Japanese encephalitis (ဂျပန်ဦးနှောက်ရောင်ရောဂါ)

Japanese encephalitis (ဂျပန်ဦးနှောက်ရောင်ရောဂါ)

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုး (Flavivirus) သယ်ဆောင်သော ခြင်ကိုက်ခံရခြင်းကြောင့် လူကို ကူးစက်သော‌ရောဂါဖြစ်သည်။ ရောဂါပိုးကူးစက်ခံရပြီး လက္ခဏာမပြသူ၊ သာမန်မပြင်းထန်သော ရောဂါလက္ခဏာပြသူများ ရှိသကဲ့သို့ ပြင်းထန်ပြီး နောက်ဆက်တွဲပြဿနာများစွာလည်း ရှိနိုင်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါဖြစ်သည်။ အာရှနှင့် အနောက် ပစိဖိတ်ဒေသများတွင် အဖြစ်များသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ကူးစက်မှု ဖြစ်ပွါးနိုင်ပြီး မိုးရာသီတွင် အများဆုံးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကျူးလက်စ်(Culex) ခြင်ကိုက်ခံရခြင်းကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုး (Flavivirus) ကူးစက်ခြင်းဖြစ်သည်။ ထိုပိုး၏ လက်ခံကောင် (host) များမှာ ဝက်နှင့်ရေပျော်ငှက်များ (ဥပမာ_ဗျိုင်း၊ ဘဲ)စသည်တို့ဖြစ်သည်။ ထိုလက်ခံကောင်များ ခြင်ကိုက်ခံရလျှင် ထိုခြင်၌ရောဂါပိုးဝင်ရောက်ကာ ၎င်းခြင်အကိုက်ခံရခြင်းမှတစ်ဆင့် အခြားသူများသို့ ရောဂါပြန့်ပွားစေနိုင်သည်။ ထို့ကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ရေကြီးရေလျှံမှုများနှင့် ဆက်နွယ်လေ့ရှိသော ကျေးလက်ဒေသများတွင် အဓိကဖြစ်ပွါးသည်။
ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် သွေးသွင်းခြင်းဖြင့် ကူးစက်မှု အလွန် နည်းသော်လည်း ရောဂါပိုးရှိသူများသည် ဖျားနာပြီး ရက်ပေါင်း (၁၂၀) အတွင်းသွေးမလှူသင့်ပါ။

ရောဂါလက္ခဏာများ

ခြင်ကိုက်ခံရသည့် အချိန်မှ ရောဂါလက္ခဏာဖြစ်ပေါ် သည့် အချိန်သည် (၅-၁၅)ရက်ခန့် ကြာသည်။

ရောဂါပိုးကူးစက်ခံရသူများ၏ (၉၉%) တွင်_

  • ရောဂါလက္ခဏာမပြခြင်း (သို့မဟုတ်)
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • အန်ခြင်း စသော သာမန် လက္ခဏာများကို တွေ့နိုင်သည်။

    ကျန် (၁%) တွင် အောက်ပါ ဦးနှောက်ရောင်ရောဂါလက္ခဏာများတွေ့ရသည်။
  • စိတ်အခြေအနေ ဖရိုဖရဲဖြစ်ခြင်း
  • အမူအရာပြောင်းလဲခြင်း
  • တက်ခြင်း
  • ပုံမမှန်လှုပ်ရှားမှုများ
  • ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) တောင့်တင်းခြင်းနှင့်
  • သတိလစ်ခြင်း စသည်တို့ကိုတွေ့ရပြီး အသက်သေဆုံးသည်ထိ ပြင်းထန်သည်။
    ကလေးများတွင် ပုံမမှန်လှုပ်ရှားမှုများနှင့် တက်သည့် လက္ခဏာကို ပို၍တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
  • ဥာဏ်ရည်ထိခိုက်ခြင်း
  • စကားမပြောနိုင်ခြင်းအပါအဝင် ဖွံ့ဖြိုးမှု ပြန်လည်ဆုတ်ယုတ်သွားခြင်း
  • ခြေ၊ လက်များ မလှုပ်ရှားနိုင်ခြင်း သို့မဟုတ် ပုံမမှန် လှုပ်ရှားမှုများရှိနေခြင်း
  • ခြေ၊ လက်များ အလွန်တောင့်တင်းနေခြင်း
  • အတက်ရောဂါဖြစ်ခြင်း စသည်တို့ကို တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ဦးနှောက်ရောင်လက္ခဏာများရှိပါက အရေးပေါ်အခြေအနေ ဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါနှင့်ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး ဂျပန်ဦး‌‌နှောက်ရောင်ရောဂါဟု သံသယရှိပါက သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (သို့မဟုတ်) သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်သည်။ ထို့အပြင် ဂျပန်ဦး‌‌နှောက်ရောင်ရောဂါပိုးကို တုံ့ပြန်သော ပဋိပစ္စည်း (Ig M)ကို သွေး (သို့မဟုတ်) ခါးဆစ်ကြားမှ ထုတ်ယူသော CSFအရည်ထဲတွင် ရှာဖွေနိုင်သည်။

