Hand, foot and mouth disease (ခြေ၊ လက်၊ ပါးစပ်နာရောဂါ)

Hand, foot and mouth disease (ခြေ၊ လက်၊ ပါးစပ်နာရောဂါ)

ခြေလက်ပါးစပ်နာရောဂါ (hand, foot and mouth disease)သည် အသက် (၁၀) နှစ်အောက် ကလေးငယ်များတွင် အဖြစ်များသော ကူးစက်မြန်ရောဂါတစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခြင်းကြောင့် ဖြစ်ပွါးရပြီး အများအားဖြင့် ရောဂါပြင်းထန်ခြင်းမရှိပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေ၊ လက်၊ ပါးစပ်နာရောဂါသည် coxsackie 16 virusနှင့် enterovirus (EV71) ဗိုင်းရပ်စ်များကြောင့် အဓိကဖြစ်ပွါးသည်။ အခြားမျိုးနွယ်တူဗိုင်းရပ်စ်များကြောင့်လည်း ဖြစ်ပွါးနိုင်သည်။

ရောဂါလက္ခဏာများ

ရောဂါပိုးနှင့်ထိတွေ့ပြီး (၃) ရက် မှ (၇) ရက်အကြာတွင် ရောဂါစတင်ဖြစ်ပွါးလေ့ရှိသည်။ အကြမ်းအားဖြင့် အဆင့်(၂)ဆင့်ခွဲခြားနိုင်သည်။

ပထမပိုင်းတွင်

  • ဖျားခြင်း (ကိုယ်ပူကြီးခြင်း)
  • နှာစေးခြင်း၊ လည်ပင်းနာခြင်း
  • ဗိုက်အောင့်ခြင်း
  • မအီမသာဖြစ်ခြင်း
  • အစားအသောက်ပျက်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။

    ရက်အနည်းငယ်အကြာတွင် ခြေဖဝါး၊ လက်ဖဝါးနှင့် ပါးစပ်တို့တွင် အနီရောင်၊ နီညိုရောင် အကွက်ငယ်၊ အဖုငယ်များထွက်ပေါ်လာသည်။ ပေါင်၊ ဒူးခေါင်းနှင့် တင်ပါးများတွင်လည်း တစ်ခါတစ်ရံတွေ့ရတတ်သည်။ ထိုအဖုငယ်များသည် အနည်းငယ်နာကျင်နိုင်သော်လည်း ယားယံခြင်း မရှိချေ။ အချို့အဖုငယ်များသည် အရည်ကြည်ဖုများဖြစ်လာပြီး တစ်ခါတစ်ရံ ပေါက်ထွက်တတ်သည်။ အထူးသဖြင့် ပါးစပ်ထဲ (လျှာ၊ ပါးစောင်၊ အာခေါင်များ)တွင် အရည်ကြည်ဖုများ‌ပေါက်ထွက်ရာမှ အလွန်နာကျင်သော အနာများဖြစ်ပေါ်လေ့ရှိသည်။

    ထိုအချိန်တွင်
  • သွားရည်ကျခြင်း
  • လည်ပင်းတဝိုက် ပြန်ရည်ကြောအကျိတ်ရောင်ခြင်းတို့ကို တွေ့ရတတ်သည်။
    စုစုပေါင်း (၁၀) ရက်ခန့်အကြာတွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားလေ့ရှိသည်။

    အထက်ပါ coxsackie ဗိုင်းရပ်စ်ပိုး၏ ရောဂါပုံစံကွဲတစ်ခု (herpangina) တွင် ခြေ၊ လက်များ၌ အရည်ကြည်ဖုများမရှိဘဲ ပါးစပ် (အာခေါင်)တွင်သာ အဖု၊ အနာများတွေ့ရတတ်သည်။ ကိုယ်ပူကြီးသဖြင့် တက်တတ်သည်။
Hfamd img1
နောက်ဆက်တွဲပြဿနာများ

