ကာဝါဆာကီရောဂါဆိုသည်မှာ အရွယ်အလတ်စားနှင့် အသေးစားသွေးကြောများ ရောင်ရမ်းသည့် ရောဂါဖြစ်သည်။ အသက် (၅)နှစ်အောက်ကလေးများတွင် အဖြစ်များပြီး ထိုရောဂါဖြစ်ပွါးပါက နှလုံးဆီသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးများပို့ပေးသည့် နှလုံးသွေးကြောများကို အဓိကထိခိုက်သည်။ ကာဝါဆာကီ ရောဂါကို “အရေပြား၊ အမြှေးပါးနှင့် ပြန်ရည်ကျိတ်များ ထိခိုက်သောရောဂါစု” (mucocutaneous lymph node syndrome) ဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ဂလင်းအကျိတ်များကြီးခြင်း၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် လည်ချောင်းအတွင်းရှိ အမြှေးပါးများ ရောင်ရမ်းခြင်းနှင့် အရေပြားနီရဲရောင်ရမ်း၊ ကွာကျခြင်းကို ဖြစ်စေသောကြောင့်ဖြစ်သည်။ ကာဝါဆာကီရောဂါသည် စောစီးစွာ ကုသမှုခံယူနိုင်ပါက နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သောရောဂါဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကာဝါဆာကီရောဂါ ဖြစ်ပွါးစေသောအကြောင်းရင်းကို တိကျစွာရှာဖွေနိုင်ခြင်းမရှိသေးပါ။ သို့သော် ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်၏တုံ့ပြန်မှု၊ ပတ်ဝန်းကျင်ရှိ အကြောင်းရင်းများ၊ မျိုးရိုးဗီဇစသည်တို့ကြောင့် ကာဝါဆာကီရောဂါ ရနိုင်ခြေပိုများစေသည်ဟု ယူဆကြသည်။ အသက် (၅)နှစ်အောက်ကလေးများ၊ ယောကျာ်းလေးများနှင့် အာရှ (သို့မဟုတ်) ပစိဖိတ်ကျွန်းတွင် မွေးဖွားသော ကလေးများတွင် ကာဝါဆာကီရောဂါဖြစ်နှုန်း ပိုများသည်ကို တွေ့ရှိရသည်။
ရောဂါလက္ခဏာများ
ကာဝါဆာကီရောဂါဟု သတ်မှတ်ရန် ကိုယ်အပူချိန် ၁၀၂.၂ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ၄င်းထက်ပိုသောအပူချိန်ဖြင့် ငါးရက် သို့မဟုတ် ထို့ထက်ပိုကြာကြာအဖျားရှိရမည်။ ထိုသို့ အဖျားရှိသည့်အပြင် အောက်ပါလက္ခဏာများထဲမှ အနည်းဆုံး လေးခုရှိရမည်။ ၎င်းတို့မှာ –
- ခန္ဓာကိုယ်တွင် (သို့မဟုတ်) လိင်အင်္ဂါတွင် အနီကွက်များထွက်ခြင်း
- လည်ပင်းတွင် ဂလင်းအကျိတ် (lymph node) ထွက်ပေါ်လာခြင်း
- မျက်ဝတ်မထွက်ဘဲ မျက်လုံးများနီရဲခြင်း
- နှုတ်ခမ်းများခြောက်သွေ့အက်ကွဲနေခြင်း၊ လျှာများနီရဲရောင်ရမ်းနေခြင်း
- လက်ဖဝါးနှင့် ခြေဖဝါးများတွင် အရေပြားနီရဲရောင်ရမ်းပြီး နောက်ပိုင်းတွင် လက်ချောင်းများနှင့်
ခြေချောင်းများပေါ်ရှိ အရေပြားများ ကွာကျလာခြင်းတို့ဖြစ်သည်။
