Type 1 diabetes in children (အမျိုးအစား (၁) ဆီးချို) (ကလေးဆီးချိုရောဂါ)

Type 1 diabetes in children (အမျိုးအစား (၁) ဆီးချို) (ကလေးဆီးချိုရောဂါ)

ဆီးချိုရောဂါဆိုသည်မှာ သွေးနှင့်ဆီးအတွင်း သကြားဓာတ်သည် ရှိသင့်သည့်ပမာဏထက် ပိုမို များပြားနေခြင်းကိုခေါ်သည်။ ဆီးချိုရောဂါဖြစ်ရခြင်းသည် အင်ဆူလင်ဟော်မုန်းနှင့် သက်ဆိုင်သည်။ အင်ဆူလင် (insulin) ဆိုသည်မှာ ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို ပုံမှန်အတွင်းရှိနေစေရန် ထိန်းပေးသော ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယ(Pancreas) ဟုခေါ်သော ကိုယ်တွင်းအင်္ဂါမှ ထုတ်လုပ်ပေးသည်။
အောက်ပါအခြေအနေများကြောင့် ဆီးချိုရောဂါ ဖြစ်ပေါ်လာသည်။
၁၊ ပန်ကရိယမှ အင်ဆူလင်(insulin)ကို လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်း (insulin deficiency) – အမျိုးအစား (၁) ဆီးချို ဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်သည်။
၂၊ ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင်သည် အာနိသင်ကျဆင်းလာခြင်း (insulin resistance) – အမျိုးအစား (၂) ဆီးချို ဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်သည်။


ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မိမိကိုယ်ခံစွမ်းအားစနစ်၏ ပုံမှန်မဟုတ်သည့် အခြေအနေကြောင့် ပဋိပစ္စည်း (antibody) များ ထွက်လာပြီး အင်ဆူလင်ထုတ်လုပ်ပေးသော ပန်ကရိယအတွင်းရှိ ဆဲလ်များ ဖျက်ဆီးခံရသည်။ ထိုအခါ အင်ဆူလင်ထုတ်နိုင်စွမ်းကျဆင်းလာပြီး ကိုယ်ခန္ဓာအတွင်းသကြားဓာတ်မြင့်တက်လာခြင်းကြောင့် အမျိုးအစား (၁)ဆီးချို ဖြစ်ပေါ်လာရသည်။
မိမိကိုယ်ခံစွမ်းအားစနစ်မှ ပြန်လည်တိုက်ခိုက်နေသည့် အကြောင်းရင်းကိုမူ သုတေသန ပြုလုပ်နေဆဲ ဖြစ်သည်။ အချို့သော မျိုးရိုးဗီဇများနှင့် ပတ်ဝန်းကျင်မှ လှုံ့ဆော်မှု (ဥပမာ_ရောဂါပိုးအချို့)ကို တုံ့ပြန်သည့်ဖြစ်စဉ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြသည်။ အမျိုးအစား(၁) ဆီးချိုသည် အချိုစားလွန်း၍ဖြစ်ခြင်း မဟုတ်သကဲ့သို့ အဝလွန်ခြင်းကြောင့်လည်း ဖြစ်ခြင်းမဟုတ်ပါ။


ရောဂါလက္ခဏာများ

အမျိုးအစား (၁)ဆီးချိုသည် မည်သည့်အရွယ်တွင်မဆို ဖြစ်နိုင်သော်လည်း ကလေးဆီးချို လူနာများတွင်မူ အမျိုးအစား (၁) ဆီးချိုကို ပိုမိုတွေ့ရသည်။
အဓိကလက္ခဏာများမှာ –

  • ဆီးသွားများခြင်း (အထူးသဖြင့် ညဘက်တွင် ဆီးမကြာခဏသွားခြင်း)
  • ရေငတ်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။

အခြားလက္ခဏာများမှာ –

  • ကိုယ်လက် မအီမသာဖြစ်ခြင်း၊ နွမ်းနယ်နေခြင်း
  • ကြွက်တက်ခြင်း
  • အနာဖြစ်လျှင် ကျက်ရန်အချိန်ကြာခြင်း
  • ဘက်တီးရီးယားပိုး၊ မှိုပိုးများ အ၀င်လွယ်ခြင်း စသည်တို့ဖြစ်သည်။

အချို့ကလေးများသည် အချိန်ကာလတိုအတွင်း ရောဂါလက္ခဏာများသိသာထင်ရှားလာတတ်ပြီး အချို့တွင်မူ ကာလအတော်ကြာမှ သိသာလာတတ်သည်။

နောက်ဆက်တွဲပြဿနာများ

ဆီးချိုရောဂါ ဖြစ်ပွါးပါက စောစီးစွာကုသမှု ခံယူသင့်သည်။ အကယ်၍ ဆီးချိုရောဂါဖြစ်နေသည်ကို သတိမထားမိပါက ဆီးချိုသွေးချိုဆိပ်တက်ခြင်း (Diabetic Ketoacidosis) အခြေအနေသို့ ရောက်ရှိနိုင်သည်။ ထိုအခြေအနေတွင် ကလေးသည် မှိန်းလာခြင်း၊ အသက်ရှူမြန်ခြင်း၊ မောလာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်းတို့အပြင် အချိန်မီ မကုသနိုင်ပါက သွေးပေါင်ကျခြင်းနှင့် အသက်အန္တရာယ်ရှိခြင်းတို့အထိ ဖြစ်နိုင်သည်။


ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ပြီး ရောဂါ ရှာ‌ဖွေကုသပေးနိုင်သည်။ ကလေးဆီးချို (အမျိုးအစား (၁) ဆီးချို)ဟုယူဆပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းတို့ပြုလုပ်ပြီး ဆီးနှင့် သွေးစစ်ခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။ ဆီးချိုရောဂါဟုသတ်မှတ်ရန်

  1. HbA1c – 6.5 ရာခိုင်နှုန်း နှင့်အထက်ရှိနေခြင်း
    HbA1c ဆိုသည်မှာ လွန်ခဲ့သော (၃)လအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓာတ် ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ သွေးနီဥအတွင်းရှိ အောက်ဆီဂျင်သယ်ဆောင်သည့် ပရိုတင်းတစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်တွင် တွယ်ကပ်နေသော သွေးတွင်းသကြားဓာတ်၏ ရာခိုင်နှုန်းကို တိုင်းတာခြင်းဖြစ်သည်။
    (သို့မဟုတ်)
  2. FBS (Fasting Blood Sugar)
    အချိန် (၈)နာရီ မှ (၁၀)နာရီကြာ အစာမစားဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် ပမာဏသည် 126 mg/dl (7 mmol/l ) နှင့်အထက်ရှိနေခြင်း
    (သို့မဟုတ်)
  3. Glucose tolerance test
    အချိန် (၈)နာရီကြာ အစာမစားဘဲ သကြား (၇၅)ဂရမ်ပါ၀င်သော သကြားရည်တစ်ခွက်ကို သောက်ပြီး နောက် (၂)နာရီအကြာတွင် တိုင်းတာသော သွေးတွင်းသကြားဓာတ်ပမာဏမှာ 200 mg/dl (11.1mmol/l) နှင့်အထက်ရှိ‌နေခြင်း
    (သို့မဟုတ်)
  4. RBS (Random Blood Sugar)
    အစာဖြတ်တောက်ခြင်းမရှိဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ်ပမာဏသည် 200 mg/dl (11.1mmol/l) နှင့်အထက်ရှိ‌နေခြင်း
    • ဆီးချိုရောဂါလက္ခဏာများ ရှိနေသူများတွင် သွေးစစ်၍ အထက်ဖော်ပြပါ ၄ ချက်ထဲမှ ၁ချက် ရှိ‌နေလျှင် ဆီးချိုရောဂါဟု သတ်မှတ်သည်။
    • ကိုယ်ခံအားစနစ်ကို တုံ့ပြန်သော ပဋိပစ္စည်း (islet autoantibodies)များကိုလည်း သွေးစစ်ရှာဖွေနိုင်သည်။
ကုသခြင်း

အမျိုးအစား (၁)ဆီးချိုသည် ကိုယ်ခန္ဓာအတွင်း အင်ဆူလင်ထုတ်နိုင်စွမ်း ကျဆင်းလာမှုကြောင့် ဖြစ်ပေါ်လာရသဖြင့် အင်ဆူလင်ထိုးဆေးဖြင့်သာ ကုသရမည်။ အင်ဆူလင်ထိုးဆေးအပြင် ကလေးငယ်၏ နေထိုင်စားသောက်မှုပုံစံကို ထိန်းသိမ်းပေးရန်လည်း လိုအပ်သည်။ အမျိုးအစား(၁) ဆီးချို၏ကုသမှုသည် တစ်သက်လုံး လိုအပ်လေ့ရှိသည်။
ဆီးချိုပုံမှန် ထိန်းနိုင်ရန်၊ နောက်ဆက်တွဲဆိုးကျိုးများ နည်းနိုင်သမျှနည်းစေရန်၊ အချိုဓာတ်ကို မည်ကဲ့သို့ ထိန်းညှိရမည်ကို သေချာစွာသိရှိလိုက်နာနိုင်ရန် ကလေး နှင့် မိဘ အုပ်ထိန်းသူတို့သည် ကလေးဆီးချို ပညာပေးအစီအစဉ်ကို သေချာစွာ နားလည်သဘောပေါက်လိုက်နာရန် အရေးကြီးသည်။ အမျိုးအစား(၁) ဆီးချို (ကလေးဆီးချိုရောဂါ)သည် ပုံမှန်အင်ဆူလင်ထိုးခြင်း၊ လိုအပ်သောနေထိုင်စားသောက်မှုပုံစံကို လိုက်နာခြင်းတို့ဖြင့် အခြားသူများကဲ့သို့ ပုံမှန်လူမှုဘဝတွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်သည်။


ကာကွယ်ခြင်း

အမျိုးအစား (၁)ဆီးချိုရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်၍မရပါ။ ရောဂါရှိမှန်း စောစီးစွာသိရှိလျှင် ကုသမှုအမြန်ဆုံးခံယူရန်သာ အရေးကြီးသည်။

ဆီးချိုရောဂါနှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန်

Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.