နှင်းခူသည် အရေပြားခြောက်ခြင်း၊ အက်ကွဲခြင်း၊ အလွန်ယားယံခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်စေသော အရေပြားရောဂါဖြစ်သည်။ ကာလအတန်ကြာ သက်သာနေရာမှ ပြန်လည်ထကြွတတ်သည့် နာတာရှည်အရေပြား ရောင်ရမ်းခြင်းမျိုး ဖြစ်သည်။ နှင်းခူသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ နှင်းခူအမျိုးအစား များစွာရှိသည့်အနက် အရေပြားဓာတ်မတည့်မှုကြောင့် ဖြစ်သောနှင်းခူသည် အဖြစ်အများဆုံးဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များတွင် အတွေ့ရများသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှင်းခူဖြစ်ပွားစေသော အကြောင်းရင်းကို တိကျစွာမသိရှိပါ။ မျိုးဗီဇနှင့် အခြားပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ပေါ်စေနိုင်သည်ဟု ယူဆကြသည်။ အရေပြား၏ ရောဂါ ကာကွယ်နိုင်စွမ်း၊ ရေဓါတ်ထိန်းသိမ်းနိုင်စွမ်း၊ ကိုယ်ခံအားစနစ်၏ သာမန်ထက်ပိုသော တုံ့ပြန်မှု၊ မိသားစုတွင် ဓာတ်မတည့်မှုရှိခြင်း စသောအချက်များနှင့် ဆက်နွယ်မှုကို တွေ့ရသည်။ သို့ဖြစ်၍
- အရေပြား အလွန်ခြောက်သွေ့ခြင်း
- အရေပြား ပိုးဝင်လွယ်ခြင်း
- အေး၍ ခြောက်သွေ့သော သို့မဟုတ် အလွန်ပူပြင်းသော ဥတုဝန်းကျင်တွင် နေထိုင်ခြင်း
- အဝတ်အစား၊ စောင်၊ အိပ်ရာခင်းများနှင့် ပွတ်တိုက်မိခြင်း
- ထူထည်းသော အဝတ်အစား၊ စောင်များကြောင့် အပူလွန်ကဲခြင်း
- အစားအစာများနှင့် ဓာတ်မတည့်ခြင်း
- ပတ်ဝန်းကျင်ရှိ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများ (ဥပမာ_ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွှေးများ) အလှကုန်ပစ္စည်း (သို့မဟုတ်) ဆပ်ပြာကဲ့သို့သော အခြားအသုံးအဆောင်များတွင် ပါဝင်သော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများရှိလျှင် ရောဂါဖြစ်နိုင်ခြေပိုများသည်။
ရောဂါလက္ခဏာများ
အသက်အရွယ်ပေါ်တွင် မူတည်၍ နှင်းခူကို ပုံသဏ္ဌာန်အမျိုးမျိုးနှင့် နေရာအနှံ့အပြားတွင် တွေ့ရှိရသည်။
ရောဂါပြန်ကြွလျှင် မူလနေရာတွင်သာမက အခြားသောနေရာများတွင်ပါ ဖြစ်ပွားနိုင်သည်။ အဓိကထင်ရှားသော ဝိသေသလက္ခဏာမှာ အလွန်အမင်းယားယံခြင်းဖြစ်သည်။
- အရေပြားခြောက်ကာ အက်ကွဲခြင်း
- အရည်ကြည်ဖုငယ်များ၊ အနီဖုများဖြစ်ခြင်း
- အရေပြား နီရဲ၊ ဖောင်းကြွရောင်ရမ်းခြင်း
- အကြေးခွံကဲ့သို့ အဖတ်များစွာဖြစ်ခြင်း
- အလွန်ကုတ်ထားသဖြင့် သားရေပြားကဲ့သို့အရေပြားထူခြင်း
- အနာဖေးအဖတ်များဖြစ်ခြင်း၊ အရည်စိမ့်ထွက်ခြင်းများ တွေ့ရှိရနိုင်သည်။
အသက်တစ်နှစ်အောက် ကလေးများတွင် နှင်းခူကို မျက်နှာ၊ ဦးရေပြားများတွင် တွေ့ရများသည်။ ခြေ၊ လက်၊ လည်ပင်း၊ ရင်ဘတ်များတွင်လည်း တွေ့ရသည်။ မွေးပြီး ရက်သတ္တပတ်အနည်းငယ်မှစ၍ ဖြစ်ပွားနိုင်သည်။ ကလေးကြီးနှင့် ဆယ်ကျော်သက်များတွင် တံကောက်ကွေး၊ တံတောင်ဆစ်အတွင်းပိုင်း၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်နှင့် လည်ပင်းရှိ အရေပြားအတွန့်အခေါက်များတွင် တွေ့ရပြီး လူကြီးများတွင်မူ မျက်နှာ၊ ဒူး၊ ခြေ၊ လက်များတွင် တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