အထက်ဖော်ပြပါလက္ခဏာများသည် တစ်ချိန်တည်းတွင် မဖြစ်ပေါ်နိုင်သောကြောင့် အကယ်၍ ဆရာဝန်နှင့်မပြသမီ ပျောက်ကင်းသွားသည့် လက္ခဏာများရှိပါက ပြသနေသောဆရာဝန်အား အသိပေးရမည်။ ထို့အပြင် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ အဆစ်များနာခြင်း၊ အန်ခြင်းများလည်း ရံဖန်ရံခါဖြစ်ပေါ်တတ်သည်။ အချို့ကလေးများသည် ငါးရက် (သို့မဟုတ်) ထို့ထက်ပို၍အဖျားကြီးသော်လည်း ကာဝါဆာကီရောဂါဟု သတ်မှတ်ရန် လိုအပ်သော အထက်ပါလက္ခဏာလေးမျိုးထက် နည်းနေတတ်သည်။ ၎င်းတို့ကို “လက္ခဏာမပြည့်စုံသော ကာဝါဆာကီရောဂါ” (incomplete or atypical kawasaki disease)ဟု ခေါ်သည်။ ထိုကာဝါဆာကီ အမျိုးအစားရှိသော ကလေးများသည်လည်း နှလုံးသွေးကြောများ ပျက်စီးနိုင်ခြေရှိသည်။
ကာဝါဆာကီ ရောဂါလက္ခဏာများသည် ကိုဗစ်ရောဂါ (COVID-19) ကူးစက်ခံရသော ကလေးများတွင် ဖြစ်ပေါ်တတ်သည့် “ခန္ဓာကိုယ်အတွင်းအင်္ဂါများရောင်ရမ်းမှု ရောဂါလက္ခဏာစု” (multisystem inflammatory syndrome) ၏လက္ခဏာများနှင့် ဆင်တူနေတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကာဝါဆာကီရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်သောကလေးများတွင် မွေးရာပါမဟုတ်သည့် နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ သို့သော် အချိန်မီကုသနိုင်ပါက နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွါးမှုကို လျော့ကျစေနိုင်သည်။
နှလုံးနှင့်သက်ဆိုင်သောပြဿနာများမှာ_
- နှလုံးသို့ သွေးပို့သည့်သွေးကြောများ ရောင်ရမ်းခြင်း
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
- နှလုံးအဆို့ရှင်ပြဿနာများ ဖြစ်ပွါးခြင်းတို့ ဖြစ်ကြသည်။
နှလုံးသွေးလွှတ်ကြောများ ရောင်ရမ်းသည့်အခါတွင် သွေးလွှတ်ကြောနံရံများအားနည်းပြီး ဖောင်းလာတတ်သည်။ ထိုကဲ့သို့ဖောင်းလာသော သွေးလွှတ်ကြောနေရာများကို aneurysm ဟုခေါ်ပြီး ထိုနေရာများသည် သွေးခဲဖြစ်ပေါ်မှုရာခိုင်နှုန်းကို မြင့်တက်စေသည်။ ထိုမှတစ်ဆင့် နှလုံးအမောဖောက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း သွေးယိုစီးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ အသက်အန္တရာယ်ရှိသည်အထိ စိုးရိမ်ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကာဝါဆာကီရောဂါကို ကုသရာတွင် ရောဂါလက္ခဏာများစတင်ပြီး ဆယ်ရက်အတွင်း ကုသနိုင်ပါက နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများအား ထိခိုက်မှုကို လျော့နည်းစေသည်။ ထို့ကြောင့် အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါ ရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ကာဝါဆာကီ ရောဂါဟုသတ်မှတ်ရန်အတွက် အထက်တွင်ဖေါ်ပြခဲ့သော ရောဂါသတ်မှတ်ချက်များကို အသုံးပြုနိုင်သည်။ ကာဝါဆာကီရောဂါနှင့် တူညီသောလက္ခဏာများဖြစ်စေသည့် အခြားရောဂါများကိုလည်း စဉ်းစားသင့်သည်။ အဆိုပါရောဂါဥပမာများမှာ –
- Group A Streptococcus ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ချောင်းနာခြင်း၊ အဖျားကြီးခြင်းနှင့် တကိုယ်လုံးတွင် အနီပြင်များဖြစ်ပေါ်စေသည့်ရောဂါ (Scarlet fever)
- ကလေးများတွင်ဖြစ်တတ်သည့် အဆစ်ရောင်ရောဂါတစ်မျိုး (Juvenile idiopathic arthritis)
- ဝက်သက်ရောဂါ (Measles) စသည်တို့ဖြစ်သည်။
ကာဝါဆာကီ ရောဂါသံသယရှိပါက သွေးဖောက်စစ်ဆေးခြင်း၊ အီးစီဂျီ (ECG) ဆွဲ၍ နှလုံးစည်းချက်များကို ကြည့်ရှုရာမှ ရောဂါခန့်မှန်းခြင်း၊ echocardiogram ဖြင့် နှလုံးနှင့် သွေးကြောများကို ပုံရိပ်ဖမ်း၍ စမ်းသပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ သွေးဖောက်စစ်ဆေးရာတွင် သွေးဥမွှားများ (platelet) များနေခြင်း၊ ရောင်ရမ်းစေတတ်သည့် ဓာတ်များ (inflammatory markers) များနေခြင်းတို့သည် ကာဝါဆာကီရောဂါဖြစ်ရန် ရာခိုင်နှုန်း များစေသည့်အချက်များ ဖြစ်သည်။
ကုသခြင်း
နှလုံးထိခိုက်မှုနည်းရန် ရောဂါလက္ခဏာများပေါ်လာပြီး (၁၀) ရက်အတွင်း ကုသမှုခံယူသင့်သည်။
ကလေးအဖျားရှိနေသေးသည့်အချိန်တွင် ကာဝါဆာကီ ရောဂါကို တတ်နိုင်သမျှ စောစီးစွာစတင်ကုသခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကုသမှု၏ရည်ရွယ်ချက်မှာ အဖျားလျှော့ချရန်၊ ရောင်ရမ်းခြင်းကို လျှော့ချရန်၊ နှလုံးနှင့် နှလုံးသွေးကြောများတွင် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ဖြစ်သည်။
ရောဂါကုသရာတွင် အသုံးပြုနိုင်သည့်ဆေးများမှာ
- ပဋိပစ္စည်းတစ်မျိုးဖြစ်သော အင်မျူနိုဂလိုဗျူလင် immunoglobulin
ယင်းပဋိပစ္စည်းကို သွေးပြန်ကြောမှတဆင့်ပေးနိုင်ပြီး သွေးကြောများတွင် ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ထိုဆေးသွင်းပြီး မကြာမီတွင် ကလေး၏ ရောဂါလက္ခဏာများ ပိုမိုသက်သာကောင်းမွန်လာမည်ဖြစ်သည်။ ဆေးသွင်းကုသမှုမခံယူနိုင်ပါက ကာဝါဆာကီရောဂါသည် (၁၂) ရက်ခန့်ကြာနိုင်ပြီး နှလုံးနှင့်သွေးကြောများတွင် နောက်ဆက်တွဲပြဿနာများ ရရှိနိုင်သည်။
