခဲအခြေခံ ထုတ်ကုန်စက်ရုံများအနီးတွင် မနေသင့်ပါ။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.