တုပ်ကွေးရောဂါဆိုသည်မှာ နှာခေါင်း၊ လည်ပင်းနှင့်အဆုတ်စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ တုပ်ကွေးရောဂါသည် အဖြစ်များပြီး နှစ်စဉ်ကမ္ဘာပေါ်တွင် လူဦးရေ ဘီလီယံနှင့်ချီ၍ ရောဂါဖြစ်ပွါးနေသည်။ ထိုထဲမှ လူ (၃) သန်းမှ (၅)သန်းခန့်သည် ပြင်းထန်တုပ်ကွေး ရောဂါဖြစ်ပြီး (၂.၉) သိန်းမှ (၆.၅)သိန်းခန့်သည် နှစ်စဉ်သေဆုံးနေကြရသည်။ လူအများစုသည် တုပ်ကွေးရောဂါဖြစ်ပြီး အလိုအလျောက် ပျောက်ကင်းသွားကြသော်လည်း ခုခံအားကျဆင်းသူများနှင့် ရောဂါအခံရှိသူများတွင် ပြင်းထန်နိုင်သည့်အပြင် အသက်အန္တရာယ်ရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော တုပ်ကွေးဗိုင်းရပ်စ် (influenza) ကြောင့်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်၏ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းတို့ မှတစ်ဆင့် ကူးစက် ဝင်ရောက်ခြင်းဖြစ်သည်။ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများမှာ_
- တုပ်ကွေးရောဂါ လူနာတစ်ဦး၏ နှာချေ၊ ချောင်းဆိုးခြင်းမှ လေထဲသို့အမှုန်များပျံ့နှံ့ပြီး ထိုအမှုန်များကို ရှူရှိုက်မိခြင်း
- တုပ်ကွေးရောဂါ လူနာတစ်ဦးနှင့် ထိတွေ့ခြင်း
- ဗိုင်းရပ်စ်ပိုးကပ်ငြိနေသော အရာဝတ္ထုများကို ကိုင်တွယ်သုံးစွဲခြင်း
- ဗိုင်းရပ်စ်ပိုးထိတွေ့ထားသော လက်နှင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းတို့ မှတစ်ဆင့် ကူးစက်နိုင်သည်။
တုပ်ကွေးရောဂါဖြစ်နိုင်ခြေများသောသူများ
- အသက် (၅)နှစ်အောက်ကလေးများနှင့် အသက် (၆၅) နှစ်အထက်လူကြီးများ
- တုပ်ကွေးရောဂါကူးစက်နိုင်ခြေများသော နေရာများတွင်နေထိုင်ခြင်း (သို့မဟုတ်) အလုပ်လုပ်ခြင်း (ဆေးရုံဆေးခန်းဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များ)
- ကိုယ်ခံအားနည်းသူများ (HIV ရောဂါသည်များ၊ ကင်ဆာရောဂါသည်များ၊ စတီးရွိုက်ဆေး ရေရှည် သောက်သုံးသူများ)
- နာတာရှည်ရောဂါအခံရှိသူများ
- ကိုယ်ဝန်ဆောင်သည်များ
- အဝလွန်သူများ စသည်တို့တွင် တုပ်ကွေးရောဂါဖြစ်နိုင်ခြေများသလို ရောဂါပြင်းထန်နိုင်ခြေလည်းများသည်။
ရောဂါလက္ခဏာများ
တုပ်ကွေးရောဂါသည် ရိုးရိုးအအေးမိခြင်းနှင့် ရောဂါလက္ခဏာဆင်တူသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ –
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- ချောင်းခြောက် ဆိုးခြင်း
- အသက်ရှူမဝခြင်း
- မောပန်းအားနည်းခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းနာခြင်း
- မျက်လုံးနာခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း စသည်တို့ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- အဆုတ်ရောင်ခြင်း
- လေပြွန်ရောင်ခြင်း
- ပန်းနာရင်ကျပ်ရောဂါပိုဆိုးခြင်း (သို့မဟုတ်) ပန်းနာရင်ကျပ်ရောဂါပြန်ဖြစ်ခြင်း
- နှလုံးရောင်ဖြစ်ခြင်း
- နားပြည်ယိုခြင်း (သို့) နားပိုးဝင်ခြင်း
- ရုတ်တရက် အသက်ရှူခက်ခဲ၍ သွေးတွင်းအောက်ဆီဂျင်ကျခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပုံမှန်အားဖြင့် တုပ်ကွေးရောဂါသည် အနားယူရုံနှင့် သက်သာပျောက်ကင်းနိုင်သည်။ သို့သော် အောက်ပါအခြေအနေများတွင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
