Genital herpes (လိင်အင်္ဂါ ရေယုန်)

Genital herpes (လိင်အင်္ဂါ ရေယုန်)

လိင်အင်္ဂါရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်းရပ်စ်ပိုး (herpes simplex virus) ကြောင့်ဖြစ်ပြီး လိင်ဆက်ဆံခြင်း မှတစ်ဆင့် ကူးစက်သည့်ရောဂါတစ်မျိုး ဖြစ်သည်။ လိင်အင်္ဂါတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ အနာဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ သို့သော် တချို့တွင် ရောဂါကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြပါ။ လိင်အင်္ဂါရေယုန်ကို ပျောက်ကင်းအောင်ကုသနိုင်သည့် သီးခြားဆေးဝါးများ မရှိသေးပါ။ လိင်အင်္ဂါရေယုန်သည် တစ်ကြိမ်ဖြစ်ပြီးသော်လည်း ထပ်မံဖြစ်ပွားနိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံစဉ် အကာအကွယ်သုံးခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်

Genital Herpes IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လိင်အင်္ဂါရေယုန်သည် ရေယုန်ဗိုင်းရပ်စ်ပိုး အမျိုးအစား (၁)နှင့် (၂) (HSV-1, HSV-2) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ လိင်အင်္ဂါရေယုန် ကူးစက်ခံထားရသောသူတွင် ရောဂါလက္ခဏာများ မပြသော်လည်း တစ်ခြားသူများသို့ ကူးစက်နိုင်သည်။ အမျိုးအစား (၁) ရေယုန်ဗိုင်းရပ်စ်ပိုး (HSV-1)သည် ပါးစပ်ရေယုန်ကို အဓိကဖြစ်ပေါ်စေပြီး ပါးစပ်မှတစ်ဆင့် သို့မဟုတ် အရေပြားချင်း ထိတွေ့ခြင်းမှတစ်ဆင့် တခြားသူများသို့ ကူးစက်ခြင်းဖြစ်သည်။ အမျိုးအစား (၂) ရေယုန်ဗိုင်းရပ်စ်ပိုး (HSV-2)သည် လိင်အင်္ဂါရေယုန်ကို အဓိကဖြစ်ပေါ်စေပြီး လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော လူအများစုသည် ရောဂါလက္ခဏာများ မခံစားရသောကြောင့် ရောဂါရှိမှန်း သတိမထားမိကြပါ။ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး (၂)ရက်မှ (၁၂)ရက်အတွင်း အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  • လိင်အင်္ဂါတစ်ဝိုက်တွင် နာကျင်ခြင်း သို့မဟုတ် ယားယံခြင်း
  • လိင်အင်္ဂါ၊ စအို၊ ပါးစပ်တစ်ဝိုက်တွင် အရည်ကြည်ဖုလေးများ ဖြစ်ခြင်း
  • အရည်ကြည်ဖုများ ပေါက်ထွက်ပြီး နာကျင်သော အနာဖြစ်ခြင်း
  • အနာကျက်ပြီးနောက် အနာဖေးများဖြစ်ခြင်း
  • ဆီးသွားသည့်အခါ နာကျင်ခြင်း
  • လိင်အင်္ဂါမှ အရည်များထွက်ခြင်း

