Common umbilical conditions in newborns (မွေးကင်းစကလေးငယ်များတွင် အဖြစ်များသောချက်နှင့်ချက်ကြိုးဆိုင်ရာပြဿနာများ)

Common umbilical conditions in newborns (မွေးကင်းစကလေးငယ်များတွင် အဖြစ်များသောချက်နှင့်ချက်ကြိုးဆိုင်ရာပြဿနာများ)

ချက်ကြိုးသည် ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးစချိန်အထိ မိခင်နှင့် သန္ဓေသားကို ဆက်သွယ်ပေးသော အသက်သွေးကြောဖြစ်သည်။ မိခင်ထံမှ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို သန္ဓေသားဆီသို့ သယ်ဆောင်ပေး၍ သ‌န္ဓေသားမှ စွန့်ပစ်သော၊ မလိုအပ်သော ဓာတ်ပစ္စည်းများကို မိခင်ထံသို့ ပြန်လည်ပို့ဆောင်ပေးသည်။

မီးဖွားပြီးလျှင် ချက်ကြိုးသည် မလိုအပ်တော့သဖြင့် ဖြတ်တောက်ပေးရသည်။ ထိုအခါ မွေးကင်းစကလေးတွင် ချက်ကြိုးငုတ်တိုင်ကျန်ခဲ့ပြီး တဖြည်းဖြည်းခြောက်သွေ့လာကာ နောက်ဆုံးတွင် ကြွေကျသည်။ ပုံမှန်အားဖြင့် မီးဖွားပြီး (၁)ပတ် မှ (၃)ပတ် အကြာတွင် ကြွေလေ့ရှိသည်။

အများအားဖြင့် အထက်ပါဖြစ်စဉ်များသည် သဘာဝအလျောက် ပုံမှန်ဖြစ်သွားပြီး ပြဿနာအထူးအထွေ မရှိတတ်ပါ။ တစ်ခါတစ်ရံကြုံတွေ့ရသော ချက်နှင့် ချက်ကြိုးဆိုင်ရာပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

Common Umbilical Disorders in Children IMG 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

ချက်မှအရည်ထွက်ခြင်း/ချက်စိုခြင်း (umbilical discharge)

မွေးကင်းစကလေးငယ်၏ချက်သည် ပုံမှန်အားဖြင့် အရည်ကြည် အနည်းငယ်ထွက်ကာ စိုနေတတ်သည်။ တစ်ခါတစ်ရံ ဝါကျင့်ကျင့်အရည်များ စိုနေနိုင်သည်။ သို့သော် အနံ့ နံခြင်း၊ အနီးတစ်ဝိုက် အရေပြား ရောင်ရမ်းခြင်းများမရှိ၊ ကလေးတွင်လည်း အခြားသောလက္ခဏာများမရှိလျှင် ပုံမှန်ချက်ကြွေခြင်း၏ သဘာဝသာဖြစ်၍ စိုးရိမ်ရန်မလိုအပ်ပါ။

ချက်မှအရည်များ ဆက်တိုက်ထွက်နေလျှင်၊ ဆီး (သို့မဟုတ်) ဝမ်းများရောပါသည်ဟု သံသယရှိလျှင် ဆရာဝန်နှင့် အမြန်ပြသသင့်သည်။ ချက်နှင့် ဝမ်းဗိုက်တွင်းအင်္ဂါများ ပုံမှန်မဟုတ်ဘဲ ဆက်မိနေခြင်းကြောင့် ဖြစ်နိုင်သည်။

Common Umbilical Disorders in Children IMG 2
This image contains sensitive medical content. Click ‘Show Image’ to view.
show image

ချက်မှသွေးထွက်ခြင်း (umbilical bleeding)

ကလေးငယ်၏ချက်ငုတ်တိုင်သည် တစ်ခုခုနှင့် (ဥပမာ – အနှီး၊ သေးခံ ) ထိမိပြီး သွေးအနည်းငယ် ထွက်နိုင်သည်။ အထူးသဖြင့် ချက်ကြွေပြီးစအချိန်တွင် အတွေ့ရများသည်။ အများအားဖြင့် သွေးစအနည်းငယ်၊ သွေးခဲငယ်များ အနှီး (သို့မဟုတ်) သေးခံတွင် စွန်းထင်းကျန်သည်ကို တွေ့ရှိရတတ်သည်။ ပုံမှန်ချက်ကြွေခြင်းဖြစ်စဉ်ဖြစ်၍ စိုးရိမ်ရန် မလိုအပ်ပါ။

