အဖျားကြီး၍ တက်ခြင်းသည် ကလေးများတွင် အတွေ့ရများသော အခြေအနေတစ်ခုဖြစ်သည်။ အဖျား ကြီး၍တက်ခြင်းသည် နောက်ခံရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ တစ်ခုမျှမရှိသော ပုံမှန်ကျန်းမာ ဖွံ့ဖြိုးနေသည့် ကလေးများတွင်လည်း ဖြစ်ပွားနိုင်သည်။ ကလေး အယောက် (၃၀)တွင် (၁)ယောက်သည် အဖျားကြီး၍ တက်နိုင် သည်။ ယေဘုယျအားဖြင့် တက်ခြင်းသည် မိဘများနှင့် ဆရာဝန် အပါအဝင် မြင်တွေ့ရသူများအတွက် ထိတ်လန့်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ အခြေနေတစ်ခု ဖြစ်သော်လည်း အဖျားကြီး၍တက်ခြင်းသည် ကလေးကို အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေပါ။ ကလေး၏ဦးနှောက်နှင့် အသိဥာဏ်တို့ကိုလည်း ထိခိုက်စေနိုင်ခြင်း မရှိပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးငယ်၏ ဖွံ့ ဖြိုးဆဲဦးနှောက်သည် ပို၍တက်နိုင်ခြေများသည်။ ကိုယ်အပူချိန်မြင့်တက်ခြင်း ကဲ့သို့သော ဦးနှောက်လှုံ့ဆော်ချက်များနှင့်တွေ့လျှင် ပို၍တက်နိုင်သည်။ လေ့လာချက်များအရ အဖျားကြီး၍ တက်ခြင်းနှင့်ဆိုင်သော မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များစွာလည်း တွေ့ရှိရသည်။ မိသားစုဝင်များတွင် အဖျားကြီး၍ တက်ဖူးလျှင် ကလေးတွင် ဖြစ်နိုင်ခြေပိုများသည်။ ကလေးများတွင် မပြင်းထန်သော ရောဂါပိုးများ အထူးသဖြင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးများကြောင့် အများဆုံး ဖျားနာကြပြီး ထိုမှတဆင့် တက်နိုင်သည်။ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုးနှင့် ရေယုန်ဗိုင်းရပ်စ်ပိုးများသည် အဖျားကြီး၍တက်ခြင်းနှင့် ပိုမိုဆက်စပ်နေသည်ကို တွေ့ရသည်။ ဘက်တီးရီးယားပိုးကြောင့် အဖြစ်နည်းသည်။ ထို့ကြောင့် ပဋိဇီဝပိုးသတ်ဆေးများလည်း လိုလေ့မရှိပါ။
ကာကွယ်ဆေးထိုးပြီးနောက် ဖျား၍ တက်ခြင်းများလည်းရှိသည်။ ထိုသို့တက်ခြင်းမှာ အဖျားရှိခြင်းကြောင့် တက်ခြင်းသာဖြစ်သည်။ ကာကွယ်ဆေးကြောင့် တက်ခြင်းမဟုတ်ပါ။
ရောဂါလက္ခဏာများ
ကလေးအဖျားကြီး၍တက်ခြင်းသည် ကလေး အသက်(၆)လမှ အသက်(၆)နှစ်အတွင်း ဖြစ်ပွားသည်။ အထူးသဖြင့် ကလေးအသက် (၁၂)လ မှ (၁၈)လအတွင်း အဖြစ်များသည်။ ယောကျ်ားလေးများတွင် ပိုမိုဖြစ်ပွား လေ့ရှိသည်။ အဖျားကြီး၍တက်သောလက္ခဏာများမှာ –
- စဖျားပြီး (၂၄)နာရီအတွင်း တက်လေ့ရှိသည်။
- အတက်ပုံစံမှာ ခြေ၊ လက် လေးဘက်လုံး (ခန္ဓာကိုယ် နှစ်ဘက်လုံး) တူညီစွာ တောင့်ခြင်း၊ တုန်ခြင်း များဖြစ်တတ်သည်။
- အတက်သည် (၅)မိနစ်ထက်ပို၍ ကြာလေ့မရှိ။