ခြေ၊ လက်၊ ပါးစပ်အနာရောဂါသည် ပုံမှန်အားဖြင့် ပြင်းထန်လေ့မရှိဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။
အဖြစ်များသော နောက်ဆက်တွဲပြဿနာမှာ ပါးစပ်အလွန်နာကျင်သဖြင့် အစာ၊ အရည်မဝင်ဘဲ ရေဓာတ်ခန်းခြောက်ခြင်းများဖြစ်သည်။

အဖြစ်နည်းသော နောက်ဆက်တွဲပြဿနာများမှာ

  • လက်သည်း၊ ခြေသည်းများ ကျွတ်ထွက်ခြင်း
  • ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်သည်။ အထူးသဖြင့်_

  • အသက် (၆) လအောက် ကလေးများ
  • ကိုယ်ခံအားစနစ်မကောင်းသောကလေးများ
  • အစာ၊ အရည်မဝင်သော၊ ရေဓာတ်အလွန်နည်းနေသောသူများသည် ပြသရန်လိုအပ်သည်။
    မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်ပါသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း

အများအားဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ မလိုအပ်ပါ။ ကလေး၏ရောဂါရာဇဝင်၊ အရေပြားလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါအမည်တပ်နိုင်သည်။

ကုသခြင်း

ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေး မလိုဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုသာကုသ၍ သက်သာလာချိန်အထိ စောင့်ကြည့်ရန်လိုအပ်ပါသည်။
ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ရန်၊ ပါးစပ်ပိုနာစေမည့် ပူသော၊ ချဉ်သော၊ စပ်သော အစားအစာနှင့် အရည်များရှောင်ရန်၊ အေးသောအရည်၊ ပျော့သော အစားအစာများ မကြာခဏကျွေးရန် လိုအပ်သည်။
ဖျားခြင်း၊ ပါးစပ်နာခြင်းများအတွက် ပါရာစီတမောတိုက်ကျွေးနိုင်သည်။ အနာသက်သာစေသည့် ခံတွင်းလိမ်းဆေးများ အသုံးပြုနိုင်သည်။
ကလေးကြီးများတွင် ဆားရည်နွေး အာလုပ်ကျင်းခြင်းဖြင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများ လျော့ကျစေနိုင်သည်။

ကာကွယ်ခြင်း

ဤရောဂါသည် ကလေးငယ်များသာမက အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည်။
ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်း (ဥပမာ နမ်းရှုံ့ခြင်း)၊ အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်များ၊ သွားရည်များနှင့်ထိတွေ့ခြင်း၊ အနာမှထွက်သော သားငံရည်၊ လူနာ၏မစင်အညစ်အကြေးများနှင့် ထိတွေ့ခြင်း များမှကူးစက်နိုင်သည်။

ထို့ကြောင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။

  • ရောဂါပိုးရှိသူနှင့်ဖြစ်စေ၊ ရောဂါပိုးရှိသူ ကိုင်တွယ်ထားသော အသုံးအဆောင်များနှင့်ဖြစ်စေ ထိ‌တွေ့ပြီးလျှင် လက်ကို ဆပ်ပြာ (သို့) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ လက်ဆေးရန်
  • တကိုယ်‌ရေသန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
  • ချောင်းဆိုး၊ နှာချေလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်
  • မိမိ၏ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုရန်
  • ရောဂါပိုး ကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏပိုးသတ်သန့်ရှင်းရန်

    ကလေးသည် ကိုယ်ပူခြင်းမရှိဘဲ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနိုင်လျှင်၊ အနာများခြောက်လာလျှင်
    လူထူထပ်သောနေရာများ၊ ကျောင်း စသည့်တို့ကိုပြန်လည်သွားရောက်နိုင်သည်။

    ပြင်းထန်သည့် ခြေ၊ လက်၊ ပါးစပ်နာ ရောဂါဖြစ်စေသော Enterovirus (EV71) ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သည်။ ကလေးအသက် (၆)လမှ စတင်ထိုးနှံနိုင်သည်။ သို့သော် ထိုသို့ထိုးနှံခြင်းသည် အဆိုပါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ခြေ၊ လက်၊ ပါးစပ်နာ‌ရောဂါကိုသာ ကာကွယ်နိုင်သော်လည်း အခြားဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွါးခြင်းကို မကာကွယ်နိုင်ပါ။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.