မှဲ့သည် အရေပြားတွင် တွေ့ရလေ့ရှိသော အမှတ်အသားတစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့် သေးငယ်ပြီး အနီရောင်၊ အညိုရင့်ရောင် အမှတ်များအနေဖြင့် တွေ့ရတတ်သည်။ လူအများစုတွင် ကလေးဘဝမှ ဆယ်ကျော်သက်အရွယ်အထိ မှဲ့ပေါင်း (၁၀)ခု မှ (၄၅)ခုအထိ ပေါ်တတ်သည်။ မှဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ ပုံစံပြောင်းခြင်း၊ အရောင်ပြောင်းခြင်းများ ဖြစ်နိုင်သည်။
မှဲ့အများစုသည် အန္တရာယ်မရှိသော်လည်း အချို့သောမှဲ့များသည် ကင်ဆာအဖြစ်သို့ ပြောင်းနိုင်သည်။ မှဲ့ကင်ဆာသည် အန္တရာယ်အရှိဆုံး အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီး သေဆုံးနိုင်ခြေအများဆုံးဖြစ်သည်။ လျင်မြန်စွာကြီးထွားနိုင်ပြီး အခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်သည်။ ပြင်းထန်သောကင်ဆာ အမျိုးအစားဖြစ်သော်လည်း စောစီးစွာသိရှိပါက အချိန်မီကုသနိုင်သဖြင့် မှဲ့များ၏ ပုံမှန်မဟုတ်သော ဖြစ်ပေါ်ပြောင်းလဲမှုများကို သတိထားမိရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မှဲ့အများစုသည် မွေးရာပါဖြစ်သော်လည်း အချို့သည် တဖြည်းဖြည်းခြင်း ပေါ်လာတတ်သည်။ မှဲ့နှင့် မှဲ့ကင်ဆာဖြစ်စေသည့် အကြောင်းရင်းများကို အတိအကျမသိနိုင်သော်လည်း ခရမ်းလွန်ရောင်ခြည်နှင့် ကြာရှည်စွာထိတွေ့မှုကြောင့် ပို၍ဖြစ်နိုင်ခြေများသည်။ ခရမ်းလွန်ရောင်ခြည်ကို နေရောင်ခြည် (သို့မဟုတ်) နေလောင်ခံအိပ်ယာနှင့် မီးအိမ်များ (Tanning beds and lamps)တွင် တွေ့ရသည်။ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် မှဲ့ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- မှဲ့ကင်ဆာ ဖြစ်ဖူးသူများ
- မိသားစုတွင် မှဲ့ကင်ဆာ ဖြစ်ဖူးသူများ
- အသားဖြူသူများ၊ မှဲ့နှင့် မှဲ့ခြောက်များစွာရှိသူများ
- နေရောင်နှင့် ထိတွေ့မှုများသောဒေသများတွင် နေထိုင်သူများ
- ပုံသဏ္ဌာန်နှင့် အရွယ်အစား ပုံမမှန်သည့် မှဲ့များရှိသူများ
- ကိုယ်ခံအားနည်းသူများ
ရောဂါလက္ခဏာများ
မှဲ့များကို အများအားဖြင့် အနီရောင်၊ အညိုရောင်အကွက်၊ အစက်များအနေဖြင့် တွေ့နိုင်သကဲ့သို့ တစ်ခါတစ်ရံ အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားမျိုးစုံ တွေ့ရနိုင်သည်။ ဦးရေပြားနှင့် ချိုင်းကြားများ၊ လက်သည်းအောက်နှင့် လက်ချောင်းများ၊ ခြေချောင်းများကြား အပါအဝင် ခန္ဓာကိုယ်ပေါ် ရှိ မည်သည့်နေရာတွင်မဆို တွေ့နိုင်သည်။
- အရောင်နှင့်အသွင်အပြင် – မှဲ့များကို အညိုရောင်၊ အနက်ရောင်၊ အပြာရောင်၊ အနီရောင် (သို့မဟုတ်) ပန်းရောင် စသည်ဖြင့် အရောင်မျိုးစုံ တွေ့နိုင်သည်။ ထိုမှဲ့များအား ချောမွေ့သောမျက်နှာပြင် (သို့မဟုတ်) တွန့်ခေါက်နေသော မျက်နှာပြင်များ အနေဖြင့် တွေ့ရသည်။ ထို့ပြင် ချပ်ပြား (သို့မဟုတ်) ဖောင်းကြွ အနေဖြင့်လည်း တွေ့နိုင်သည်။ တစ်ခါတစ်ရံ အမွှေးများ ပေါက်နေတတ်သည်။
- ပုံသဏ္ဌာန် – ယေဘုယျအားဖြင့် ဘဲဥပုံ (သို့မဟုတ်) အဝိုင်းပုံစံဖြင့် တွေ့ရသည်။
- အရွယ်အစား – ပုံမှန်အားဖြင့် (၆) မီလီမီတာခန့် ရှိသည်။ ဆယ်ကျော်သက်အရွယ်နှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအပြောင်းအလဲကြောင့် ၎င်းတို့သည် ပိုမိုနက်မှောင်လာပြီး ပိုကြီးလာနိုင်သည်။