ပထမဆုံးအကြိမ် စတင်ဖြစ်ပွားပါက အောက်ပါလက္ခဏာများပါတွေ့ရှိရသည်။

  • ကိုယ်ပူခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း စသည်တို့ ခံစားရနိုင်သည်။
Genital Herpes IMG
နောက်ဆက်တွဲပြဿနာများ
  • တခြားသော လိင်မှတစ်ဆင့်ကူးစက်နိုင်သည့် ရောဂါများ ကူးစက်နိုင်ခြေများခြင်း
  • မိခင်မှတစ်ဆင့် ကလေးသို့ ကလေးမွေးဖွားစဉ် ကူးစက်ခြင်း
  • ကူးစက်ခံထားရသောကလေးတွင် ကြီးထွားဖွံ့ဖြိုးမှု သို့မဟုတ် ဦးနှောက်ပိုင်းဆိုင်ရာတွင် ပြဿနာများဖြစ်ပေါ်နိုင်ခြင်း
  • ဆီးလမ်းကြောင်း၊ အူမကြီး၊ အမျိုးသမီးအင်္ဂါ၊ သားအိမ်ခေါင်း၊ သားအိမ် စသည်တို့ ရောင်ရမ်းခြင်း
  • Herpetic whitlow ဟုခေါ်သော လက်ရေယုန်ရောဂါဖြစ်ခြင်း
  • မျက်လုံးသို့ ကူးစက်၍ မျက်လုံးနီခြင်း၊ နာခြင်း၊ အမြင်ဝေဝါးခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်း
  • ဦးနှောက်ရောင်ခြင်း (encephalitis)
  • သွေးမှတစ်ဆင့် ပျံ့နှံ့၍ ကိုယ်တွင်းအင်္ဂါများသို့ ကူးစက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် လွယ်ကူစွာ ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် လိင်ဆက်ဆံခြင်း ရှိမရှိ မေးမြန်းခြင်း)နှင့် လူနာကို စမ်းသပ်ခြင်းဖြင့် လွယ်ကူစွာ ရောဂါရှာဖွေနိုင်သည်။ လိုအပ်ပါက ရောဂါပိုမိုသေချာစေရန် အနာမှအရည်ကိုယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် သိနိုင်သည်။ ထို့နောက် တခြား လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ရှိမရှိကို စစ်ဆေးရှာဖွေရမည်။

ကုသခြင်း

လိင်အင်္ဂါရေယုန်ကို လုံးဝပျောက်ကင်းအောင် ကုသသည့် သီးခြားဆေးဝါးများမရှိပါ။ ဗိုင်းရပ်စ် ပိုးသတ်ဆေးများပေးခြင်းဖြင့် အောက်ပါကောင်းကျိုးများကို ရရှိနိုင်သည်။

  • ပထမအကြိမ် စတင်ဖြစ်ပွားလျှင် အနာကျက်မြန်ခြင်း
  • နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခြင်းကို လျှော့ချနိုင်ခြင်း
  • နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားသည့်အခါ ရောဂါပြင်းထန်ခြင်းနှင့် ကြာချိန်ကို လျှော့ချနိုင်ခြင်း
  • တခြားသူများသို့ ကူးစက်ခြင်းကို လျှော့ချနိုင်ခြင်း

အသုံးများသည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများမှာ –

  • Acyclovir
  • Famciclovir
  • Valacyclovir

ဗိုင်းရပ်စ်ပိုးသတ်ဆေးများပေးရာတွင် လိမ်းဆေး မဟုတ်ဘဲ သောက်ဆေးဖြင့် ကုသရန် လိုအပ်သည်။ မိမိ၏ရောဂါပြင်းထန်သည့် အခြေအနေပေါ်မူတည်၍ ဗိုင်းရပ်စ်ပိုးသတ်ဆေး ပမာဏနှင့် အချိန်ကာလ ကွာခြားနိုင်သည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အတိအကျ သောက်သုံးရန် လိုအပ်သည်။

ကာကွယ်ခြင်း

လိင်အင်္ဂါရေယုန်ကို ကာကွယ်ရမည့် နည်းလမ်းများသည် တခြားသော လိင်မှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရမည့် နည်းလမ်းများနှင့် တူညီသည်။

  • မိမိ၏ လိင်ဆက်ဆံမည့် အဖော်တစ်ယောက်သာ ထားရှိခြင်း
  • မိမိ၏ အဖော်ကို လိင်မှတစ်ဆင့် ကူးစက်တက်သော ရောဂါများ ရှိမရှိ စစ်ဆေးခြင်း
  • လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးအသုံးပြုခြင်း
  • မိမိ၏အဖော်တွင် လိင်အင်္ဂါရေယုန်ဖြစ်နေစဉ် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း

References:

  1. Genital herpes – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/genital-herpes/symptoms-causes/syc-20356161
  2. Genital herpes – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 8, 2024, from https://www.mayoclinic.org/diseases-conditions/genital-herpes/diagnosis-treatment/drc-20356167

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.