Tuberculosis (တီဘီရောဂါ)

Tuberculosis (တီဘီရောဂါ)

တီဘီရောဂါဆိုသည်မှာ တီဘီရောဂါဘက်တီးရီးယားပိုး (Mycobacterium tuberculosis)ကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ထိုတီဘီရောဂါပိုးသည် အဓိကအားဖြင့် အဆုတ်သို့ ကူးစက်ပြီး ဦးနှောက်၊ ကျောရိုးမကြီးနှင့် ကျောက်ကပ်စသည့် အခြားကိုယ်တွင်းအင်္ဂါတို့ကိုလည်း ကူးစက်ဝင်ရောက်နိုင်သည်။ တီဘီရောဂါတွင် အဆင့် (၃)ဆင့်ရှိသည်။ တီဘီရောဂါပိုး ဝင်ရောက်သည့်အဆင့် (Primary TB)၊ တီဘီရောဂါပိုး ကိန်းအောင်းနေသည့်အဆင့် (Latent TB)၊ တီဘီရောဂါပိုး ပွားများပြီး မိမိ၌ လက္ခဏာပြကာ၊ အခြားသူများသို့ ကူးစက်သည့် အဆင့် (Active TB) ဟူ၍ (၃)ဆင့် ခွဲခြားထားသည်။ တီဘီရောဂါပိုးနှင့် ထိတွေ့မိတိုင်း တီဘီရောဂါ မဖြစ်ပွားပါ။ အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများနှင့် ခုခံအားကျဆင်းသူများတွင် တီဘီရောဂါ ကူးစက်နိုင်ခြေများသည်။ တီဘီရောဂါကို ပဋိဇီဝပိုးသတ်ဆေး (တီဘီဆေး) သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့ပွားခြင်း ဖြစ်သည်။ Active TB ဖြစ်နေသော လူနာ၏ နှာချေ၊ ချောင်းဆိုး၊ စကားပြောခြင်း၊ သီချင်းဆိုခြင်း (သို့မဟုတ်) ရယ်ခြင်းများမှတစ်ဆင့် အခြားသူများကို လွယ်ကူစွာ ကူးစက်ပျံ့ပွားနိုင်သည်။ ထို့ကြောင့် လူစုလူဝေးများသော နေရာများသည် တီဘီရောဂါ ကူးစက်နိုင်ခြေများသည်။ သို့သော် တီဘီရောဂါပိုး ကူးစက်ခံရသူအများစုသည် မိမိ၏ ခုခံအားစနစ်မှ တီဘီပိုးကို တိုက်ခိုက်သောကြောင့် Active TB အဆင့်သို့မရောက်ဘဲ ရောဂါအောင်းသည့် အဆင့် (Latent TB)တွင် ရှိနေနိုင်သည်။ တချို့သူများသည် ရောဂါအောင်းသည့် အဆင့် (Latent TB) တွင်ရှိပြီး ရောဂါမဖြစ်ဘဲ ဘဝတစ်လျှောက်လုံး နေထိုင်နိုင်သည်။ သို့သော်လည်း Latent TB ရှိနေသူများတွင် မိမိ၏ ခုခံအားစနစ် ကျဆင်းသည့်အခါ Active TB အဆင့်သို့ ကူးပြောင်းနိုင်ပြီး တီဘီရောဂါ ဖြစ်ပွားနိုင်သည်။ Latent TB ဖြစ်နေသူမှ တခြားသူများသို့ တီဘီရောဂါ မကူးစက်ပါ။

တီဘီရောဂါတွင် အဆုတ် တီဘီရောဂါနှင့် အဆုတ်ပြင်ပ တီဘီရောဂါများဖြစ်သော ဦးနှောက်၊ ကျောရိုး၊ အရိုးအဆစ်၊ ကျောက်ကပ်၊ ပြန်ရည်ကျိတ်၊ အဆုတ်အမြှေးပါး တီဘီရောဂါများ ဖြစ်ပွားနိုင်သည်။ သွေးမှတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းများစွာသို့ ပျံ့နှံ့သွားသော တီဘီကို Miliary TBဟုခေါ်သည်။