- အရေပြားထူခြင်း၊ အရေပြားအရောင်ပြောင်းခြင်း
- အရေပြားပိုးဝင်ခြင်း (ဥပမာ-ရေယုန်ပိုး၊ ဘက်တီးရီးယားပိုးများ)၊ ပိုးဆိပ်ပြန့်ခြင်း (ကလေးငယ်များတွင် ပိုပြင်းထန်နိုင်သည်)
- ယားယံခြင်းကြောင့် အိပ်စက်မရခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (ဥပမာ_စိတ်ဓါတ်ကျခြင်း) – ကလေးကြီးများ၊ ဆယ်ကျော်သက်များတွင် ပိုတွေ့ရသည်
- အစာဓါတ်မတည့်ခြင်း
- ပန်းနာရင်ကျပ် (bronchial asthma)၊ ပန်းဝတ်မှုန်ကြောင့် နှာချေခြင်း (hay fever) ဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
နှင်းခူဟု သံသယရှိလျှင်၊ နေအိမ်၌ အရေပြားထိန်းသိမ်းမှုများ လုပ်သော်လည်း ယားယံခြင်းနှင့် အရေပြား လက္ခဏာများမသက်သာလျှင်၊ အရေပြားပိုးဝင်သည်ဟု သံသယဖြစ်လျှင်၊ ဖျားခြင်းနှင့် အခြားလက္ခဏာများ ရှိလာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်နှင့် အရေပြားရောဂါလက္ခဏာများကို အခြေခံ၍ ရောဂါသတ်မှတ်နိုင်သည်။ လိုအပ်ပါက ဓါတ်မတည့်ခြင်း ဖြစ်စေသော ပစ္စည်းများကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
နှင်းခူသည် ကာလရှည်ကြာ ဖြစ်တတ်သော၊ ပြန်၍ထကြွလာတတ်သော ရောဂါဖြစ်သည်။ ရောဂါပြန်ဖြစ်စေမည့် အချက်များကို ရှောင်ရှားခြင်း၊ နေ့စဉ်အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု ပုံမှန်ပြုခြင်း၊ သက်ဆိုင်ရာ ဆရာဝန်များနှင့် စနစ်တကျကုသခြင်းများဖြင့် ရောဂါသက်သာရန်၊ ပြန်မကြွရန် ကုသပေးနိုင်သည်။ ကုသမှုမှာ လများစွာ မှ နှစ်များကြာသည်အထိ အချိန်ယူရနိုင်သည်။ ကုသဆဲကာလတွင်ပင် ရောဂါပြန်ကြွခြင်းများ ကြုံတွေ့နိုင်သည်။ လူတစ်ဦးနှင့်တစ်ဦး ရောဂါပြန်ဖြစ်စေသော အကြောင်းအရာများ မတူညီနိုင်ပေ။ အချိန်ယူစောင့်ကြည့်ရန် လိုအပ်သည်။
အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည်။
- အရေပြားအစိုဓာတ် ထိန်းသိမ်းခြင်း – အရေပြားအစိုဓါတ်ထိန်း လိမ်းဆေးများကို တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်လိမ်းပေးရမည်။ အမွှေးနံ့ မပါသော၊ မိမိနှင့်ကိုက်ညီသောလိမ်းဆေးကို ရွေးချယ်သုံးစွဲရမည်။ နှင်းခူနေရာတွင်သာမက တစ်ကိုယ်လုံးလူးသင့်သည်။ သုံးစွဲပုံ၊ ဆေးဘူးထိန်းသိမ်းပုံတို့ကို သက်ဆိုင်ရာအညွှန်းအတိုင်း လိုက်နာသုံးစွဲရမည်။
- ရေချိုးခြင်း – အရေပြားပေါ်ရှိ ပိုးမွှားများလျော့ကျစေရန် ရေပုံမှန်ချိုးရမည်၊ ရေအေးနှင့်သာချိုးရမည်။ ဆပ်ပြာမသုံးသင့်၊ ရေချိုးဆီ (bathing oil)နှင့်ချိုးနိုင်သည်။