- မွေးရာပါမှဲ့ (congenital nevus)ပါသော အချို့သူများတွင် မှဲ့များသည် ပိုကြီးပြီး မျက်နှာ၊ ကိုယ်လုံး (သို့မဟုတ်) ခြေ၊ လက် တစ်ချောင်းလုံးအထိ ဖုံးအုပ်ထားတတ်သည်။
မှဲ့ကင်ဆာဟု ယူဆနိုင်သော ပုံမှန်မဟုတ်သည့်မှဲ့များ
မှဲ့အသစ် ရုတ်တရက်ဖြစ်လာခြင်း သို့မဟုတ် မူရင်းရှိသောမှဲ့တွင် ပြောင်းလဲမှု ဖြစ်ခြင်းများသည် မှဲ့ကင်ဆာ၏ လက္ခဏာများ ဖြစ်နိုင်သည်။ မှဲ့ကင်ဆာသည် ခန္ဓာကိုယ်၏နေရာအနှံ့တွင် ဖြစ်နိုင်သော်လည်း နေရောင်နှင့် ထိတွေ့မှုများသော နေရာများတွင်ပို၍ ဖြစ်နိုင်သည်။ အချို့ရှားပါးသော အမျိုးအစားများတွင် မျက်လုံး၊ ခြေဖဝါး၊ လက်ဖဝါးနှင့် လိင်အင်္ဂါများတွင် ဖြစ်နိုင်သည်။
မှဲ့ကင်ဆာ ဟုတ်မဟုတ် အောက်ဖော်ပြပါအချက်အလက်များကို ကြည့်၍ ခန့်မှန်းနိုင်သည်။
- မှဲ့၏ တစ်ခြမ်းနှင့် တစ်ခြမ်း အချိုးအစား မတူညီခြင်း
- မှဲ့၏ အနားသတ်များ ပုံမမှန်ဖြစ်ခြင်း
- မှဲ့၏အရောင် ပြောင်းလဲသွားခြင်း
- မှဲ့၏အရွယ်အစား (၆) မီလီမီတာထက် ကြီးလာခြင်း သို့မဟုတ် မှဲ့အသစ်ဖြစ်လာခြင်း
- မှဲ့သည် အရေပြားမျက်နှာပြင်ထက် ဖောင်းကြွလာခြင်း
- မှဲ့မှ သွေးထွက်ခြင်း သို့မဟုတ် ယားယံခြင်းကဲ့သို့ လက္ခဏာအသစ်များ ဖြစ်ပေါ်လာခြင်း
မှဲ့ကင်ဆာများသည် ပုံသဏ္ဌာန်အားဖြင့် များစွာကွဲပြားသည်။ အချို့တွင် အထက်ဖော်ပြပါ ပြောင်းလဲမှု အားလုံးကို တွေ့နိုင်သော်လည်း အချို့တွင်မူ တစ်ခု (သို့မဟုတ်) နှစ်ခုသာ ရှိနိုင်သည်။ တချို့သောသူများတွင် လက္ခဏာများကို စောစီးစွာသတိထားမိသော်လည်း အချို့တွင် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သောအခါမှ သိရှိခြင်းဖြစ်နိုင်သည်။ ထို့အပြင် ကုသမှုပြီးသွားပြီးသည့် နောက်ပိုင်းတွင်မှ ပြန်ဖြစ်နိုင်သည်။ မှဲ့ကင်ဆာသည် ခန္ဓာကိုယ်နေရာအနှံ့သို့ ပျံ့နှံ့နိုင်သော်လည်း အဖြစ်များသောနေရာများမှာ ပြန်ရည်ကျိတ်များ၊ အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက်နှင့် ဝမ်းဗိုက်တို့ဖြစ်သည်။ ပျံ့နှံ့သည့် အင်္ဂါအစိတ်အပိုင်းပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွာခြားသည်။
တွေ့နိုင်သောလက္ခဏာများမှာ
- ပြန်ရည်ကျိတ်များ ရောင်ခြင်း၊ မာလာခြင်း
- အရေပြားတွင် အဖုဖြစ်လာခြင်း
- နုံးခြင်း၊ နာကျင်ခြင်း
- အကြောင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- ချောင်းဆိုးခြင်း၊ မောခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အဆုတ်အမြှေးပါးအတွင်းရေဝင်ခြင်း
- ရေဖျဥ်းစွဲခြင်း၊ ဗိုက်နာခြင်း၊ အသားဝါခြင်း
- ခါးနာခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ သွေးအားနည်းခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်အားနည်းခြင်း တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိခြင်း၊ မှဲ့ပုံစံတွင် ရုတ်တရက်ပြောင်းလဲခြင်းများ ရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ မှဲ့မှ အသားစယူ၍ စစ်ဆေးခြင်းတို့ဖြင့် ရောဂါကိုရှာဖွေနိုင်သည်။ အသားစအဖြေပေါ် မူတည်၍ ပြန်ရည်ကျိတ် အသားစယူ၍ စစ်ဆေးခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ပီအီးတီ စကင်န်(PET Scan)ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