ရောဂါလက္ခဏာများ

အဆုတ် တီဘီရောဂါ၏ ရောဂါလက္ခဏာပြ၍၊ တခြားသူများသို့ ကူးစက်သည့် အဆင့် Active TB ဖြစ်နေချိန်တွင် ခံစားရမည့် ရောဂါလက္ခဏာများမှာ –

  1. အချိန်ကာလ နှစ်ပတ်နှင့်အထက် ချောင်းဆိုးသလိပ်ပါခြင်း
  2. ချောင်းဆိုး သွေးပါခြင်း
  3. ရင်ဘတ် အောင့်ခြင်း
  4. ပင်ပန်း နွမ်းနယ်ခြင်း
  5. အစာ စားချင်စိတ်မရှိခြင်း
  6. ကိုယ်အလေးချိန် ကျခြင်း
  7. တငွေ့ငွေ့ ဖျားခြင်း
  8. ချမ်းတုန်ခြင်း
  9. ညဘက်တွင် ချွေးထွက်ခြင်း စသည်တို့ ဖြစ်သည်။
    အဆုတ်ပြင်ပ တီဘီရောဂါတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများအပြင် တီဘီပိုး ကူးစက်ဝင်ရောက်သည့် နေရာနှင့် သက်ဆိုင်သော လက္ခဏာများပါ တွေ့နိုင်သည်။

    ဥပမာ –
    • ဦးနှောက်တီဘီ – ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
    • ကျောရိုးတီဘီ – ခါးနာခြင်း၊ ခါးကိုင်းခြင်း၊ ခါးတွင် ဘုပေါ်လာခြင်း၊ ခြေထောက်များ မလှုပ်နိုင်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း
    • အဆစ် တီဘီ – အဆစ်ရောင်ခြင်း၊ ဖောင်းခြင်း
    • ကျောက်ကပ် တီဘီ – ကျောက်ကပ်နေရာ ခါးဘေးတွင် နာခြင်း၊ ဆီးကျဥ်ခြင်း၊ ဆီးနောက်ခြင်း
    • ပြန်ရည်ကျိတ် တီဘီ – လည်ပင်းရှိ အကျိတ်များ ကြီးလာခြင်း
    • အဆုတ်အမြှေးပါး တီဘီ – အဆုတ် အမြှေးအိတ်အတွင်း ရေဝင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း
နောက်ဆက်တွဲပြဿနာများ
  • မသန်စွမ်း ဖြစ်ခြင်း
  • အဆစ်များ ထိခိုက်ပျက်စီးခြင်း
  • အဆုတ် ထိခိုက်ပျက်စီးခြင်း
  • အရိုး၊ ဦးနှောက်၊ ကျောရိုးမ (သို့မဟုတ်) ပြန်ရည်ကျိတ်များ ထိခိုက်ပျက်စီးခြင်း
  • အသည်း (သို့မဟုတ်) ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း
  • နှလုံးကြွက်သားများ ရောင်ရမ်းခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

မိမိတွင် တီဘီရောဂါလက္ခဏာများ ခံစားနေရသည်ဟု ယူဆပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း၊ သလိပ်စစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်း (အထူးသဖြင့် ခုခံအားကျဆင်းသည့်ရောဂါ ရှိမရှိ မေးမြန်းခြင်း၊ ယခင်က တီဘီရောဂါ ဖြစ်ခဲ့ဖူးခြင်း ရှိမရှိ မေးမြန်းခြင်း၊ တီဘီရောဂါရှိသူနှင့် အတူနေထိုင်ခြင်း (သို့မဟုတ်) ပြောဆိုဆက်ဆံခြင်း ရှိမရှိ မေးမြန်းခြင်း)၊ လူနာကို စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်လိမ့်မည်။ ထို့နောက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)၊ သလိပ်တွင် တီဘီရောဂါပိုး စစ်ဆေးခြင်း (Sputum AFB)၊ သွေးစစ်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေသည်။ Latent TBဟု ယူဆပါက အရေပြားမှတစ်ဆင့် တီဘီကိုယ်ခံအား စမ်းသပ်ခြင်း (Tuberculin skin test)၊ သွေးစစ်ဆေးခြင်း [Interferon Gamma Release Assays (IGRA)] စသည်တို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။ မည်သည့် စမ်းသပ်စစ်ဆေးမှုဖြင့် တီဘီရောဂါကို ရှာဖွေသည်ဖြစ်စေ၊ ဖြစ်ပေါ်နေသော လက္ခဏာများကို စမ်းသပ်စစ်ဆေးမှု အဖြေများနှင့် ယှဉ်တွဲစဉ်းစားပြီးမှ တီဘီဆေးဖြင့် ကုသင့်၊ မကုသင့် ဆုံးဖြတ်ရသည်။