- အသက်ရှူမဝခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရုတ်တရက် ခေါင်းမူးခြင်း
- တက်ခြင်း
- ရောဂါအခံပိုဆိုးလာခြင်း
- အားအလွန်နည်းခြင်း
- ကိုယ်လက်အလွန်အကျွံကိုက်ခဲခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သာမာန်တုပ်ကွေးမိ လူနာတစ်ဦးအတွက် သွေးစစ်၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ မလိုအပ်ပါ။ လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာစမ်းသပ်ခြင်းများဖြင့်လုံလောက်သည်။ လိုအပ်ပါက နှာခေါင်းတို့ဖတ် (nasal swab)၊ အာခေါင်တို့ဖတ် (throat swab) ရယူပြီး ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။
ကုသခြင်း
ပုံမှန်အားဖြင့် ရောဂါဖြစ်ပြီး (၇) ရက်မှ (၁၀)ရက်အတွင်း သူ့အလိုအလျောက် ပျောက်ကင်းနိုင်သည်။ အဓိကအားဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကောင်းအောင် နေထိုင်ရန် အရေးကြီးသည်။
- မပြင်းထန်သည့် တုပ်ကွေးရောဂါဖြစ်သူများသည်
- ကောင်းမွန်စွာအနားယူခြင်း
- အိပ်ရေးဝဝအိပ်ခြင်း
- ရေများများသောက်ခြင်း
- အာဟာရပြည့်ဝသော အစားအသောက် စားသုံးခြင်း
- ကိုယ်လက်ကိုက်ခဲပါက Paracetamol သို့မဟုတ် Ibuprofen စသည့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
- နှာခေါင်းပိတ်ပါက ရေနွေးငွေ့ရှူခြင်း၊ နှာခေါင်းအစက်ချ ဆေးရည်ထည့်ခြင်း
- လည်ချောင်းနာပါက ဆားရည်နှင့် ပလုတ်ကျင်းခြင်း စသည့်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
- ပြင်းထန်သည့် တုပ်ကွေးရောဂါဖြစ်ခြင်းနှင့် ရောဂါအခံရှိသူများသည်
အထက်ပါနည်းလမ်းများ လုပ်ဆောင်ခြင်းအပြင် ဗိုင်းရပ်စ်သတ်ဆေးများဖြစ်သည့် Oseltamivir Baloxavir နှင့် Zanamivir အစရှိသည့် ဆေးများသောက်သုံးခြင်းဖြင့် ရောဂါပြင်းထန်မှုကို လျှော့ချနိုင်သကဲ့သို့ ရောဂါပျောက်ကင်းမှုလည်း မြန်နိုင်သည်။ ဗိုင်းရပ်စ်သတ်ဆေးများနှင့် ပိုးသတ်ဆေးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရပါမည်။
ကာကွယ်ခြင်း
အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်သည်။
- နှစ်စဥ် တုပ်ကွေးကာကွယ်ဆေးကို ပုံမှန်ထိုးနှံခြင်း
တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် အချိန်မရွေး မျိုးရိုးဗီဇပြောင်းလဲနိုင်သောကြောင့် တုပ်ကွေးရောဂါ တစ်ခေါက်ဖြစ်ဖူးသော်လည်း နောက်တစ်ကြိမ်ထပ်မံဖြစ်နိုင်သည်။ ထို့ကြောင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်ထိုးရုံနှင့်မရဘဲ နှစ်စဉ် ကာကွယ်ဆေးထိုးရခြင်းဖြစ်သည် - လက်ကို ဆပ်ပြာနှင့် အနည်းဆုံး (၂၀)စက္ကန့်ကြာအောင် မကြာခဏ စနစ်တကျ ဆေးပါ
- မကြာခဏ ကိုင်တွယ်ရသည့် ပစ္စည်းများကို ပိုးသတ်ဆေးရည်နှင့် သန့်ရှင်းရေးလုပ်ပါ
- ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပဝါ တစ်ခုခုနှင့် အုပ်ပြီး ချောင်းဆိုးပါ
- တစ်ကိုယ်ရည်သုံး ပစ္စည်းများကို တစ်ခြားသူများနှင့် မျှဝေမသုံးစွဲရ
- အအေးမိသောလူနာနှင့် ဝေးဝေးနေပါ
- ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ပါ၊ လေ့ကျင့်ခန်းများ ပြုလုပ်ပါ
- တုပ်ကွေးအဖြစ်များချိန်တွင် လူစုလူဝေးများသောနေရာများကို သွားခြင်းမှ ရှောင်ကြဉ်ရမည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.