- ရေချိုးပြီးလျှင် အဝတ်နှင့် ညင်သာစွာ တို့၍သုတ်ခြင်း၊ ရေအကုန်အစင်မခြောက်မီ အစိုဓါတ်ထိန်း လိမ်းဆေးများ လိမ်းခြင်း စသည်တို့ကို ပြုလုပ်ရမည်။
- သိုးမွှေး၊ နိုင်လွန်စသော အဝတ်အထည်၊ အသုံးအဆောင်များသည် ပွတ်တိုက်မိစေခြင်း၊ အပူချိန်တက်စေခြင်းတို့ကြောင့် မသုံးစွဲသင့်၊ ချည်ထည်များကိုသာ သုံးသင့်သည်။
- ပတ်ဝန်းကျင်ကို အေးမြ၍ စိုထိုင်းမှုအားကောင်းအောင် ထားရမည်၊ အလွန်ပူသောနေရာများကို ရှောင်ကြဉ်ရမည်။
- ယားယံခြင်းအတွက် ဘာမီတွန်ကဲ့သို့ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သုံးစွဲနိုင်သည်။
- အလွန်ယားယံလျှင် ရေဆေးခြင်း၊ ရေအေးဝတ်ကပ်ခြင်းများ ပြုလုပ်ပေးရမည်။
- သက်သာချောင်ချိသော အဝတ်အထည်များ ဝတ်ဆင်ရမည်။
- တတ်နိုင်သမျှ မကုတ်ရန် သတိထားရမည်၊ လက်သည်း၊ ခြေသည်းညှပ်ခြင်း၊ ခြေအိတ်၊ လက်အိတ်များ ဝတ်ခြင်းများပြုလုပ်ရမည်။
- လက်မှတဆင့် ပိုးဝင်ခြင်းကိုကာကွယ်ရန် မကြာခဏလက်ဆေးရမည်။ လက်များတွင် နှင်းခူရှိလျှင် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လက်သန့်ရှင်းရေးပြုလုပ်ရမည်။
- ရောဂါပြန်ကြွခြင်းဖြစ်လျှင် ဓါတ်မတည့်သော၊ ရောဂါ ပြန်ဖြစ်စေသော အရာကို ရှာဖွေဖယ်ရှားရမည်။
ဆရာဝန်နှင့်ပြသသောအခါ စတီးရွိုက်အရောင်ကျဆေး (လိမ်းဆေး၊ သောက်ဆေး)၊ ဆေးပတ်တီးစည်းခြင်း၊ အလင်းကုထုံးများ၊ ကိုယ်ခံအားထိန်းညှိဆေး စသည်တို့ကို ရောဂါလိုအပ်ချက်အလိုက် ကုသမှုများ ပေးနိုင်သည်။ စိတ်ဖိစီးမှုနှင့်နှင်းခူတို့သည် တစ်ခုရှိလျှင် အခြားတစ်ခုသည် အပြန်အလှန် ပိုမိုဆိုးရွားစေနိုင်သဖြင့် လိုအပ်လျှင် သက်ဆိုင်ရာပညာရှင်တို့၏ ကုသမှုကို ခံယူရမည်။ နှင်းခူဖြစ်သော ကလေးအများစုမှာ အချိန်ကာလတစ်ခုအကြာတွင် သက်သာပျောက်ကင်းလေ့ရှိသည်။ သို့သော် ရောဂါပြန်ကြွခြင်းများ ဖြစ်တတ်သဖြင့် (အထူးသဖြင့် လူကြီးများတွင်) အချိန်ယူကာ စောင့်ကြည့်ကုသရန် လိုအပ်သည်။
References:
- Atopic dermatitis (eczema) – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/atopic-dermatitis-eczema/symptoms-causes/syc-20353273
- Eczema. (2024). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/diseases/9998-eczema
- Clinical Practice Guidelines : Eczema. (n.d.). Retrieved June 26, 2024, from https://www.rch.org.au/clinicalguide/guideline_index/eczema/
- Eczema: Symptoms, Causes, and Treatment. (2024). WebMD. Retrieved June 26, 2024, from https://www.webmd.com/skin-problems-and-treatments/eczema/atopic-dermatitis-eczema
- NICE. (n.d.). CKS is only available in the UK. Retrieved June 26, 2024, from https://cks.nice.org.uk/topics/eczema-atopic
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.