ဆေးယဉ်ပါးတီဘီသည် မြန်မာနိုင်ငံတွင် များပြားလာသည့်အတွက် တီဘီပိုးရှာဖွေနေစဉ် တစ်ပြိုင်နက် ဆေးယဉ်ပါးပိုး ဖြစ်မဖြစ်ကို သိနိုင်ရန် သလိပ်မှတစ်ဆင့် Gene Xpertဖြင့် ရှာဖွေလေ့ရှိသည်။
အဆုတ်ပြင်ပ တီဘီရောဂါများကို သံသယရှိပါက သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါနေရာမှ တစ်ရှူး (သို့မဟုတ်) အရည်ကို ရယူ၍ စစ်ဆေးကြသည် (ဥပမာ_အဆုတ်အမြှေးအိတ်အတွင်းမှ အရည်ကိုစုပ်ထုတ် ခြင်း၊ လည်ပင်း အကျိတ်ကို ခွဲစိတ်ထုတ်၍ အသားစပို့ခြင်း စသည်တို့ဖြစ်သည်)။

ကုသခြင်း

တီဘီရောဂါကို ပဋိဇီဝပိုးသတ်ဆေး(တီဘီဆေး)ဖြင့် ကုသနိုင်သည်။ သို့သော် ရောဂါပိုးကိုကင်းစင်စေရန် ကုသရသည့် အချိန်သည် အနည်းဆုံး (၆)လခန့် ကြာမြင့်သည်။ ယနေ့ခေတ် တီဘီကုထုံးတွင် Rifampicin, Isoniazid, Pyrazinamide, Ethambutolစသည့် ဆေးများကို ပေါင်းစပ်ပြီး ဆေးပေါင်းကုထုံးဖြင့် ကုသကြသည်။

တီဘီဆေးသည် ယခုအခါ မြန်မာနိုင်ငံတွင် Fixed Dose Combination (FDC) ဟုခေါ်သည့် ဆေးတစ်လုံးထဲတွင် တီဘီဆေးနှစ်မျိုး (သို့မဟုတ်) နှစ်မျိုးထက်ပိုသော ဆေးများကို ပေါင်းထည့်ထားသည့် ဆေးတွဲများဖြင့် ကုသသောကြောင့် ဆေးသောက်သုံးခြင်းကို ပိုမိုလွယ်ကူစေသည်။ ထို့အပြင် တီဘီဆေးများ ကို အခမဲ့ ထုတ်ဝေကုသပေးနေသည့်အတွက် ဆရာဝန်မှ ရောဂါရှာဖွေသိရှိပါက သက်ဆိုင်ရာ အမျိုးသားတီဘီရောဂါကုဌာနတွင် ကုသမှု ဆက်လက်ခံယူရန် ညွှန်းပို့လိမ့်မည်။