- ကလေးမျက်နှာ နီခြင်း၊ ပြာခြင်းများဖြစ်နိုင်သည်။ မိနစ်ပိုင်းခန့် သတိလစ်နိုင်သည်။
- အတက်ကျပြီးနောက် အလွန်အမင်း မှိန်းခြင်းမရှိဘဲ လန်းလန်းဆန်းဆန်းရှိသည်။
- တစ်ခါဖျားလျှင် တစ်ကြိမ်သာ တက်လေ့ရှိသည်။
- ကိုယ်အပူချိန် အလွန်မြင့်မားသည့်အချိန်တွင် အတက်များသော်လည်း အချို့တွင် ကိုယ်ငွေ့ငွေ့ပူရုံဖြင့် တက်ခြင်း၊ တက်သည့်အခါတွင်မှ ကလေးဖျားနေကြောင်း သိရခြင်းများဖြစ်နိုင်သည်။
အဖျားကြီး၍ တက်သောကလေးများတွင် အောက်ပါတက်ခြင်းမျိုးလည်း တစ်ခါတစ်ရံတွေ့ရသည်။ ဤသို့ တက်ခြင်းမျိုးကို သာမန်မဟုတ်သော အဖျားကြီး၍တက်ခြင်း (atypical febrile seizures/ complex febrile seizure) ဟုခေါ်သည်။
- စဖျားပြီး (၂၄)နာရီကျော်မှ တက်ခြင်း
- အတက်သည် (၁၀)မိနစ်ထက် ပိုကြာခြင်း
- ခြေ (သို့မဟုတ်) လက် (သို့မဟုတ်) ကိုယ်တစ်ခြမ်းသာတက်ခြင်း စသည်တို့ဖြစ်သည်။
အထက်ပါ အတက်လက္ခဏာများမှလွဲ၍ တခြားအတက်ပုံစံများနှင့် တခြားဦးနှောက်အာရုံကြော လက္ခဏာများ တွေ့ရလေ့မရှိပါ။ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပေါ်သော သာမန်အအေးမိနှာစေးချောင်းဆိုး လက္ခဏာများကိုမူ တွေ့ရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အဖျားကြီး၍ တက်ခြင်းသည် အသက် (၆)နှစ်မတိုင်မီ ပျောက်ကင်းလေ့ရှိသည်။ အဖျားကြီး၍ တက်တတ်သော ကလေးအများစုတွင် ရေရှည်ကျန်းမာရေး ပြဿနာများ ဖြစ်ပွားလေ့ မရှိပါ။ ဦးနှောက်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် ဖွံ့ဖြိုးမှုများကို မထိခိုက်ပါ။
အဖျားကြီး၍တက်သော ကလေးများတွင် အဓိကကြုံတွေ့ရတတ်သော ပြဿနာမှာ အသက် (၆)နှစ်မတိုင်မီ နောက်တစ်ကြိမ် ဖျားလျှင်တက်တတ်ခြင်းဖြစ်သည်။ အဖျားကြီး၍ တစ်ကြိမ်တက်ဖူးသောကလေးများတွင်_
- မိဘ၊ ညီအစ်ကိုမောင်နှမ အရင်းများတွင် ဖျားပြီးတက်ဖူးခြင်း
- အသက်တစ်နှစ်အောက်အရွယ်တွင် စ၍တက်ခြင်း
- ကိုယ်ပူတအားမကြီးဘဲ တက်ခြင်း
- စဖျားသည့်အချိန်နှင့် တက်သည့်အချိန်ကြား ကွာဟချိန်နည်းခြင်း (တစ်ခါတစ်ရံ တက်ပြီးမှ ဖျားနေကြောင်းသိရခြင်း) တို့ရှိလျှင် နောက်တစ်ကြိမ် ဖျား၍ တက်နိုင်ခြေများသည်။
အထက်ပါ အချက်များမရှိလျှင် နောက်တစ်ကြိမ်ဖျားပြီးတက်နိုင်ခြေသည် (၄%)ခန့်သာရှိသော်လည်း အထက်ပါအချက်များရှိလျှင် အချက်အရေအတွက်ပေါ်မူတည်ပြီး (၂၀%)မှ (၇၅%) ခန့်အထိ ရှိနိုင်သည်။
အဖျားကြီး၍ တက်သောကလေးအများစုတွင် ကလေးကြီးလာသောအခါ အတက်ရောဂါ (Epilepsy) ဆက်လက် ဖြစ်ပွားခြင်းမရှိပါ။ သို့သော် အောက်ပါအချက်များရှိသော ကလေးများတွင် အတက်ရောဂါ ဖြစ်နိုင်ခြေ အနည်းငယ်ပိုများသည်။