မှဲ့ကင်ဆာကိုကုသရာတွင် ဖြစ်သည့်နေရာ၊ ပျံ့နှံ့ခြင်းရှိမရှိနှင့် ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်သည်။ မှဲ့ကင်ဆာကို ကုသရာတွင် ခွဲစိတ်ကုသခြင်းသည် အဓိကဖြစ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးများသွင်း၍ ကုသခြင်းတို့ကိုလည်း လိုအပ်လျှင် သုံးနိုင်သည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် အဓိကကုသမှု ဖြစ်သည်။ အခြားသောနေရာများသို့ ပျံ့နှံ့မှုရှိခြင်း၊ မှဲ့အား ဖယ်ရှားပြီးနောက် ပြန်ဖြစ်ခြင်းတို့ရှိလျှင် ထိုအခါမျိုးတွင် ခွဲစိတ်ကုသမှုလုပ်ရသည်။ ခွဲစိတ်ရာတွင် ရောဂါအခြေအနေပေါ် မူတည်၍ မှဲ့နှင့် ဘေးပတ်လည်ရှိ အရေပြားများအား ခွဲစိတ်ဖယ်ရှားခြင်း၊ ပြန်ရည်ကျိတ်များအား ဖယ်ရှားခြင်း၊ ကင်ဆာဆဲလ်ပြန့်နေသော ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို ခွဲစိတ်ခြင်းတို့ဖြစ်သည်။
ဓာတ်ရောင်ခြည်ပေး၍ကုသခြင်း
ထိုကုသမှုအား မှဲ့ကင်ဆာ၏ အရွယ်အစား သေးသွားစေရန်နှင့် ရောဂါလက္ခဏာများအား သက်သာစေရန် အသုံးပြုသည်။ ဓာတ်ရောင်ခြည်ပေး၍ ကုသရာတွင် တစ်ကြိမ် (သို့မဟုတ်) အကြိမ်ပေါင်းများစွာ ပေးရနိုင်သည်။ ပေးရမည့်ပမာဏသည် ကုသရမည့်နေရာနှင့် အခြားပျံ့နှံ့မှုများ ရှိမရှိပေါ် မူတည်သည်။
ကင်ဆာဆဲလ်သီးသန့်ပစ်မှတ်ထားကုသခြင်း နှင့် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်း ဖြင့် ကုသခြင်း
ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားသည့်ဆေးများ၊ ကင်ဆာဆဲလ်များအား သေစေရန်အတွက် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိပေးသည့် ဆေးများပေးခြင်းဖြစ်သည်။ ထိုကုသမှုများကို ခွဲစိတ်မရသော ကင်ဆာများ၊ ပြန်ရည်ကျိတ်များသို့ ပျံ့နေသောကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နေသော ကင်ဆာများတွင် ခွဲစိတ်ကုသမှုပေးပြီးနောက် ထပ်၍ပေးလေ့ရှိသည်။
ကင်ဆာဆေးသွင်းကုသခြင်း
ကင်ဆာဆဲလ်များအား သေစေသည့် ဆေးများပေးခြင်းဖြစ်သည်။
ကာကွယ်ခြင်း
ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု၊ နေလောင်မှုများမှ ကာကွယ်ခြင်းဖြင့် မှဲ့ကင်ဆာဖြစ်စေသည့် အခြေအနေများကို လျှော့ချနိုင်သည်။
- နေရောင်ပြင်းသောအချိန်များတွင် နေပူထဲမထွက်ဘဲ အရိပ်ထဲတွင်နေခြင်း
- နေလောင်ခံ မီးအိမ်၊ အိပ်ယာများအား အသုံးပြုခြင်းမှ ရှောင်ကြဥ်ခြင်း
- နေပူထဲသို့ထွက်ပါက ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း
- နေရောင်ကာ လိမ်းဆေးခရင်မ် လိမ်းခြင်း၊ နှုတ်ခမ်းနီ အဆီလိမ်းခြင်း
- ကလေးငယ်များနှင့် အသက် (၆)လအထက် ကလေးများတွင် နေရောင်ကာလိမ်းဆေး (sunscreen)လိမ်းပေးခြင်း တို့ဖြစ်သည်။
မှဲ့ကင်ဆာကို ကုသရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်အတွက် စောစီးစွာသိရှိရန် အရေးကြီးသည်။ ထို့ကြောင့် မှဲ့အသစ်ဖြစ်ခြင်း၊ မှဲ့များတွင် ပြောင်းလဲမှုဖြစ်ခြင်း၊ အနာဖြစ်ခြင်း၊ အရောင်ပြောင်းခြင်းများရှိပါက စောစီးစွာပြသရန် အရေးကြီးသည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.