G6PD deficiency (G6PDဓာတ် ချို့တဲ့ခြင်း)

G6PD deficiency (G6PDဓာတ် ချို့တဲ့ခြင်း)

Glucose-6-phosphate dehydrogenase (G6PD)သည် ဓာတ်ကူပစ္စည်း (အင်ဇိုင်း) တစ်မျိုးဖြစ်ပြီး သွေးနီဥများအတွင်း G6PD အင်ဇိုင်းကြောင့် ဖြစ်ပေါ်လာသော ဓာတ်တိုးဆန့်ကျင် ဓာတုပစ္စည်းများသည် သွေးနီဥ၏နံရံများ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးသည်။ မွေးရာပါ G6PD အင်ဇိုင်းချို့တဲ့နေပါက အဆိုပါ ဓာတ်တိုးဆန့်ကျင် ဓာတုပစ္စည်းများ မထုတ်လုပ်တော့သဖြင့် ပြင်ပမှ ဓာတ်တိုးပစ္စည်းများ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသည့်အခါ သွေးနီဥနံရံများ ပေါက်ကွဲပျက်စီးသွားနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

G6PD အဇိုင်းဓာတ်ချို့တဲ့ခြင်းသည် မွေးရာပါ ဗီဇနှင့်ဆိုင်သည့် ရောဂါဖြစ်ပြီး ယောက်ျားလေးများတွင် ပို၍အဖြစ်များသည်။ မြန်မာလူမျိုးများအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကတိုက်နိုင်ငံများရှိ လူမျိုးများတွင် ပိုမိုတွေ့ရှိရသည်။ လူတစ်ဦးတွင် G6PD ချို့တဲ့လျှင် ထိုသူသည် တသက်တာလုံး G6PD ဓာတ်ချို့တဲ့နေမည် ဖြစ်သည်။

ရောဂါလက္ခဏာများ

သွေးနီဥများ ပျက်စီးသည့် ပမာဏပေါ်မူတည်ပြီး သွေးအားနည်းခြင်း၊ သွေးနီဥမှ ထွက်လာသည့် ဓာတ်ပစ္စည်းတချို့ကြောင့် ဆီးမည်းမည်း သွားခြင်း၊ အသားဝါခြင်းစသည်တို့ ဖြစ်ပေါ်လာသည်။
သွေးနီဥများ ပေါက်ကွဲပျက်စီးခြင်းသည် တစ်ခါတစ်ရံ အလွန်များပြားလျင်မြန်သောကြောင့် ရုတ်တရက် ဖြူဖျော့သွားခြင်း၊ မျက်လုံးနှင့် အသားဝါခြင်း၊ ဆီးမည်းမည်း သွားခြင်း၊ အဖျားတက်ပြီး နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း မြန်ဆန်ခြင်းများ ဖြစ်လာတတ်သည်။ ထိုအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်သည်။

သို့သော် ရှောင်သင့်သည်များကို ဂရုတစိုက်ရှောင်ကြဉ်ပါက သာမန်လူတစ်ဦးအတိုင်း တစ်သက်လုံး နေထိုင်သွားနိုင်သည်။ G6PD ချို့တဲ့သူအားလုံး၏ ကျန်းမာရေးသည် ပုံမှန်လူတစ်ယောက်အတိုင်း ရှိနေပြီး အခြားမည်သည့်လက္ခဏာမျှ မရှိပါ။
ဤရောဂါသည် မွေးရာပါဖြစ်သောကြောင့် မွေးကင်းစကလေးများ၌ သွေးတွင်း အသားဝါဓါတ်အလွန်အမင်းများပြားပြီး အသက်အန္တရာယ်ရှိနိုင်သည်။ ဦးနှောက်ထိခိုက်နိုင်ပြီး cerebral palsy (CP) ဟုခေါ်သော ခန္ဓာကိုယ်လှုပ်ရှားမှုပုံမမှန်၊ မသန်စွမ်းသည့်ရောဂါကိုလည်းဖြစ်စေနိုင်သည်။

G6PDချို့တဲ့ခြင်းနှင့် မတည့်သော ဓာတ်ပစ္စည်းများမှာ –

  1. ဆေးဝါးများ – အထူးသဖြင့် ဆာလ်ဖါ ပါသည့် ဆေးများ၊ ငှက်ဖျားကုဆေးများနှင့် အချို့ပိုးသတ်ဆေးများ
    (မှတ်ချက်_ G6PD ဓာတ်ချို့တဲ့သူ ကလေးများသည် ပါရာစီတမောနှင့် တည့်သည်။ ကာကွယ်ဆေးများအားလုံးလည်း ပုံမှန်အတိုင်းထိုး၍ရသည်)
  2. အစားအသောက် – Fava beans ဟုခေါ်သော တောင်ကြီးပဲကဲ့သို့ ပဲများ၊ ယေဘုယျအားဖြင့် ပြားချပ်သောပုံသဏ္ဍာန်ရှိသည့် ပဲမျိုးများ
  3. ပရုတ်လုံး