အကယ်၍ သွေးအနည်းငယ်စို့နေလျှင် သန့်ရှင်းသော(ပိုးသတ်ထားသော)အဝတ်စဖြင့် မိနစ်အနည်းငယ် ဖိကပ်ထားပေးရမည်။ ထိုသို့ပြုလုပ်ပေးသည့်တိုင်အောင် သွေးမတိတ်လျှင်၊ ခန္ဓာကိုယ်၏အခြားနေရာများမှ သွေးထွက်လျှင်၊ အခြားသောလက္ခဏာတစ်ခုခုရှိလျှင် ဆေးရုံသို့ချက်ချင်းသွားရမည်။ ဗီတာမင်ကေချို့တဲ့သော ရောဂါ၊ သွေးမတိတ်ရောဂါ စသည်တို့ကြောင့် ဖြစ်နိုင်သည်။

ချက်၌အသားနုလုံးထွက်ခြင်း (umbilical granuloma)

ချက်ကြွေပြီး အနာကျက်ရာတွင် အနာဖေးကွာလာပြီးနောက် အချို့ကလေးများတွင် သေးငယ်သော ပန်းရောင် (သို့မဟုတ်) အနီရောင် အသားနုလုံးကျန်ရှိနေတတ်သည်။ ထိုအလုံးငယ်သည် ချက်မှ အညှာတံတစ်ခုဖြင့် ထွက်ပေါ်လေ့ရှိပြီး တစ်ခါတစ်ရံ ဝါကျင့်ကျင့်အရည်များဖြင့် စွတ်စိုနေတတ်သည်။ ပုံမှန်အားဖြင့် အနံ့နံခြင်းမရှိ၊ နာကျင်ခြင်းမရှိပါ။ ဤအသားနုလုံးသည် ပိုးဝင်လွယ်သဖြင့် သန့်ရှင်းရေးဂရုစိုက်ရမည်။ ချက်ကို တတ်နိုင်သမျှ ခြောက်အောင်ထားရမည်။ အသားနုလုံးတွေ့လျှင် သို့မဟုတ် အချိန်တစ်ပတ်ကျော် ကြာသည်အထိ မပျောက်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ရမည်။ မိမိဘာသာကုသခြင်း မပြုသင့်ပါ။ ပိုးဝင်သောလက္ခဏာများ (ရောင်ရမ်းခြင်း၊ အရောင်နီရဲခြင်း၊ အနံ့ ထွက်ခြင်း) များရှိလျှင် ဆေးရုံချက်ချင်းပြသင့်သည်။

Common Umbilical Disorders in Children IMG 3

ချက်မှအူကျွံခြင်း (umbilical hernia)

အချို့သော မွေးကင်းစကလေးငယ်များတွင် ချက်ကြွေပြီးသောအခါတွင် ချက်နေရာမှ ဖောင်းကာ စူထွက်နေတတ်သည်။ ထိုအလုံးသည် ပြန်လည်ကျုံ့ဝင်ပျောက်ကွယ်သွားနိုင်ပြီး ကလေးငိုလျှင်၊ ညှစ်လျှင် ပိုမိုဖောင်းထွက်လာတတ်သည်။ ပုံမှန်အားဖြင့် ကလေးတွင် နာကျင်မှုတစုံတရာမရှိပါ။ ၎င်းသည် ချက်ကြွေပြီးနောက် ချက်ပေါက်ကောင်းစွာ မပိတ်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။

ပုံမှန်အားဖြင့် ပြဿနာမရှိ၊ ကလေးအသက်ကြီးလာလျှင် အလိုအလျောက် ပြန်ပိတ်သွားနိုင်သည်။ သို့သော် ထိုအပေါက်ငယ်သည် ပြန်မပိတ်ဘဲ ၎င်းအပေါက်မှ ကိုယ်တွင်းကလီစာများ အထူးသဖြင့် အူများကျွံပြီး ပြန်မဝင်ဖြစ်နိုင်သောကြောင့် အလုံးကိုပြန်သွင်း၍မရဘဲ ရောင်ရမ်း နာကျင်လာနိုင်သည်။ ထို့ပြင် ကလေးတွင် ဖျားခြင်း၊ နို့မစို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ အလွန်အန်ခြင်းစသည့် အရေးကြီး လက္ခဏာများ ရှိလာနိုင်သည်။ ၎င်းအခြေအနေသည် ဖြစ်နိုင်ခြေနည်းသော်လည်း အရေးကြီးသောအခြေအနေဖြစ်၍ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူသင့်သည်။

အများအားဖြင့် အသက် (၄) နှစ်ကျော်သည်အထိ ချက်မှအူကျွံခြင်းမပျောက်ကင်းလျှင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။

Common umbilical conditions in newborns image4

ချက်ပိုးဝင်ခြင်း (umbilical sepsis)