- မိဘ၊ ညီအစ်ကို၊ မောင်နှမ အရင်းအခြာများတွင် (မဖျားဘဲတက်သော) အတက်ရောဂါရှိခြင်း
- ကလေးသည် ဖွံ့ဖြိုးမှုနောက်ကျနေခြင်း
- သာမန်မဟုတ်သော ဖျား၍တက်ခြင်း (complex febrile seizure) တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးတက်ခြင်းသည် (၅)မိနစ်ကြာသည်အထိ မကျလျှင်၊ တက်ခြင်းနှင့်အတူ အန်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အလွန်မှိန်းခြင်း၊ နှိုးမရခြင်း၊ ငယ်ထိပ်ဖေါင်းတင်းနေခြင်းများရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်ပြသရမည်။ ပထမဦးဆုံးအကြိမ်တက်သော ကလေးကိုလည်း အထက်ပါလက္ခဏာများ မရှိသည့်တိုင်အောင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်၊ ကလေး၏ ဖွံ့ဖြိုးမှုအခြေအနေ၊ ကာကွယ်ဆေးထိုးထားခြင်း ရှိမရှိ စသည်တို့ကို မေးမြန်းပြီး ကလေးကို စမ်းသပ်ကာ ဦးနှောက်ပိုးဝင်ခြင်း၊ အတက်ရောဂါဖြစ်နိုင်ခြေ ရှိမရှိကို စစ်ဆေးသည်။ အဓိကအားဖြင့် ဖျားခြင်း၏ နောက်ခံအကြောင်းရင်းကို ရှာဖွေရန်သာ လိုအပ်သည်။ အဖျားကြီး၍တက်သူ ကလေးအများစုသည် မပြင်းထန်သော ပိုးဝင်ခြင်းသာဖြစ်၍ ဓါတ်ခွဲစစ်ဆေးမှုများ မလိုအပ်ပါ။
ကုသခြင်း
ရှေးဦးကုသခြင်း
တက်နေသောကလေးကို ရှေးဦးကုသခြင်း (first-aids for seizures in children)
အဖျားကြီး၍တက်သော ကလေးများအတွက် သီးခြားကုသချက် မလိုအပ်ပါ။ တက်နေသောအချိန်နှင့် တက်ပြီးစအချိန်များတွင် စနစ်တကျပြုစုစောင့်ရှာက်ရန်သာ လိုအပ်သည်။ ဖျားခြင်း အတွက် ပါရာစီတမော တိုက်ခြင်း၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
အဖျားကြီး၍တက်ခြင်း မဖြစ်ပွားရန် ကာကွယ်၍ မရပါ။ ကိုယ်ပူကျဆေးများ တိုက်ကျွေးခြင်းသည် ကလေး၏ အပူချိန်လျော့ကျစေရန် နှင့် သက်တောင့်သက်သာရှိစေရန်သာ ကူညီပေးသည်။ ကလေးလုံးဝ မတက်စေရန် မပြုလုပ်ပေးနိုင်ပါ။
အတက်ကျဆေးများသည် အဖျားကြီး၍ တက်ခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်းမရှိပါ။ ထိုဆေးများသည် အတက်ရောဂါများအတွက်သာ ရေရှည်သောက်သုံးရသည့် ဆေးများဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သောကြောင့် မလိုအပ်ဘဲ မသောက်သင့်ပါ။ အရေးကြီးသည်မှာ မိမိကလေးတက်နေချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် ရှေးဦးကုသပေးခြင်းဖြစ်ပြီး လိုအပ်လျှင် ဆေးရုံဆေးခန်းများသို့ ဆက်လက်ပြသခြင်း ဖြစ်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.