ကုသခြင်း

ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကို ကုသရန် တိကျသောဆေးဝါးများ မရှိသော်လည်း ရောဂါလက္ခဏာများ သက်သာရန် ကုသမှုများ ပေးနိုင်သည်။ သာမန် လက္ခဏာ ရှိသော ကလေးများကို ကောင်းစွာ အနားယူစေခြင်း၊ အရည်များများသောက်စေခြင်း၊ အာဟာရပြည့်အောင် စားစေခြင်း၊ အကိုက်အခဲ ပျောက်ဆေး (ပါရာစီတမော) တိုက်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။ ပြင်းထန်လက္ခဏာရှိသော ကလေးများသည် ဆေးရုံတက်ရန် လိုအပ်ပြီး ရောဂါလက္ခဏာများပေါ် မူတည်၍ အတက်ကျဆေးများ၊ ဦးနှောက်ဖိအားကို လျော့စေသော ဆေးဝါးများ၊ ပုံမမှန်လှုပ်ရှားမှုနှင့် ကြွက်သားတောင့်တင်းမှုတို့ကို ထိန်းချုပ်သောဆေးများ လိုအပ်နိုင်သည်။ နောက်ဆက်တွဲပြဿနာများအတွက် လေ့ကျင့်ခန်းများ၊ စကားပြော ပြန်လည်လေ့ကျင့်ပေးခြင်းများ စသည်တို့ပါဝင်သော ပြန်လည်သန်စွမ်းရေးလေ့ကျင့်မှုများ လိုအပ်သည်။

ကာကွယ်ခြင်း

ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ စစ်တမ်းများအရ ရောဂါအဖြစ်များသော နိုင်ငံဒေသများတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးစီမံချက်တွင် ထည့်သွင်းထားသည်။ မြန်မာနိုင်ငံတွင်လည်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို အသက် (၉)လမှစ၍ ထိုးနိုင်ပြီး အသက် (၉)လ မှ (၁၅) နှစ်ကြားတွင် အနည်းဆုံးတစ်ကြိမ် ထိုးသင့်သည်။
ထို့အပြင် ရောဂါအသစ်တွေ့ရှိသော ဒေသများရှိ ရောဂါဖြစ်နိုင်ခြေရှိသူများကိုလည်း ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ပေးသည်။ ရောဂါအဖြစ်များသောဒေသသို့ သွားရောက်လည်ပတ်သူများသည် မသွားမီ ကြိုတင်၍ ကာကွယ်ဆေးထိုးရန် လိုအပ်သည်။

ခြင်အကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ခြင်ပေါက်ပွါးမှုတားဆီးခြင်းတို့မှာ အရေးကြီးသည်။ ခြင်ကိုက်မခံရစေရန်_

  • အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း
  • အိပ်လျှင် ခြင်ထောင်ဖြင့် အိပ်ခြင်း (အထူးသဖြင့် ဆေးစိမ်ထားသော ခြင်ထောင်များသုံးခြင်း)
  • ပြတင်းပေါက်များ၊ လေဝင်ပေါက်များကို ခြင်လုံဇကာဖြင့် ကာကွယ်ခြင်း
  • လူကို အန္တရာယ်မပေးသော ခြင်ဆေးများဖျန်းခြင်း၊ ခြင်ပြေးဆေးလိမ်းခြင်းများကို ပြုလုပ်နိုင်သည်။
    ထို့ပြင် ခြင်ပေါက်ပွားမှုတားဆီးရန် ပိုးလောက်လန်းနှိမ်နင်းရန်နည်းလမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်သင့်သည်။

References:

  1. Encephalitis – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/encephalitis/symptoms-causes/syc-20356136
  2. Clinical Features and Diagnosis of Japanese Encephalitis. (2024). Japanese Encephalitis Virus. Retrieved June 17, 2024, from https://www.cdc.gov/japanese-encephalitis/hcp/clinical-diagnosis/index.html
  3. Website, N. (2023). Japanese encephalitis. nhs.uk. Retrieved June 17, 2024, from https://www.nhs.uk/conditions/japanese-encephalitis/

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.