မွေးကင်းစကလေးများ၏ ချက်ပြဿနာများထဲတွင် အရေးအကြီးဆုံးဖြစ်သည်။ ချက်နှင့်ပတ်ဝန်းကျင် အရေပြားများပိုးဝင်ခြင်းဖြစ်ပြီး အချိန်တိုအတွင်း ပိုးဆိပ်ပြန့်နိုင်သည်။ ချက်ပိုးဝင်ခြင်းသည် မွေးကင်းစ ကလေးငယ်များတွင် သန့်ရှင်းမှုအားနည်းခြင်း၊ လူကြီးများမှ ဆေးမြီးတိုများ အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ပြီး ထိရောက်သောကုသမှု အချိန်မီမရရှိလျှင် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်သည်။ အသား အလွန်အမင်း ဝါလာနိုင်သည်။

အဓိကလက္ခဏာများမှာ

  • ချက်အနံ့ နံခြင်း
  • အဝါရောင် (သို့မဟုတ်) အစိမ်းရောင် ပြည်များထွက်လာခြင်း ဖြစ်သည်။

အခြားလက္ခဏာများမှာ_

  • ချက်ပတ်လည်တွင် နီရဲလာခြင်း
  • ကလေးဖျားခြင်း (တခါတရံ တကိုယ်လုံးအေးစက်ခြင်း)
  • အလွန်မှိန်းခြင်း၊ နှိုးရခက်ခြင်း
  • နို့ကောင်းစွာမစို့ခြင်း
  • ပျော့ခွေခြင်း စသည်တို့ဖြစ်သည်။

ချက်ပိုးဝင်ခြင်းသည် အရေးကြီးသော အခြေအနေဖြစ်၍ သံသယဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသသင့်သည်။

Common Umbilical Disorders in Children IMG 4
This image contains sensitive medical content. Click ‘Show Image’ to view.
show image
ဆေးရုံ၊ ဆေးခန်းပြသရန်
  • (၃)ပတ်ကျော်သည်အထိ ချက်မကြွေလျှင်
  • ချက်ပိုးဝင်သည်ဟု သံသယရှိလျှင်
  • ချက်အသားနုလုံးထွက်ခြင်း၊ ချက်၌အူကျွံခြင်းများရှိလျှင်
  • ချက်မှ အရည် သို့မဟုတ် သွေးအလွန်ထွက်လျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသ ပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကုသခြင်းနှင့် ကာကွယ်ခြင်း

မွေးကင်းစကလေးများ၏ချက်ကို ပြုစုစောင့်ရှောက်ခြင်း

ချက်ကြိုးဆိုင်ရာပြဿနာများကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို ဂရုစိုက်စောင့်ရှောက်သင့်သည်။

  • ညင်သာစွာကိုင်တွယ်ပါ။
  • သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ တတ်နိုင်သမျှ လေသလပ်ခံဖြင့်ခြောက်အောင်ထားပါ။ အဝတ်ထူ၊ သေးခံများဖြင့် ဖုံးကွယ်မှုမရှိစေရန်၊ သေးခံသုံးလျှင် ချက်ပေါ်အောင် သေသပ်စွာခေါက်ထားရန် သတိပြုပါ။
  • ဆရာဝန်ညွှန်ကြားချက်မှလွဲ၍ အရက်ပြန်ဖြင့် သန့်ရှင်းခြင်းမပြုရပါ။
  • နနွင်းမှုန့်၊ ဆေးမှုန့်၊ တံထွေးထည့်ခြင်း၊ အရွက်၊ အမြစ်များ ကြိတ်ခြေ၍ထည့်ခြင်းများ မပြုရပါ။
  • ချက်၌ပုံမှန်အားဖြင့် ရှိနေနိုင်သောအရည်ကြည်များကို အဝတ်စသန့်သန့်ဖြင့် တို့သုတ်ပေးပါ။
  • ဆီးဝမ်းများ ပေကျံလျှင် ဆပ်ပြာ၊ ရေတို့နှင့် သန့်ရှင်းရေး ချက်ချင်းလုပ်ပါ။ ပြီးလျှင် ခြောက်အောင်ထားပါ။
  • ချက်မကြွေခင်တွင် ကလေးကိုရေချိုးမပေးဘဲ ရေပတ်တိုက်ပေးခြင်းသည် ပိုမိုသင့်တော်သည်။ မတော်တဆချက်ရေစိုခဲ့သော် ပြဿနာမရှိ၊ ခြောက်အောင်တို့သုတ်ပေးခြင်း၊ လေဖြင့်ခြောက်အောင် ထားခြင်းများပြုပေးရမည်။
  • သဘာဝအတိုင်း အလိုအလျောက် ချက်ကြွေရန် စောင့်ဆိုင်းရမည်။
  • ချက်ကြွေပြီးနောက် ချက်ပတ်လည်တွင် အကျိအချွဲများ၊ အရည်များကျန်နေလျှင် ရေနွေးဂွမ်းဖတ်ဖြင့် ညင်သာစွာ သန့်ရှင်းပေးရမည်။ ပြီးလျှင် သန့်စင်သောအဝတ်စဖြင့် ဖွဖွဖိသုတ်၍ ခြောက်သွေ့စေရမည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.