အထူးသတိထားရမည်မှာ အင်မျူနိုဂလိုဗျူလင်သည် ရေကျောက် (သို့မဟုတ်) ဝက်သက် ကာကွယ်ဆေး ကဲ့သို့ သက်ရှိဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်များကို အသုံးပြု၍ဖော်စပ်ထားသည့် အချို့သောကာကွယ်ဆေးများ (live attenuated vaccine)၏အာနိသင်ပေါ်တွင် သက်ရောက်မှုရှိနိုင်သောကြောင့် ဤဆေးသွင်းပြီးပါက ၎င်းကာကွယ်ဆေးများထိုးရန် အနည်းဆုံး (၁၁)လ ခြားရမည်။ - အက်စ်ပရင် (Aspirin)
အက်စ်ပရင်ကိုစပေးရာတွင် ပမာဏများများပေးရမည်ဖြစ်ပြီး ထိုကဲ့သို့ပေးခြင်းအားဖြင့် နာကျင်ခြင်း၊ အဆစ်များရောင်ရမ်းခြင်းနှင့် အဖျားကို လျှော့ချပေးနိုင်သည်။ အဖျားပျောက်ပြီး (၄၈) နာရီကြာပြီးချိန်တွင် အက်စ်ပရင်ဆေးပမာဏကို လျှော့ချပြီး အနည်းဆုံး ခြောက်ပတ်ကြာအောင် ဆက်သောက်ရမည်။ အက်စ်ပရင်သည် သွေးခဲခြင်းကို ကာကွယ်ပေးသောကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများရှိပါက ပို၍ကြာကြာ သောက်ရနိုင်သည်။
အက်စ်ပရင်သည် တုပ်ကွေး (သို့မဟုတ်) ရေကျောက်ပေါက်သည့်ကလေး (သို့မဟုတ်) ဆယ်ကျော်သက်များတွင် ရှားရှားပါးပါး အသည်းနှင့် ဦးနှောက်ကိုထိခိုက်စေပြီး အသက်အန္တရာယ်ရှိသောအခြေအနေဖြစ်သည့် Reye’s Syndrome ဖြစ်ပေါ်စေမှုနှင့် ဆက်စပ်နေသောကြောင့် ကာဝါဆာကီ ရောဂါရှိသော ကလေးများ အက်စ်ပရင်ဆေးနှင့်ကုသမှုခံယူနေစဉ်အတွင်း တုပ်ကွေး (သို့မဟုတ်) ရေကျောက်ပေါက်ပါက ဆေးသောက်ခြင်းကို ရပ်တန့်ရန် လိုအပ်သည်။
အချိန်မီ ကုသမှုခံယူထားသော ကလေးအများစုသည် အချိန်တိုအတွင်းကောင်းမွန်လာပြီး ပုံမှန်အခြေအနေ လျင်မြန်စွာ ပြန်ဖြစ်လေ့ရှိသည်။ ကလေးတွင် နောက်ဆက်တွဲ နှလုံးရောဂါလက္ခဏာများရှိပါက နှလုံးကျန်းမာရေးကို စစ်ဆေးရန် ရောဂါစတင်ပြီးနောက် ခြောက်ပတ် မှ ရှစ်ပတ်အကြာတွင် တစ်ကြိမ်၊ ခြောက်လအကြာတွင် တစ်ကြိမ် စစ်ဆေးမှုများပြုလုပ်ပြီး အကယ်၍ နှလုံးပြဿနာများ ဆက်လက်ဖြစ်ပေါ်နေပါက ကလေးနှလုံးရောဂါ အထူးကုဆရာဝန်ထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ကာဝါဆာကီရောဂါနှင့် ဆက်စပ်နေသော နှလုံးပြဿနာများအတွက် ကုသမှုသည် နောက်ဆက်တွဲဖြစ်ပေါ်သည့် နှလုံးရောဂါအမျိုးအစားပေါ် မူတည်သည်။ ထို့အပြင် ကလေး၏လှုပ်ရှားမှုများကို ကန့်သတ်ရန် လိုအပ်ခြင်း ရှိမရှိကို ကလေးနှလုံးအထူးကုဆရာဝန်နှင့် ဆွေးနွေး၍ ဆက်လက်ကုသမှုခံယူရမည်။
ကာကွယ်ခြင်း
ကာဝါဆာကီရောဂါသည် ကာကွယ်၍မရပါ။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.