တစ်ခါတစ်ရံ သိသာသော အကြောင်းရင်းတစ်ခုခုမရှိဘဲ ဖြစ်နိုင်သောကြောင့် G6PD ဓာတ်ချို့တဲ့သူများသည် အထက်တွင်ဖေါ်ပြခဲ့သော ရောဂါလက္ခဏာများဖြစ်ပွားခြင်းကို သတိပြုမိရန် အထူးအရေးကြီးသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

G6PDချို့တဲ့သော ကလေးတစ်ယောက်တွင် အထက်တွင်ဖော်ပြပြီးသောရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက သို့မဟုတ် သံသယရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသခြင်း၊ သွေးသွင်းကုသခြင်းများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှုခံယူရန်လိုအပ်သည်။

ရောဂါရှာဖွေခြင်း

G6PDချို့တဲ့သည်ဟု သံသယဖြစ်ပါက အဆိုပါ G6PD ဓာတ်အနည်းအများကို သွေးစစ်၍ အတိအကျရှာဖွေနိုင်သည်။ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက အခြားသောသွေးစစ်ခြင်းများ (ဥပမာ- သွေးတွင်းဟီမိုဂလိုဗင် (Haemoglobin)ပမာဏ၊ အသားဝါဓာတ်၊ ကျောက်ကပ်လုပ်ဆောင်ချက်) စသည်တို့ကိုလည်းစစ်ဆေးရနိုင်သည်။

ကုသခြင်း

ကုသခြင်း၏အဓိကရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာချိန်၌ ပြိုကွဲပျက်စီးသွားသော သွေးနီဥများကို ပြန်လည်အစားထိုးရန်အတွက် သွေးသွင်းကုသခြင်းဖြစ်သည်။ မွေးကင်းစကလေးများတွင် G6PD ချို့တဲ့ခြင်းကြောင့် အသားဝါပါက အဝါဓာတ်အခြေအနေပေါ်မူတည်ပြီး မီးချောင်းပြကုသခြင်း (photo therapy)၊ သွေးလဲကုသခြင်း (exchange transfusion)များလိုအပ်နိုင်သည်။ G6PDချို့တဲ့ခြင်းသည် မျိုးဗီဇကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် လုံးဝပျောက်ကင်းရန် ကုသနိုင်ခြင်းမရှိပါ။

ကာကွယ်ခြင်း

G6PDဓာတ် ချို့တဲ့ခြင်းမရှိရန် ကြိုတင်ကာကွယ်၍ မရပါ။ သို့သော်လည်း G6PDချို့တဲ့သော ကလေးများတွင် နောက်ဆက်တွဲလက္ခဏာများ၊ ဆိုးကျိုးများ မပေါ်ပေါက်လာရန် အောက်ပါနည်းများဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

  1. မွေးကင်းစကလေးများကို G6PD ဓာတ် ချို့တဲ့ခြင်း ရှိမရှိ ကြိုတင်စစ်ဆေးသင့်သည်၊ မြန်မာပြည်တွင်လည်း စစ်ဆေးနိုင်သည်၊ ဤသို့ ကြိုတင်စစ်ဆေးခြင်းဖြင့် မိမိကလေးတွင် G6PDဓာတ် ချို့တဲ့ကြောင်း စောစီးစွာ သိရှိနိုင်ပြီး မတည့်သည့်အရာများကို ကြိုတင်ရှောင်ရှားနိုင်သည်
  2. မိဘများအနေနှင့် ကိုယ်တိုင်သတိထားရုံမက မိသားစုဝင်များ၊ ကလေး၏သူငယ်ချင်းများ၊ ဆရာဆရာမများကိုပါ မတည့်သောဓါတ်ပစ္စည်းများနှင့် ရုတ်တရက်ဖြစ်လာနိုင်သည့် လက္ခဏာများအကြောင်း အသိပေးထားပါ
  3. ဆရာဝန်နှင့် ရောဂါတစ်ခုခုကြောင့်ပြသရလျှင် မိမိကလေးမှာ G6PD ချို့တဲ့ကြောင်းပြောပြပါ
  4. ဆရာဝန်ညွှန်ကြားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဝယ်သောက်၊ ဝယ်တိုက်သောဆေးများကို သတိထားစစ်ဆေးပါ၊ အထူးသဖြင့် တချို့သောတိုင်းရင်းဆေးများတွင် မတည့်သောဓာတ်မျိုး ပါဝင်နေတတ်သည်
  5. ပရုတ်လုံးနှင့် အထိအတွေ့ ရှောင်ပါ၊ ကလေး၏ အဝတ်၊ အနှီးများတွင် ပရုတ်မသုံးရပါ၊ မိခင် (သို့မဟုတ်) ကလေးနှင့် ထိတွေ့နိုင်သူများသည်လည်း ပရုတ်လုံးသုံးခြင်း‌မှ ရှောင်ကြဥ်သင့်သည်

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.