  1. တီဘီ ရောဂါအောင်းနေသည့် အဆင့် (Latent TB)
    မိမိတွင် Latent TB ဖြစ်နေပါက တီဘီဆေး သောက်သုံးရန် လိုအပ်သည်။ အထူးသဖြင့် မိမိတွင် ခုခံအားကျဆင်းသည့်ရောဂါရှိပါက တီဘီဆေးသောက်သုံး၍ ကုသမှု ခံယူရမည်။ တီဘီဆေးကို ဆရာဝန် ညွှန်ကြားသည့် ပမာဏနှင့် အချိန်ကာလအတိုင်း ပြည့်မီအောင် သောက်သုံးရမည်။
  2. တီဘီ ‌ရောဂါပိုးပွားများပြီး မိမိ၌လက္ခဏာပြကာ၊ အခြားသူများသို့ ကူးစက်သည့် အဆင့် (Active TB)
    တီဘီဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း (၆)လ (သို့မဟုတ်) (၁၂)လ သောက်သုံးရနိုင်သည်။
  3. ဆေးယဉ်ပါး တီဘီရောဂါ (Drug-resistant TB)
    ဆေးယဉ်ပါးသည့် ဆေးပေါ် မူတည်၍ တခြားဆေးတစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပိုသော ဆေးများကို ကာလကြာရှည်စွာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်။

    လူအနည်းစုတွင် တီဘီဆေးသောက်သုံးလျှင် ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ –
    • ခြေလက်များ ထုံကျဉ်ခြင်း
    • ပျို့အန်ခြင်း
    • အစာစားချင်စိတ်မရှိခြင်း
    • အားနည်းခြင်း
    • ချမ်းတုန်ခြင်း
    • ခေါင်းကိုက်ခြင်း
    • အဆစ်အမြစ် ကိုက်ခဲခြင်း
    • မျက်လုံး နာခြင်း၊ အမြင် ဝေဝါးခြင်း
    • အရေပြား အနီပြင်ထခြင်း
    • အသားဝါခြင်း
    • ဆီး အနီရောင် (သို့မဟုတ်) လိမ္မော်ရောင်ပြောင်းခြင်း စသည့် တီဘီဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။ တီဘီဆေးသောက်နေချိန် ဆေးမတည့်သည် သို့မဟုတ် ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာသည်ဟု ခံစားရပါက၊ အထူးသဖြင့် အနီစက်၊ အနီပြင်များ ပေါ်လာခြင်း၊ အသားဝါခြင်းတို့ရှိပါက မိမိ၏ မိသားစုဆရာဝန်ထံ အမြန်ဆုံး ဆက်သွယ် ဆွေးနွေးသင့်သည်။
ကာကွယ်ခြင်း
  1. လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးခြင်း
  2. ချောင်းဆိုးလျှင် လက်ကိုင်ပဝါ (သို့မဟုတ်) တံ‌တောင်ဆစ်ဖြင့် ပါးစပ်ကို ဖုံးအုပ်ခြင်း
  3. လူစုလူဝေး များသောနေရာများကို ရှောင်ကြဉ်ခြင်း
  4. တီဘီရောဂါ အဖြစ်များသည့် နေရာဒေသကို ရှောင်ကြဉ်ခြင်း
  5. တီဘီရောဂါ ဖြစ်ပါက ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးများကို သောက်သုံးခြင်း
  6. မိမိတွင် Active TB ဖြစ်နေပါက တခြားသူများနှင့်ခွဲ၍ သီးခြားနေထိုင်ခြင်း
  7. တီဘီရောဂါ အဖြစ်များသည့် နိုင်ငံများတွင် (၁)နှစ်အောက် ကလေးငယ်များကို တီဘီရောဂါကာကွယ်ဆေး (BCG Vaccine) ထိုးနှံခြင်းဖြင့် တီဘီပိုးကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်းနှင့် ပြင်းထန်သော သွေးတီဘီရောဂါ (Miliary TB) ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်။

References:

  1. Tuberculosis – Symptoms & causes – Mayo Clinic. (2023). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/diseases-conditions/tuberculosis/symptoms-causes/syc-20351250
  2. Tuberculosis – Diagnosis & treatment – Mayo Clinic. (2023). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/diseases-conditions/tuberculosis/diagnosis-treatment/drc-20351256
  3. Tuberculosis. (2024). Cleveland Clinic. Retrieved July 6, 2024, from https://my.clevelandclinic.org/health/diseases/11301-tuberculosis
  4. Shaban, D. (2023). Tuberculosis (TB): Causes, Symptoms, Treatment. WebMD. Retrieved July 6, 2024, from https://www.webmd.com/lung/understanding-tuberculosis-basics

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.